DVB Logo
Home
မြန်မာသတင်း
ဘားအံမြို့ အကြင်နာမီးအိမ် ပညာဒါနဂေဟာ အ​ဆောင်​အခက်အခဲ ကြုံတွေ့နေ
DVB
·
August 20, 2017
ဘားအံမြို့ အကြင်နာမီးအိမ် ပညာဒါနဂေဟာ အ​ဆောင်​အခက်အခဲ ကြုံတွေ့နေ
Donate to DVB

ကရင်ပြည်နယ် ဘားအံမြို့ အမှတ်(၄)ရပ်ကွက်တွင် အကြင်နာမီးအိမ် ပညာဒါနဂေဟာ ဖွင့်လှစ်ပြီး ကျောင်းအိပ်၊ကျောင်းစား အခမဲ့ပညာ သင်ကြားပေးလျက်ရှိရာမှာ ကျောင်းသား ကျောင်းသူ ဦးရေ တိုးလာတဲ့အတွက် နေထိုင်ရေး အဆောင်အခက်အခဲနဲ့ ရင်ဆိုင်နေရတယ်လို့ ဦးစောကျော်နိုင်ဦး(စီမံခန့်ခွဲရေး တာဝန်ခံ) က သြဂုတ် ၁၉ ရက်က ပြောပါတယ်။

“ကျနော်တို့ ဂေဟာမှာ နှစ်စဉ် ကျောင်းသားကျောင်းသူ ဦးရေတိုးလာတယ်။ ပညာဆက်လက်သင်ကြားဖို့ ခက်ခဲနေတဲ့ ကလေးတွေ နယ်မြေတာဝန်ခံတွေဆီကနေ ကျနော်တို့နဲ့ ချိတ်ဆက်ပြီး ဂေဟာမှာ လာရောက်ကျောင်းတက်နေ့ကျတာပါ။ ကလေးတွေကို ပိုပြီး လက်ခံပေးချင်တယ်။ ဒါပေမယ့် သူတို့ နေဖို့အတွက် အိပ်ဆောင်တွေက အခက်အခဲရှိတယ်။ ဒုတိယက စားသောက်ရေးကလည်း အခက်အခဲတွေရှိတယ်။ အလှူရှင်တွေကိုပဲ မျှော်လင့်နေရတယ်။ နှစ်စဉ် တနှစ်စာ အလှူရှင်တွေတော့ သူဟာနဲ့သူတော့ ရှိတယ်။ အဓိက က ကလေးတွေ နေထိုင်ဖို့ နေရာထိုင်ခင်းပဲ အလှူရှင်တွေပေါ်လာရင် အခက်အခဲတွေ အဆင်ပြေသွားမှာပါ” လို့ ပြောပါတယ်။

ကရင်ပြည်နယ်အတွင်းမှာရှိတဲ့ မိဘမဲ့၊ မဝေးလံခေါင်ပါးဒေသက မရှိနွမ်းပါးအပြင် အထက်တန်းပညာရေးကို တက်ရောက်ဖို့ ကျောင်းမရှိတဲ့အတွက် ပညာဆက်လက်ဆည်းပူးဖို့ ခက်ခဲနေသူတွေ၊ အခက်အခဲအမျိုးမျိုးကြောင့် ပညာဆက်လက်သင်ယူဖို့ ခက်ခဲနေသူတွေကို ပညာရေးလမ်းစ မပျောက်သွားအောင် အဓိကရည်ရွယ်ပြီး ဖွင့်လှစ်ခဲ့တာလို့ သိရပါတယ်။

အခုနှစ် ပညာသင်နှစ်မှာ တက္ကသိုလ်တက်ရောက် သင်ကြားနေတဲ့ ကျောင်းသား ကျောင်းသူ ၁၅ ဦး၊ တက္ကသိုလ်ဝင်စာမေးပွဲအတွက် အပြင်ဖြေ ကျောင်းသားကျောင်းသူ ၁၉ ဦး၊ ကျောင်းတက်ရောက် သင်ကြားနေသူ ၈၉ ဦး၊ စုစုပေါင်း ၁၂၃ ဦးကို လက်ခံပညာသင်ကြားပေးနေပါတယ်။

စာသင်ချိန်ကို မနက် ၆ နာရီမှ ၈ နာရီ၊ ညနေ ၆ နာရီမှ ည ၁၀ နာရီအထိ ကျောင်းတက်ရောက်နေ့ချိန်မှအပ ဘာသာရပ်အလိုက် ဆရာ ဆရာမ ၁၉ ဦးက လုပ်အားဒါန အခမဲ့သင်ကြားပေးနေပြီး စတုတ္ထတန်းမှ တက္ကသိုလ် တက်ရောက်နေတဲ့ ကျောင်းသား ကျောင်းသူတွေကို သင်ကြားနေကြတာပါ။

အကြင်နာမီးအိမ် ပညာဒါနဂေဟာကို၂၀၁၂-၂၀၁၃ ပညာသင်နှစ်ကနေ စတင်ဖွင့်လှစ်ခဲ့ရာ ပညာသင်နှစ် ၅ နှစ်တာအထိ ကျောင်းသားကျောင်းသူ ၂၇၃ ဦးကို အခမဲ့ပညာသင်ကြာပေးနိုင်ခဲ့ပြီး တက္ကသိုလ်ဝင်စာမေးပွဲ ၀င်ရောက်ဖြေဆိုခဲ့သူ ၄၂ ဦးမှာ ၁၇ ဦး ဖြေဆိုအောင်မြင်ခဲ့တယ်လို့ သိရပါတယ်။

ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013