DVB Logo
Home
Lead Story
ဆီရီယာလီယွန် ရေကြီး မြေပြို သဘာဝဘေးနဲ့ အဖြစ်ဆိုး
DVB
·
August 21, 2017
ဆီရီယာလီယွန် ရေကြီး မြေပြို သဘာဝဘေးနဲ့ အဖြစ်ဆိုး
Donate to DVB

 

ပြီးခဲ့တဲ့ တနင်္လာနေ့မနက် အရုဏ်တက်ချိန်မှာ အာဖရိကနိုင်ငံတခုဖြစ်တဲ့ ဆီရီယာလီယွန်နိုင်ငံရဲ့ မြို့တော် ဖရီးတောင်းမှာ ကြီးမားတဲ့မြေပြိုမှု၊ သဘာဝဘေးဒဏ်သင့်မှု ဖြစ်ပွားခဲ့လို့ လူပေါင်း ၅၀၀ နီးပါး သေဆုံးခဲ့ရပြီး အနည်းဆုံး ၆၀၀ ကျော် ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ သေဆုံးသူတွေရဲ့ လေးပုံတပုံလောက်ဟာ ကလေးသူငယ်တွေ ဖြစ်တယ်လို့လည်း သတင်းမီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။ အဲဒါဟာ ဒီမတိုင်ခင်ရက်တွေက မိုးသည်းသည်းထန်ထန် ရွာသွန်းခဲ့လို့ ဖြစ်ရတာလို့ သတင်းတွေအရ သိရပါတယ်။

မြို့တော်ရဲ့ မြေပြိုမှုဖြစ်ပွားခဲ့တဲ့ နေရာတွေမှာ သေဆုံးသူတွေရဲ့ အလောင်းတွေကို အမည်ဖော်စိစစ်မှုတွေ တတ်နိုင်သမျှ လုပ်နေဆဲမှာ ပြန့်ကြဲနေတဲ့ လူသေတွေကြောင့် ရောဂါဘယဖြစ်ပွားမယ့် အန္တရာယ်ဘေးကလည်း ရှိလာတဲ့အတွက် ဆီရီယာလီယွန်က ပြည်သူထူထုတွေဟာ သဘာဝဘေးသင့်ခံ သေဆုံးခဲ့ကြရသူတွေရဲ့ အလောင်းတွေကို မဆိုင်းမတွ မြှုပ်နှံဖို့ ကြိုးစားလုပ်ဆောင်ခဲ့ကြပါတယ်။ အစိုးရကလည်း သက်ဆိုင်ရာ မိသားဝင်တွေကို အလောင်းတွေကို လူသေတွေထားရာ အအေးခန်းကို ပို့ဆောင်ကြဖို့နဲ့ ကြာသပတေးနေ့နဲ့ သောကြာနေ့တွေမှာ အလောင်းတွေကို မြှုပ်နှံပေးကြဖို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။ ကူညီထောက်ပံရေး ဝန်ထမ်းတွေကလည်း ဝမ်းရောဂါလိုမျိုး ကူးစက်ရောဂါတချို့ဟာ နေပူထဲ ဟင်းလင်းပြင်မှာ ပြန့်ရှိနေသေးတဲ့ အလောင်းတွေကနေ ပြန့်ပွားဖြစ်လာနိုင်စရာ အန္တရာယ်ရှိတယ်လို့ သတိပေးပြောကြားခဲ့ကြပါတယ်။

ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်လိုက်တဲ့ ထုတ်ပြန်ကြေညာချက်တခုမှာ ဆီရီယာလီယွန် သမ္မတ အားနက်စ်ဘိုင်ကိုရိုးမားရဲ့ရုံးက သေဆုံးသူတွေရဲ့ ဆွေမျိုးသားချင်းတွေကို မြို့တော်ရဲ့ လူတွေကျပ်နေတဲ့ အလောင်းထား အအေးခန်းတွေကို သွားရောက်ကြဖို့ ဖိတ်ခေါ် ပြောကြားလိုက်ပါတယ်။ နောက် အမည်နာမ သတ်မှတ်ဖော်ထုတ်လို့မရတဲ့ အလောင်းတွေကိုလည်း လာမယ့်ရက်တွေမှာ ဂုဏ်သိက္ခာရှိရှိ သင်္ဂြိုဟ်ပေးပါမယ်လို့ ကတိပေး ပြောကြားခဲ့ပါတယ်။

အာဏာပိုင်တွေကလည်း လေအေးပေးစက် တာဝန်ရှိဌာနတွေကို အလောင်းတွေကို အအေးခန်းမှာထားဖို့နဲ့ လိုအပ်မယ့် ကာကွယ်ရေးဝတ်စုံတွေ၊ မျက်နှာဖုံးတွေ၊ ခါးအောက်ပိုင်း ကာကွယ်အဝတ်တွေနဲ့ တခါသုံးလက်အိတ်တွေ ဌာနတွေကို လိုအပ်ချက်ပြည့်မီအောင် ဖြည့်ဆည်းပေးဖို့ မေတ္တာရပ်ခံထားခဲ့ပါတယ်။

အရေးပေါ် ကက်သလစ် ကယ်တင်ရေးဝန်ဆောင်မှုအဖွဲ့ (စီအာအက်စ်) ရဲ့ တွဲဖက်ညှိနှိုင်းရေးမှူး မိစ်အီဒါလီယာ အမာဗားကတော့ “လူသေအအေးခန်းတွေက ခု ပြည့်ကျပ်နေပြီး လူထုကျန်းမာရေး အရေးပေါ်အခြေအနေတရပ် ဖြစ်လာနေပါပြီ” လို့ ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ သူက သူတို့ဟာ အလောင်းတွေကို ထုတ်ယူသွားဖို့ လိုအပ်နေတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

ကမ္ဘာ့ကြက်ခြေနီအဖွဲ့က တာဝန်ရှိ အရာရှိတွေကလည်း မိုးမုန်တိုင်းစပြီးဖြစ်ခဲ့တဲ့ ၄၈ နာရီအတွင်းမှာ ခန့်မှန်းခြေ လူပေါင်း အယောက် ၆၀၀ ကျော်လောက်က ပျောက်ဆုံးနေဆဲဖြစ်တယ်၊ အများစုဟာ အဲဒီအချိန်မှာ အိပ်ပျော်နေကြဆဲ ဖြစ်မယ်လို့ ဖော်ထုတ်ပြောဆိုခဲ့ပါတယ်။

စာဖတ်သူတွေ သိပြီးကြတဲ့အတိုင်း ဒီ ဆီရီယာလီယွန်ဆိုတဲ့ နိုင်ငံလေးဟာ ဒေသတွင်းမှာ ထောင်သောင်းချီတဲ့ပြည်သူတွေ သေဆုံးခဲ့ရတဲ့ အီဘိုလာရောဂါ ဖြစ်ပြီးခဲ့တဲ့နောက် ၂ နှစ်လောက်အတွင်း နောက်ထပ် သဘာဝဘေးအန္တရယ် ကျရောက်လို့ လူပေါင်း ထောင်နဲ့ချီပြီးလည်း အကူအညီ လိုအပ်နေတဲ့အတွက် နိုင်ငံတခုခုက အကူအညီပေးဖို့ မေတ္တာရပ်ခံ တောင်းပန်ပြောကြားခဲ့ရတဲ့ နိုင်ငံတခုပါ။

မိုးလေဝသ ခန့်မှန်းပြောဆိုချက်တခုက အနည်းဆုံး လာမယ့်အပတ်မှာလည်း မိုးရွာဖို့ အလားအလာ ရှိနေတယ်လို့ ခန့်မှန်းပြောဆိုထားတဲ့အတွက် နောက်မြေထပ်ပြိုနိုင်တဲ့ ခြမ်းခြောက်မှုတခုက ဖရီးတောင်းမြို့မှာ ကျန်ရှိနေဆဲပဲ ဖြစ်ပါတယ်။

ဖရီးတောင်းမြို့တော် သေမှုသေခင်းဆိုင်ရာ စုံစမ်းစစ်ဆေးရေး ဦးစီးအရာရှိ ဆီနေးဒမ်ဘူရာက လူသေအလောင်း ၂၉၅ လောင်းကို မြှုပ်နှံပေးဖို့ လုပ်ဆောင်နေဆဲဖြစ်ပြီး အဲဒီအလောင်းတွေကို ဖရီးတောင်းမြို့ပြင် ကီလိုမီတာ ၃၀ အကွာမှာရှိတဲ့ ဝါတာလူးက အီဘိုလာသင်္ချိုင်းကို သယ်ယူပေးထားခဲ့ပြီးဖြစ်တယ်လို့ ရိုက်တာသတင်းဌာနကို ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ သူက “မြေမြှုပ်ဖို့ကို အစိုးရက အကြံပေးထားတဲ့အတိုင်း မနက်ဖြန်အထိ မစောင့်နိုင်ပါဘူး။ ဘာလို့ဆိုတော့ အလောင်းအများစုက ပုပ်လာနေလို့ပါပဲ။ မြေမြှုပ်တဲ့အလုပ်ကို ညဘက်ရောက်တဲ့အထိ ကျနော်တို့ ဆက်လုပ်သွားမှာပါ” လို့ ဖြေကြားခဲ့ပါတယ်။

သူ့အဆိုအရတော့ ပျောက်ဆုံးနေသူ ၆၀၀ ကျော်ကို ဆက်ပြီး ရှာဖွေရေး လုပ်နေဆဲဖြစ်တဲ့အတွက် သေဆုံးသူ အရေအတွက်ဟာ မြင့်မားလာနိုင်သေးတယ်လို့ ပြောရမှာပါပဲ။

ကယ်ဆယ်ရေးအဖွဲ့တွေကလည်း တန်နဲ့ချီနေတဲ့ အပျက်အစီးပုံတွေကြားက ခန္ဓာကိုယ်တွေကို ဆွဲထုတ်တဲ့အလုပ်ကို စေတနာ့ဝန်ထမ်းတွေရဲ့ အကူအညီနဲ့ ပေါက်ချွန်းတွေနဲ့ တူးထုတ်နေကြဆဲဖြစ်ပါတယ်။ တခါတလေတော့ လက်ချည်းသက်သက်နဲ့ ဆွဲထုတ်ကယ်ဆယ်ရတာတွေလည်း ရှိပါတယ်။ ဆီရီယာလီယွန်က ဒီ ချောက်ချားစရာ သေကျေပျက်စီးခဲ့တဲ့ မြေပြိုမှုအတွက် အရေးပေါ် အကူအညီပေးကြဖို့ မေတ္တာရပ်ခံထားခဲ့ပေမယ့် ကယ်ဆယ်ကူညီရေး လုပ်ငန်းတွေကိုတော့ ချက်ချင်း အလျှင်အမြန် လုပ်ဆောင်လို့ မရနိုင်ခဲ့ပါဘူး။

စီအာအက်စ်အဖွဲ့က အမာဗာက “လူတွေက သူတို့ချစ်ခင်ရသူတွေဆီက သူတို့တွေ အဆောက်အဦတွေထဲမှာ ပိတ်မိနေတယ်၊ သူတို့ကို တယောက်ယောက်က လာကယ်ပါလို့ ပြောတဲ့ စကားလုံး သတင်းပို့ချက်တွေကို ဆက်ပြီး လက်ခံရရှိနေသေးတယ်လို့ ပြောပါတယ်။ သတင်းဖော်ပြချက်တွေက ဓာတ်ပုံတွေမှာတော့ နှာခေါင်းစည်းတွေ စည်းထားပြီး ငိုရှိုက်နေကြတဲ့ ပျောက်ဆုံး၊ သေဆုံးသူတွေရဲ့ ဆွေမျိုးသားချင်းတွေဟာ အလောင်းတွေထားတဲ့ အအေးတိုက်ရဲ့ ပတ်ဝန်းကျင် မြေကြီးပေါ်မှာ ချထားတဲ့ အလောင်းတွေပေါ်ကို အုပ်ထားတဲ့ အဖုံးစကြီးတွေကို လှန်လှောပြီး ရှာဖွေနေကြတာတွေကို တွေ့မြင်ရပြီး အတော်ကြီး ဝမ်းနည်းကြေကွဲဖို့ ကောင်းပါတယ်။

ဆီရီယာလီယွန်သမ္မတ ကိုရိုးမားဟာလည်း အဆိုးဆုံး မြေပြိုဒဏ်ခံခဲ့ရတဲ့ မြို့တော် ဖရီးတောင်းက လမ်းမ်လေကို လာရောက်ကြည့်ရှုခဲ့ပါတယ်။

စီအာအက်စ်အဖွဲ့နဲ့တွဲပြီး လုပ်ဆောင်ပေးနေတဲ့ စိတ်အနာဒဏ်ရာ ကူညီပံ့ပိုးမှု ကျွမ်းကျင်သူတဦးဖြစ်တဲ့ မူဆာခယ်လွန်ကတော့ ကြီးမားတဲ့ အပျက်အစီးနဲ့ ပတ်သက်ပြီး ဖရီးတောင်း ဆင်ခြေဖုံးက ကာမယာမရပ်ကွက်ကို သူရောက်ခဲ့တုန်းက တွေ့ကြုံခဲ့ရတဲ့ အကြောင်းတွေကို အယ်လ်ဂျာဇီးယား သတင်းဌာနကို ပြောပြ မျှဝေပေးခဲ့ပါတယ်။

“ဒီကနေ့ ကျနော်နဲ့ စကားပြောခဲ့ရတဲ့ လူအများစုကတော့ သူတို့မိသားစုတွေထဲမှာ ထီးတည်းကျန်နေခဲ့ကြတဲ့ မိသားစုဝင်တွေချည်းပါပဲ။ လူတွေဟာ စိတ်ဒဏ်ရာ အကြီးအကျယ် ရနေကြပါတယ်။ ကျနော်နဲ့ စကားပြောခဲ့ရတဲ့ အမျိုးသမီးတယောက်ဆိုရင် အီဘိုလာ ရောဂါကပ်ဘေးတုန်းက မိသားစုတစုလုံးနီးပါး ဆုံးရှုံးခဲ့သူပါ။ ခု ရေကြီးမြေပြို ဖြစ်ရပ်မှာလည်း သူ့ရဲ့ တဦးတည်း အသက်ရှင်ကျန်ရစ်သူ သမီးကို ဆုံးရှုံးခဲ့ရပြန်တယ်လေ” လို့ သူက ပြန်ပြောပြခဲ့ပါတယ်။

ခယ်လွန်နဲ့ အမာဗာ နှစ်ယောက်လုံးကတော့ ဆင်းရဲမွဲတေမှုနဲ့ တလိပ်လိပ် တက်နေတဲ့ စိတ်ဒဏ်ရာတွေဟာ ဆီရီယာလီယွန်မှာ ၁၉၉၁ ခုနှစ်ကနေ ၂၀၀၁ ခုနှစ်အထိ ဖြစ်ခဲ့တဲ့ ပြည်တွင်းစစ်ရဲ့ ရိုက်ခတ်ဖိစီးမှုတွေကို ခံခဲ့ရသလို ၂၀၁၄ ခုနှစ်မှာ အီဘိုလာရောဂါကပ် ကျရောက်တာ၊ ခု ရေကြီးမြေပြိုလို့ အကြီးအကျယ် ပျက်စီးဆုံးရှုံးမှုတွေကို ခံစားခဲ့ရတဲ့အတွက် ပြည်သူလူထုရဲ့ အားအင်နဲ့ ရုန်းကန်ခံနိုင်စွမ်းအားတွေကတော့ ဒီကြေကွဲစရာအဖြစ်မှာ သေးငယ်တဲ့ အလင်းရောင်ကလေးလောက်ပဲ ဖြစ်နေခဲ့ပြီဆိုတာကို အလေးအနက် ပြောဆိုခဲ့ပါတယ်။ အလွယ်တကူပြောရရင် ဒီလောက်ကံဆိုးတဲ့နိုင်ငံလည်း ရှိနေခဲ့တာပါလားလို့ မှတ်ချက်ချရတော့မှာပါပဲ။

အမာဗာကတော့ “သူတို့ ဘာကိုယုံကြည်တယ်ဆိုတာကို ဘေးဖယ်ပြီး မွတ်ဆလင်နဲ့ ခရစ်ယာန်တွေဟာ ရွှံ့နွံတွေထဲမှာ နစ်မြုပ်နေသူတွေကို ကယ်ထုတ်ဖို့ အတူတူလာခဲ့ကြပါတယ်။ အပြင်းထန်ဆုံး ခံစားခဲ့ရသူတွေကို အဝတ်အစားတွေနဲ့ နေထိုင်စရာတွေ ပေးအပ်ခဲ့ကြပါတယ်။ အထူးသဖြင့် ကလေးသူငယ်တွေနဲ့ အမျိုးသမီးတွေကို သူတို့ အလေးပေး ကူညီခဲ့ကြပါတယ်။ သူတို့ဟာ အားကောင်းခိုင်မာသလို နှိမ့်ချဆက်ဆံတတ်ကြပါတယ်” လို့ ချီးကျူးပြောဆိုခဲ့ပါတယ်။

တကယ်တော့ ဆီရီယာလီယွန်နိုင်ငံကလေးဟာ လူဦးရေ ၆ သန်း ၉ သောင်းကျော်ပဲ ရှိပြီး စီးပွားရေးအရလည်း အမျိုးသား အသားတင်ထုတ်လုပ်မှုတန်ဖိုးက အမေရိကန်ဒေါ်လာ ၄၉၂၉ ဒသမ ၂၁၄ သန်းပဲရှိတဲ့ နိုင်ငံငယ်လေး ဖြစ်ပါတယ်။

ဒီလိုနိုင်ငံငယ်လေးဟာ စီးပွားရေး၊ နိုင်ငံရေးနဲ့ ဆက်နွယ် ပညာရေး၊ လူမှုရေးကဏ္ဍတွေမှာ နိမ့်ကျအားနည်းခဲ့သလို ကမ္ဘာ့ အကြွယ်ဝဆုံးနိုင်ငံကြီးတွေက ဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်နေတဲ့ အားပေးကူညီ ထောက်ပံ့မှုနဲ့ အကာအကွယ်ပေးမှုတွေကို လိုအပ်နေဆဲဖြစ်တယ် ဆိုတာကတော့ သေချာလှပါတယ်။ ဒီကမ္ဘာလောကမှာ ဥစ္စာဓန အကျိုးစီးပွား ဖြစ်ထွန်းမှုတွေ မျှမျှတတရှိပါမှ………။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013