DVB Logo
Home
မြန်မာသတင်း
စစ်ဘေးရှောင်များကို ကူညီရန်လာသည့်အဖွဲ့နှင့် ရဲတပ်ဖွဲ့ ပဋိပက္ခဖြစ်
DVB
·
August 19, 2017
စစ်ဘေးရှောင်များကို ကူညီရန်လာသည့်အဖွဲ့နှင့် ရဲတပ်ဖွဲ့ ပဋိပက္ခဖြစ်
Donate to DVB

စစ်ဘေးဒုက္ခသည်တွေကို ကူညီဖို့လာတဲ့ ဖားကန့်က လူမှုရေးအဖွဲ့နဲ့ ရဲတပ်ဖွဲ့ ပဋိပက္ခဖြစ်တာကြောင့် အမျိုးသမီးတစ်ယောက် ဆေးရုံတင်ခဲ့ရပြီး နှစ်ယောက် ဖမ်းဆီးခံလိုက် ရပါတယ်။

“ရဲတစ်ယောက်က ဆံပင်ဆွဲတယ်။ နောက်တစ်ယောက်က ကျောကိုကန်တယ်။ ဆေးရုံကို ပို့ထားရတယ်။ ကျနော်တို့နဲ့ ပါလာတဲ့ ကားမောင်းသူ နှစ်ယောက်ကိုတော့ ခုပဲ ဖမ်းလိုက်တယ်” လို့ ကချင်အမျိုးသား လူမှုဖွံ့ဖြိုးရေးအသင်းရဲ့ မြစ်ကြီးနားမြို့နယ်တာဝန်ခံ ဦးဇော်ဂျတ်က ပြောပါတယ်။

နမ္မတီးမြို့နယ်၊ ကဆုန့်ဒေသမှာ မကြာသေးခင်က  မြန်မာ့တပ်မတော်နဲ့ ကေအိုင်အေတို့ တိုက်ပွဲဖြစ်ခဲ့တာကြောင့် လူတစ်ထောင်ကျော် ထွက်ပြေးလာရပြီး အကူအညီလိုအပ်နေတာပါ။

သူတို့ကို ကူညီဖို့ ဖားကန့်မြို့က ကချင်အမျိုးသား လူမှုဖွံ့ဖြိုးရေးအသင်း (myu sha zin lum) သွားနေတုန်းမှာ မနေ့က ကားမိုင်းမြို့နားမှာ စစ်တပ်က တားဆီးခဲ့ပါတယ်။

အဲဒီနောက် ပါလာတဲ့ လူနဲ့ ကားတွေကို စစ်ဆေးပြီး လိုင်စင်မဲ့ ကားလေးစီးကို ကားမိုင်းရဲစခန်းမှာ ဖမ်းဆီးလိုက်တာပါ။

“ကျနော်တို့က ကားတွေကို အပ်မယ်။ ယာဉ်မောင်း ၄ ယောက်ကိုတော့ အာမခံပေးပါလို့ ပြောထားတယ်။ ခုတော့ ၂ ယောက်ကို ဖမ်းသွားပြီပေါ့။ တကယ်တော့ ကျနော်တို့ဆီမှာ လိုင်စင်မဲ့ ကား ဆိုတာက ဆန်းတာမှ မဟုတ်တာ” လို့ ဦးဇော်ဂျတ်က ပြောပါတယ်။

ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီး ထွန်းဦးကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာ “ပြဿနာဖြစ်တာ မရှိပါဘူး။ သူတို့က ကားနဲ့ ကျနော်တို့ကြားမှာ မိန်းမနဲ့ ကလေးတွေနဲ့ ပိတ်ဆို့ထားတော့ ကားတွေကိုတောင် မသိမ်းရသေးပါဘူး။ ကျနော်တို့ဘက်က အစွမ်းကုန် လိုက်လျောပေးထားတာပါ။ သူတို့ ခရီးစဉ် မနှောင့်နှေးအောင်လည်း လုပ်ပေးထားပါတယ်။ လိုင်စင်မဲ့ကားတွေကို ထားခဲ့ပြီး အဲဒီက ပစ္စည်းတွေကိုလည်း တခြားကားတွေနဲ့တင်ပြီး ဆက်သွားဖို့ ကူညီပေးထားပါတယ်။ သူတို့က လိုင်စင်မဲ့ကားတွေရော၊ လူတွေရောပါမှ သွားမယ်ဆိုပြီး ပြောနေတာပါ။ ဒီနေ့မှာတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဝတ္တရားနှောင့်ယှက်တဲ့ တယောက်ကို ဖမ်းထားပါတယ်။ ဒီစခန်းမှာ ရဲအင်အား နည်းတာကြောင့် တခြားစခန်းတွေက အင်အားတွေ ဖြည့်ပေးထားပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် လိုင်စင်မဲ့ကား ဖမ်းတာဟာ ဒီအဖွဲ့ကိုမှ ရွေးဖမ်းတာ မဟုတ်ပဲ ဒီကားတွေ ဖမ်းတဲ့ရက်မှာပဲ လိုင်စင်မဲ့ကား ဖမ်းတာ ၃ မှုရှိတယ်လို့လည်း သူက ဆက်ပြောပါတယ်။

ကူညီဖို့လာတဲ့အဖွဲ့ဟာ လက်ရှိမှာ စစ်ဘေးရှောင်တွေဆီကို သွားလို့မရသေးပဲ ရှိနေပြီး ကချင်ပြည်နယ် ဝန်ကြီးချုပ်နဲ့ တွေ့ဆုံခွင့်ရဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

ဒီကား ၈ စီးပေါ်မှာ စစ်ဘေးရှောင်ပြည်သူတွေအတွက် ဆပ်ပြာ၊ အဝတ်အထည်တွေနဲ့ ဖားကန့်ကလှူလိုက်တဲ့ ပစ္စည်းတွေပါလာတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013