DVB Logo
Home
မြန်မာသတင်း
တောင်ကျချောင်းရေကြောင့် တာချီလိတ်တွင် အိမ်ထောင်စု ၅၀၀ ကျော် ရေဘေးသင့်
DVB
·
August 19, 2017
တောင်ကျချောင်းရေကြောင့် တာချီလိတ်တွင် အိမ်ထောင်စု ၅၀၀ ကျော် ရေဘေးသင့်
Donate to DVB

တောင်ကျချောင်းရေ၀င်ရောက်တဲ့အတွက် သြဂုတ် ၁၈ ရက်က တာချီလိတ်မြို့ပေါ်က ရပ်ကွက်အချို့မှာ ရေ၀င်ရောက်ခဲ့ပြီး အိမ်ထောင်စု ၅၀၀ ကျော် ရေဘေးသင့်ခဲ့ပါတယ်။

တာချီလိတ်မြို့နယ်နဲ့ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကို ပိုင်းခြားထားတဲ့ မယ်ဆိုင်ချောင်းရေဟာ တောင်ပေါ်မှာ မိုးအကြီးအကျယ်ရွာခဲ့လို့ မနက် ၅ နာရီကျော်လောက်ကစပြီး ရေတဖြည်းဖြည်းတက်ခဲ့ပြီး ပုန်းထွန်ရပ်ကွက်နဲ့ တာလော့ရပ်ကွက်တွေက နေအိမ်တွေနဲ့ ဈေးဆိုင်တွေထဲ ၀င်ရောက်ခဲ့တာဖြစ်ပါတယ်။

မဲခေါင်မြစ်ရေဟာ စိုးရိမ်ရေမှတ်ကို ရောက်ရှိနေပြီး မယ်ဆိုင်ချောင်းစီးဆင်းမှုကို အဟန့်အတား ဖြစ်ခဲ့တာကြောင့် တာချီလိတ်မြို့ပေါ်ရပ်ကွက်တွေထဲ ရေ၀င်ရောက်ခဲ့တာလို့ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးက  ဦးတင်ဝင်းရွှေက ပြောပါတယ်။

မယ်ဆိုင်ချောင်းရေဟာ ချစ်ကြည်ရေးတံတား(၁)ရဲ့ တံတားအောက်ဘောင်ကိုရောက်ဖို့  ၄ ပေသာသာပဲ လိုတော့တာဖြစ်ပြီး တာချီလိတ်ခရိုင် လူဝင်မှုကြီးကြပ်ရေးရုံးနဲ့ တံတားကူး လက်မှတ်ထုတ်ပေးတဲ့ အခန်းတွေ အကုန်လုံး ရေ၀င်ရောက်ခဲ့တာဖြစ်ပါတယ်။

ရေဘေးသင့်တဲ့ ဒေသခံ ပြည်သူတွေကို ပစ္စည်းတွေသယ်ယူဖို့နဲ့ ကူညီကယ်ဆယ်ဖို့ လူမှုရေးအဖွဲ့အစည်းတွေနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ တပ်မတော်သားတွေ စုပေါင်းပြီး ကူညီမှုတွေပေးနေပါတယ်၊ မြို့ပေါ် စေတနာရှင်တွေကလည်း သောက်ရေသန့်ဘူးနဲ့ အစားအစာတွေ ဝေငှပေးနေပါတယ်။

ရေချောင်းနဲ့ အနီးဆုံးဖြစ်ပြီး အနိုမ့်ပိုင်းဖြစ်တဲ့ တာလော့ရပ်ကွက်နဲ့ ပုန်းထွန်ရပ်ကွက်က နေအိမ်တွေ ထိခိုက်မှုအဖြစ်ဆုံးဖြစ်ပြီး အိမ်ခြေ ၅၀၀ ကျော်လောက် ထိခိုက်မှုရှိနိုင်တယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်က ပြောပါတယ်။

တာချီလိတ်မြို့ဟာ နှစ်စဉ်ပုံမှန် မယ်ဆိုင်ချောင်းရေလျှံပြီး မြို့ပေါ်ရပ်ကွက်အချို့ ရေဘေးသင့်လေ့ရှိပြီး အခုနှစ်ကတော့ အရင်နှစ်တွေထက် ပိုမိုဆိုးဆိုးရွားရွား ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ချောင်းရေဟာ တဖြည်းဖြည်းတက်လာလို့ ပစ္စည်းတွေကို အမြင့်ပိုင်းရွှေ့ပြောင်းလိုက်ရတဲ့အတွက် ထိခိုက်ပျက်စီးမှုတော့ နည်းပါးတယ်လို့လည်း သိရပါတယ်။

ဆန်ဆိုင်းရပ်ကွက်ထဲက အခြေခံပညာ အထက်တန်းကျောင်းထဲ ရေ၀င်ရောက်တဲ့အတွက် ကျောင်းသား မိဘတွေဟာ ကလေးတွေကို စိုးရိမ်ပြီး လာရောက်ပြန်လည် ခေါ်ဆောင်သွားပြီး မိန်းလမ်းမအပေါ် ရေ၀င်ရောက်ခဲ့တဲ့အတွက် ယာဉ်ကြောပိတ်ဆိုမှုတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။

လူမှုကယ်ဆယ်ရေးနဲ့ ပြည်သူတွေကို ကူညီဖို့ တပ်မတော်သား ၃၀၀ လောက်ပါတဲ့ တပ်ရင်းတရင်းကို မြို့တွင်း ကယ်ဆယ်ရေးအတွက် တာဝန်ချထားတယ်လို့ တာချီလိတ် အခြေချ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်မင်းဦးက ပြောပါတယ်။

မယ်ဆိုင်ချောင်းရေ ၀င်ရောက်တာကြောင့် တာချီလိတ်မြို့ပေါ် ရပ်ကွက်တွေအပြင် မယ်ဆိုင်မြို့က ရပ်ကွက်တွေထဲက နေအိမ်တွေထဲလည်း ရေ၀င်ရောက်မှုတွေရှိတယ်လို့ သိရပြီး ရေဘေးသင့်အခြေအနေတွေကို နှစ်နိုင်ငံ တာဝန်ရှိသူတွေ တွေ့ဆုံပြီး ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။ မိုးလင်းကတည်းက ၀င်ရောက်ခဲ့တဲ့ရေဟာ ညနေအထိ ကျဆင်းခြင်းမရှိသေးဘဲ မိုးထပ်မံရွာပါက ထပ်ပြီးရေကြီးနိုင်တဲ့အတွက် ဒေသခံတွေလည်း စိုးရိမ်မှုတွေရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013