
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ပေါ်မှာ သြဂုတ် ၂၀ ရက်နေ့က စတင်ပြီး ကြက်သားဈေးနှုန်းတွေ လျှော့ချရောင်းနေတယ်လို့ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် (မြင်းခြံခရိုင်) ဥက္ကဋ္ဌ ဒေါက်တာဝင်းနိုင်ဖုန်းက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက မြန်မာနိုင်ငံရှိ နေရာတချို့မှာ ကြက်ငှက်တုပ်ကွေး (H5N1) ရောဂါ စတင်တွေ့ရှိလာပြီး နောက်ပိုင်း ကြက်သား၊ ကြက်ဥကို စားသုံးမှု ကျဆင်းသွားတဲ့အတွက် အရောင်းအဝယ် ရပ်ဆိုင်းလုနီးပါး ကြုံတွေ့ခဲ့တဲ့အတွက် ကြက်သား ၁ ပိဿ ၂၅၀၀ ကျပ်နဲ့ ဈေးလျော့ရောင်းနေတာပါ။
မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် (မြင်းခြံခရိုင်) ဥက္ကဋ္ဌ ဒေါက်တာဝင်းနိုင်ဖုန်းက “H1N1 ရာသီတုပ်ကွေး လူအချင်းချင်း ကူးစက်နေချိန်မှာ ဇူလိုင်လ ၂၅ နေ့က ထားဝယ်က ကြက်ခြံတခုမှာ H5N1 ငှက်တုပ်ကွေး သွားတွေ့တယ်။ H1N1 ပိုးဟာ လူနဲ့ ဝက်မှာသာ ဖြစ်ပွားတတ်ပြီး ဘဲကလွဲလို့ ငှက်မျိုးနွယ်တွေမှာ မဖြစ်ပွားဘူး။ ဒါပေမယ့် H1N1 နဲ့ H5N1 တချိန်တည်းမှာ ဖြစ်ပွားတဲ့အတွက် လူတွေက အဲဒီရောဂါ ၂ မျိုး တသီးတခြားစီ ဖြစ်တာကို ရောထွေးနားလည်မှု လွဲတဲ့အတွက် ကြက်သား စားရင် H1N1 ဖြစ်မယ်တို့၊ H5N1 ကူးမယ်တို့၊ H1N1 နဲ့ H5N1 ပေါင်းသွားရင် လူတွေအတွက် အန္တရာယ်ကြီးတဲ့ ကပ်ရောဂါ ဖြစ်သွားနိုင်တယ်လို့ သတင်းအမှားတွေ လူမှုကွန်ရက်မှာ ပျံနှံ့သွားတော့ ကြက်သား စားသုံးမှု လျော့ကျသွားတယ်။ အဲ့အတွက် ကြက်ခြံကနေ ဖမ်းတဲ့ဈေးက ၁ ပိဿာ ၃၅၀၀ ကနေ ၂၀၀၀ အောက် ကျသွားပေမယ့် လက်လီစားသုံးသူတွေ ဝယ်ယူရတဲ့ ဈေးနှုန်းက ၅၀၀၀ ကျော် ဝယ်နေရတဲ့အတွက် ကြက်သားဈေးနှုန်း လျော့ချရောင်းဖို့ ကြက်ခြံမွေးမြူရေးသမားတွေနဲ့ ကြက်သားရောင်းချသူတွေ ဇူလိုင်လ ၁၈ ရက်နေ့က မြင်းခြံခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ရုံးမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ကြက်သားဈေးနှုန်း လျှော့ချရောင်းနိုင်ဖို့ ညှိနှိုင်းခဲ့ကြတာပါ”လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၀၆ ခုနှစ်ကနေ ဒီနေ့အထိ ငှက်တုပ်ကွေး ၉ ကြိမ် ဖြစ်ပွားခဲ့ဖူးပြီး ကျိုင်းတုံမှာ အမျိုးသမီး ၁ ဦး ကူးစက်ခံခဲ့ရဖူးပြီး သေပျောက်မှု မရှိခဲ့သေးပါဘူး။
ဒေါက်တာဝင်းနိုင်ဖုန်းက “H1N1 လူ လူချင်းကူးတဲ့ တုပ်ကွေးသာ ကြောက်ရမှာပါ။ ကြက်ကို ကျက်အောင် ချက်စားရင် အန္တရာယ်မရှိနိုင်ပါဘူး။ မြန်မာလူမျိုးတွေရဲ့ အားသာချက်က အသား၊ ငါးတွေကို ကျက်အောင် ချက်ပြုတ်ပြီး စားသောက်ကြတာဟာ အလိုအလျောက် အကာအကွယ်ပေးပြီးသား ဖြစ်ပါတယ်” လို့ သူက ဆက်ပြောပါတယ်။
ကြက်သားရောင်းချသူတဦးက “ကြက်သားဈေးနှုန်းကို ချရောင်းလိုက်တော့ အရောင်းအဝယ် ပြန်ဖြစ်လာတာပေါ့။ ခုက စားသုံးသူတွေကလည်း အန္တရာယ်မရှိဘူးဆိုတာ လက်ခံလာကြပြီဆိုတော့ ကြက်သားက ခုတော့ ပြန်ရောင်းလာရပြီ” လို့ ပြောပါတယ်။
ကြက်ဥ ကြက်သား စားသုံးတာဟာ H1N1 ရာသီတုပ်ကွေးရောဂါနဲ့ ဆက်စပ်မှုမရှိကြောင်း အသိပညာပေးဟောပြောပွဲကို လာမယ့် သြဂုတ် ၂၈ ရက်နေ့မှာ မြင်းခြံမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး အစည်းအဝေးခန်းမမှာ ရပ်ကျေးအုပ်စု ၈၅ အုပ်စုက အုပ်ချုပ်ရေးမှူးတွေ ဌာနဆိုင်ရာတွေနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေကို ဖိတ်ကြားပြီး ဟောပြောပွဲတွေ ပြုလုပ်သွားမယ်လို့လည်း သိရပါတယ်။
လက်ရှိ လျှော့ချဈေး အကောင်လိုက်ဈေးနှုန်းကတော့ ၁ ပိဿာ ၂၅၀၀ ကျပ်၊ အူကလီစာ နုတ်ပြီး ၂၈၀၀ ကျပ်၊ အူကလီစာ လည်ချောင်း ခြေထောက် မပါ ၃၅၀၀ ကျပ်တို့နဲ့ ရောင်းချနေပြီး သြဂုတ်လ ၂၀ ရက်နေ့ကနေ ၂၆ ရက်နေ့အထိပဲ ရောင်းချသွားမယ်လို့ သိရပါတယ်။
သတင်း၊ ဓာတ်ပုံ - ရီရီထွန်း (မြင်းခြံ)











