
မန္တလေးတိုင်းဒေသကြီး သာစည်မြို့ အမှတ် ၇ ရပ်ကွက် ရွှေစည်ပရဟိတကျောင်းရှိ ကျောင်းသားတွေကို စပိန်နိုင်ငံ Lapices y Colores အဖွဲ့က စက်ဘီး ၄၇ စီး သြဂုတ် ၁၈ ရက်မှာ လှူဒါန်းခဲ့ပါတယ်။
မွန်းလိုက်မိုတယ် ကိုမျိုးထွန်းက "အဲဒီအဖွဲ့တွေ ညကရောက်လာတယ်။ ဒီနေ့မနက် ရောက်တော့ ကျနော့်ကို လာမေးတယ်၊ သာစည်မြို့မှာ ပရဟိတကျောင်းရှိလားတဲ့ ရှိတယ်ဆိုပြီး လိုက်ပို့လိုက်တယ်" လို့ ပြောပါတယ်။
ပရဟိတ ကိုထွန်းလင်းက "အဲဒီအဖွဲ့ စည်းစနစ်ကျတယ်ဗျ။ သူတို့မှတ်တမ်းထဲ ပြန်ကြည့်ပြီး ဝယ်တာ၊ စက်ဘီး ၁ စီး ၄၃၀၀၀ ထောင် ပေးရတယ်။ ကျောင်းသား အားလုံး ၄၇ ယောက်ရှိတယ်၊ အကုန်ဝယ်ပေးပြီး စက်ဘီးစီး သင်ပေးတယ်၊ မှတ်တမ်းဓာတ်ပုံရိုက်တယ်၊ သူတို့ပေ့ခ်ျထဲမှာ စစ်ဘေးရှောင်ကလေးတွေကို လှူတာလည်း တွေ့တယ်" လို့ ပြောပါတယ်။
ရွှေစည်ပရဟိတမူလတန်းကျောင်းဟာ အမှတ် ၂ အထက်တန်းကျောင်း လက်အောက်ခံကျောင်းဖြစ်ပြီး ဆရာ ၃ ယောက်နဲ့ ကျောင်းသားကျောင်းသူ ၄၀ ရှိပါတယ်။
သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)











