DVB Logo
Home
မြန်မာသတင်း
အချုပ်သားနှင့်လုယူသွားသူကို ဖမ်းဆီးရာမှ ဓားဖြင့်ပြန်ခုခံခံ၍ စခန်းမှူး ဒဏ်ရာရ
DVB
·
August 20, 2017
အချုပ်သားနှင့်လုယူသွားသူကို ဖမ်းဆီးရာမှ ဓားဖြင့်ပြန်ခုခံခံ၍ စခန်းမှူး ဒဏ်ရာရ
Donate to DVB

 

ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်က ပုဒ်မ ၃၂၆နဲ့ ဖမ်းဆီးတရားစွဲဆိုထားတဲ့ တရားခံကို ပဲခူးတရားရုံးမှ ချုပ်ရမန်ယူပြီး ပြန်လာစဉ် လမ်းမှာ ရဲတပ်ဖွဲ့ကို တိုက်ခိုက်ပြီး တရားခံကို ဆိုင်ကယ်နဲ့ လုယူကာ ထွက်ပြေးတိမ်းရှောင်နေသူတွေကို မနေ့က လိုက်လံဖမ်းဆီးရာမှ ရဲစခန်းမှူး ဒဏ်ရာရခဲ့ပါတယ်။

တရားခံတွေကို သြဂုတ် ၁၉ ရက်နေ့ နေ့လယ် ၁ နာရီ ၃၅ မိနစ်က ဝေါမြို့မဈေးအနီးမှား ဖမ်းဆီးရမိခဲ့တယ်လို့ ပဲခူးခရိုင်ရဲတပ်ဖွဲ့မှူး (ယာယီ) ရဲမှူး မောင်မောင်စိုးက ပြောပါတယ်။

“သြဂုတ် ၁၈ ရက်နေ့ ညနေ ၅ နာရီလောက်က တရားခံ ၀က်ပုတ်(ခ) အောင်ဖြိုးဝေ ရဲ့ အဒေါ်တော်စပ်သူ ဆိုရှယ်လစ် (၁၀)လမ်းက မပေါက်ပေါက်အိမ်မှာ တရားခံတွေရဲ့ အ၀တ်စားတွေကို လှမ်းထားတာ တွေ့တဲ့အတွက် စောင့်ကြည့်နေခဲ့တာပါ။ သြဂုတ် ၁၉ ရက်နေ့ မနက်က မပေါက်ပေါက်နဲ့ အမျိုးသမီးတဦးဟာ ၀တ်ကောင်းစားလှတွေ ၀တ်ပြီး စားစရာတွေထည့်ထားတဲ့ ခြင်းတခြင်းကို ဆွဲကာ လမ်းထိပ်ထွက် ကယ်ရီးငှားပြီး ထွက်သွားတဲ့အတွက် နောက်ယောင်ခံကြည့်ရာက ဝေါမြို့နယ်ဘက်ကို ထွက်သွားတယ်ဆိုတဲ့ သတင်းအရ အမှတ် (၂) စခန်းမှူးနဲ့အဖွဲ့ကို လိုက်ခိုင်းခဲ့ပါတယ်။ ဝေါမြို့နယ် ရဲတပ်ဖွဲ့နဲ့ ချိတ်ဆက်ကာ စောင့်ကြည့်နေစဉ် မပေါက်ပေါက်တို့ဟာ ကယ်ရီပေါ်ကဆင်းပြီး ဝေါမြို့မဈေးနားမှာ ပန်းသီးဝယ်နေစဉ် တရားခံ ၀က်ပုတ်တို့ ညီအကို ထွက်လာတဲ့အတွက် အဲဒီအချိန်မှာ ၀ိုင်းဖမ်းလိုက်တာပဲ”လို့ ပြောပါတယ်။

တရားခံ ၀က်ပုတ်တို့ ညီအကိုကို ၀င်ဖမ်းစဉ် ၀က်ပုတ်က ခါးကြားမှာ ပါလာတဲ့ ဓားရှည်နဲ့ ခုခံတဲ့အတွက် ပဲခူးမြို့နယ် အမှတ်(၂) နယ်မြေရဲစခန်းမှူး ရဲအုပ်ချစ်ကြည်ရဲ့ ၀ဲဘက်လက်မ အရိုးပြတ်ရှဒဏ်ရာ ရရှိသွားတဲ့အတွက် ပဲခူးဆေးရုံမှာ ဆေးကုသ ခံနေတယ်လို့ သိရပါတယ်။

ဖြစ်စဉ်မှာ ဇူလိုင် ၃၁ ရက် ညနေ ၃ နာရီ ၅၀ မိနစ်လောက်က ပုဒ်မ ၃၂၆ နဲ့ ဖမ်းဆီး အမှုဖွင့်ခံထားရတဲ့ ပဲခူးမြို့ မှော်ကန် (၂၁) လမ်း ပုဏ္ဏားစုရပ်ကွက်က အသက် ၂၁ အရွယ် တရားခံအောင်ဖြိုးဝေကို ပဲခူးမြို့နယ်တရားရုံးမှ ချုပ်ရမန်ယူပြီး အမှတ် ၂ ရဲစခန်းမှ ရဲဒုတပ်ကြပ် မြတ်ကိုကိုလှိုင် နဲ့ ရဲဒုတပ်ကြပ် ကျော်ဇင်လက် တို့အကြား လက်ထိတ်ခတ်ပြီး ဆိုင်ကယ်နဲ့ အမှတ် ၂ ရဲစခန်းကို ခေါ်ဆောင်လာစဉ် ကလျာဏီရပ်ကွက် အရှေ့မင်းလမ်းထိပ်အရောက်မှာ  ထက်အောင်လင်း (ခ) မိုးဒီက လုယူထွက်ပြေးသွားခဲ့တာ ဖြစ်ပါတယ်။

ထွက်ပြေးတရားခံ ၀က်ကလေး (ခ) အောင်ဖြိုးဝေ၊ ထက်အောင်လင်း (ခ) မိုးဒီ၊ မပေါက်ပေါက် (ခ) မနီလာဝင် နဲ့ သူနဲ့အတူပါလာတဲ့အမျိုးသမီးတို့ကို ဝေါမြို့မရဲစခန်းက (ပ) ၃၅၄/၂၀၁၇ ရာဇသက်ကြီးဥပဒေပုဒ်မ ၃၃၃ /၁၁၄ တို့နဲ့ ဖမ်းဆီးအမှုဖွင့်ထားပြီး တရားခံ အောင်ဖြိုးဝေ တို့ ညီအကိုနှစ်ယောက်ကိုတော့ ပဲခူးမြို့မရဲစခန်းကို ပို့ဆောင်လွှဲအပ် လိုက်တယ်လို့ သိရပါတယ်။

သတင်း - အောင်စိုးမိုး(ပဲခူး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013