DVB Logo
Home
မြန်မာသတင်း
လိပ်ကျွန်းလူသတ်မှု နောက်ဆုံးအဆင့် အယူခံတင်သွင်း
DVB
·
August 21, 2017
လိပ်ကျွန်းလူသတ်မှု နောက်ဆုံးအဆင့် အယူခံတင်သွင်း
Donate to DVB

 

လိပ်ကျွန်းလူသတ်မှုနဲ့ သေဒဏ်အပြစ်ပေးခံထားရတဲ့ မြန်မာလူငယ် ၂ ဦး လွတ်မြောက်ရေးအတွက် ခိုင်မာတဲ့ အချက် ၁၇ ချက် ပါဝင်တဲ့ စာမျက်နှာပေါင်း ၂၀၀ ကျော်ရှိတဲ့ နောက်ဆုံးအယူခံလွှာကို ရှေ့နေတွေက ဒီကနေ့  ကော်စမွီခရိုင်တရားရုံးကို တင်သွင်းခဲ့ပါတယ်။

ထိုင်းတောင်ပိုင်း စူရတ်ဌာနီခရိုင် လိပ်ကျွန်းခေါ် ခိုတောင်ကျွန်းမှာ လွန်ခဲ့တဲ့ ၃ နှစ်က ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတာနဲ့ ပတ်သက်ပြီး သေဒဏ်အပြစ်ပေးခံထားရတဲ့ မြန်မာလူငယ် ၂ ဦး လွတ်မြောက်ရေးအတွက် လူ့အခွင့်အရေးဆိုင်ရာ ထိုင်းရှေ့နေများကောင်စီဝင် ထိုင်းရှေ့နေ ၂ ဦးက ဒီကနေ့မနက်ပိုင်းမှာ တရားရုံးကို သွားရောက်တင်သွင်းခဲ့တာလို့ မြန်မာလူငယ် ၂ ဦးဘက်က လိုက်လံဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးအောင်မျိုးသန့်က ဒီဗွီဘီကို ပြောပါတယ်။

“ထိုင်းရှေ့နေများကောင်စီက ရှေ့နေအမျိုးသမီး ၂ ဦး သွားတင်ခဲ့ပါတယ်။ မြန်မာဘက်ကတော့ မသွားပါဘူး။ ဒါပေမယ့် ကျနော်တို့ မြန်မာသံအမတ်ကြီးနဲ့ ထိုင်းရှေ့နေများကောင်စီက ဒီအကြောင်းအရာ အချက်အလက်တွေအားလုံး တင်ပြပြီး နှစ်ဘက်နားလည်မှု ယူပြီးပါပြီ။  သူတို့တင်ခဲ့တဲ့ မိတ္တူကိုလည်း မြန်မာနိုင်ငံသံရုံးကို ပို့ပေးမယ်လို့ ပြောပါတယ်။ အယူခံလွှာက စာမျက်နှာပေါင်း ၂၀၀ ကျော်တယ်။ ကော်စမွီခရိုင်တရားရုံးကပဲ လက်ခံထားတယ်။ ဒါပြီးရင် အမိန့်က ၆ လလောက်ကြာမှာပါ။ ဒါမှမဟုတ် အများဆုံးဆို ၁ နှစ်လောက်ကြာနိုင်တယ်။ အဲဒီတော့မှ အမိန့်ချမှာပါ။”

စာမျက်နှာပေါင်း ၂၀၀ ကျော်တဲ့ အယူခံလွှာထဲမှာ အမှုမှကင်းလွတ်ဖို့ ခိုင်မာတဲ့ အချက်ပေါင်း ၁၇ ချက် တင်ပြထားကြောင်း၊ အဲဒီထဲမှာ တရားလိုဘက်ကထွက်ဆိုတဲ့ သေဆုံးသူ ဒေးဗစ်ရဲ့  iPhone 4 အချက်အလက်တွေကို အင်္ဂလန်နိုင်ငံကပေးတယ်လို့ တရားလိုဘက်ကပြောပေမယ့် အမှန်မှာ မိသားစုထံကသာ ရရှိခြင်းသာဖြစ်တယ်လို့ဆိုပါတယ်။

ဒါ့အပြင် လူသတ်ရာမှာ အသုံးပြုတဲ့ ပေါက်တူးမှာ တွေ့ရတဲ့ ဒီအန်အေဟာ လူငယ် ၂ ဦးရဲ့ ဒီအန်အေမဟုတ်သလို လူငယ် ၂ ဦး ဘီယာထိုင်သောက်တဲ့ နေရာနဲ့ မီတာ ၆၀ အကွာ မှာရှိပြီး ပေါက်တူးကို ဘယ်သူက လာထားသလဲဆိုတဲ့ စီစီကင်မရာ အထောက်အထား မရှိကြောင်း၊ သေဆုံးသူအမျိုးသမီးကိုယ်မှ ဒီအန်အေရောထွေးမှု အစရှိတဲ့ ယုတ္တိမတန်တဲ့ အချက်အလက်တွေပါ ပြန်ပြီးထောက်ပြထားတယ်လို့  သူက ဆက်ပြောပါတယ်။

ဒီတခါ အယူခံတင်တာကတော့ ဥပဒေအရ ပြောပိုင်ခွင့်၊ ဆိုပိုင်ခွင့်၊ တောင်းဆိုပိုင်ခွင့် နောက်ဆုံး အဆင့်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံမှာ ဥပဒေဆိုတာ တခုဘဲရှိတဲ့အတွက် ထိုင်းနိုင်ငံထဲက အမှုတွေမှာ ဘယ်နိုင်ငံသားမဆို ဥပဒေပါအခွင့်အရေးအတိုင်း ခံစားခွင့်ရှိမယ်လို့ ယုံကြည်ကြောင်း၊ ဒါကြောင့် အပြစ်ကင်းစင်တဲ့  မြန်မာလူငယ် ၂ ဦးဟာ ဒီအမှုကနေ ကင်းလွတ်သွားမယ်လို့ ယုံကြည်ကြောင်း ဦးအောင်မျိုးသန့်က ပြောပါတယ်။

မြန်မာလူငယ် ၂ ဦးဖြစ်တဲ့ ဇော်လင်းနဲ့ ဝင်းဇော်ထွန်းတို့ ၂ ဦးဟာ လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ် အောက်တိုဘာလဆန်းကတည်းက အဖမ်းခံရပြီး ၂၀၁၅ ဒီဇင်ဘာလမှာ သေဒဏ်စီ ရင်ခံခဲ့ရကာ လောလောဆယ် နွန်ထပူရီခရိုင် ဘန်ခွမ်အကျဉ်းထောင်မှာ အကျဉ်းကျခံနေရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013