DVB Logo
Home
ငြိမ်းချမ်းရေး/စစ်ရေး
ငြိမ်းချမ်းရေးရဖို့နဲ့ အများပြည်သူချစ်တဲ့ တပ်မတော် ဖြစ်လာစေဖို့ တခုတည်းသော နည်းလမ်း
DVB
·
August 19, 2017
ငြိမ်းချမ်းရေးရဖို့နဲ့ အများပြည်သူချစ်တဲ့ တပ်မတော် ဖြစ်လာစေဖို့ တခုတည်းသော နည်းလမ်း
Donate to DVB

ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက နေပြည်တော်မှာ သြဂုတ် ၁၁ ရက်ကနေ ၁၃ ရက်အထိ သုံးရက်ကြာ ပြုလုပ်ခဲ့တဲ့ မြန်မာ့ဒီမိုကရေစီ ကူးပြောင်းမှုဖြစ်စဉ် သုံးသပ်ဆွေးနွေးပွဲမှာ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ ဗိုလ်မှူးကြီးအောင်မြင့်ဦးကနေ “နိုင်ငံရေးကနေ စစ်တပ်ကို ဖယ်ထုတ်ရမယ် ဆိုရင်တော့ လက်တွေ့ဖြစ်ရပ်တွေအရ မဖြစ်နိုင်ဘူးလို့ ပြောရမယ်။ အစိုးရတရပ် အားကောင်းဖို့ ဆိုတာလည်း မိမိရဲ့ နယ်နိမိတ်အတွင်းမှာရှိတဲ့ လုံခြုံရေးဆိုင်ရာ ပြဿနာတွေကို ကောင်းကောင်းဖြေရှင်းနိုင်ဖို့ လိုပါတယ်။ အဲဒီလို ဖြေရှင်းနိုင်ဖို့လည်း တပ်မတော်က သူရဲ့ အဖွဲ့အစည်းတခုအနေနဲ့ အသုံးချခံ ဖြစ်ရတာပါပဲ" လို့ နှစ် ၅၀ ကျော် မပြောင်းလဲသေးတဲ့ စစ်ဗိုလ်ချုပ် အဆက်ဆက် သဘောထားအတိုင်း ပြောဆိုသွားခဲ့ပါတယ်။

နိုင်ငံရေးကနေ တပ်မတော်ကို ဖယ်ထုတ်ဖို့ လုံးဝ မလိုအပ်ပါဘူး။ ဖယ်ထုတ်လို့လည်း မရနိုင်ပါဘူး။ တပ်မှ မဟုတ်ဘူး၊ ဘယ်အဖွဲ့အစည်း၊ ဘယ်တိုင်းရင်းသား၊ ဘယ်နိုင်ငံသားကိုမှ နိုင်ငံရေးကနေ ဖယ်ထုတ်လို့ မရနိုင်ပါဘူး။ မိမိက ဘယ်လိပဲ နိုင်ငံရေးနဲ့ မပတ်သက်ချင်ဘူး ပြောပြော လူ့အဖွဲ့အစည်းနဲ့ နေထိုင်နေသ၍ ဘယ်လိုမှ နိုင်ငံရေးကနေ ရှောင်ထွက်လို့ မရနိုင်ပါဘူး။ တကယ်တော့ နိုင်ငံရေးဆိုတာ အသက်ရှင်သန်နိုင်ရေး၊ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး၊ အလုပ်အကိုင် ရရှိရေး၊ ဘဝလုံခြုံရေး စတဲ့ ပြည်သူပြည်သားတိုင်း နေ့စဉ် ကြုံတွေ့နေရတဲ့ လူမှုဘဝ ကိစ္စရပ်အားလုံးကို ပြောတာပါပဲ။

ဒီကနေ ပြည်သူအများစုက တပ်မတော်ကို နောက်ဆုတ်ပေးဖို့ ပြောနေတာဟာ အာဏာနိုင်ငံရေးကနေသာ နောက်ဆုတ်ပေးဖို့ မေတ္တာရပ်ခံနေတာပါ။ ဒါကို ရောထွေးပြီး မသိ နားမလည်သူတွေ ထင်ယောင်ထင်မှားဖြစ်အောင်၊ အဓိပ္ပာယ် မသဲမကွဲနဲ့ နိုင်ငံရေးကနေ တပ်ကို နောက်ဆုတ်ခိုင်းနေသယောင် ပြောဆိုလိုက်တာဟာ လူတွေကို အသိမှား အမြင်မှားတွေ ဖြစ်ပေါ်စေနိုင်တာမို့ တိုင်းပြည်အတွက် အန္တရာယ်ကြီးလှပါတယ်။

အားလုံး သိကြတဲ့အတိုင်း စစ်အာဏာရှင်ရဲ့ အစီအမံနဲ့ အတိတ်က အမှားတွေအတွက် စိုးရွံ့မိတဲ့ ဘယာဂတိကြောင့် အာဏာနိုင်ငံရေးဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ ပြည်ထဲရေး အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာ၊ ဥပဒေပြုရေးအာဏာ (လွှတ်တော် ၂ ရပ်အတွင်းက ရွေးကောက်ခံစရာ မလိုတဲ့ ၂၅ ရာခိုင်နှုန်း တပ်မတော်သား အမတ်နေရာ) တွေမှာ တပ်မတော်ကို ပြည်တွင်းစစ် အကြောင်းပြ၊ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတချို့ကို လက်ညှိုးထိုးပြီး သောင်းကျန်းသူ ရှိသေးတယ်လို့ အကြောင်းပြပြီး ၂၀၀၈ ဖွဲ့စည်းပုံထဲမှာ ထည့်သွင်းရေးဆွဲပြီး ဆက်လက် ဆုပ်ကိုင်ခွင့် ပေးထားတာ ဆိုတာ လူတိုင်း သိပြီးသားပါ။

အဲဒီလို ပြည်သူ အလိုမတူဘဲ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာ နိုင်ငံရေးကို ဘယ်သူကမှ တာဝန်မပေးအပ်ရဘဲ လုယူချုပ်ကိုင်ထားတာဟာ ၁၉၆၀ ဝန်းကျင်ကတည်းကပါ။ ဒါဟာ စစ်အာဏာရှင် သန္ဓေစိတ် လက်နက်အားကိုးနဲ့ ဗိုလ်ကျ အနိုင်ယူချင်တတ်တဲ့ ဝိညာဉ် ဖြစ်ပါတယ်။

အခုချိန်မှာတော့ အဲဒီ စစ်အာဏာရှင်ဝိညာဉ်ကို ကိုယ်ယောင်ဖျောက် အသွင်ပြောင်းပြီး ၂၀၀၈ ဖွဲ့စည်းပုံထဲမှာ တရားဝင်ဖြစ်အောင် ထည့်သွင်းထားတာမို့ ပြည်သူတွေက အဲဒီမှားယွင်းနေတဲ့ ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့နဲ့ တပ်ကို အာဏာနိုင်ငံရေးက နောက်ဆုတ်ပေးဖို့ မေတ္တာရပ်ခံနေကြတာ အချိန်အတော်ကြာပါပြီ။

ပြည်သူရဲ့ဒီဆန္ဒကို မျက်ကွယ်ပြုထားတာပြီး မိမိနဲ့ မိမိအဖွဲ့အစည်း အရေးကိုသာ ရှေ့တန်းတင်နေတော့ အချိန်ဖြုန်းပြီး ငြိမ်းချမ်းရေးလည်း အခါခါ ခေါ်မရ၊ တိုင်းပြည်လည်း မပြောင်းလဲနိုင်ဘဲ တိုးတက်အောင် လုပ်မရ ဖြစ်နေရတာပါ။ အချိန်ကြာတာနဲ့အမျှ နစ်နာရတာကတော့ ဆင်းရဲသား အများပြည်သူ တိုင်းရင်းသားတွေ ဖြစ်သလို တဖက်မှာလည်း တပ်မတော်နဲ့ ပြည်သူအများစုကြားမှာ သံသယတွေ၊ မယုံကြည်မှုတွေ ပိုလို့ တိုးပွားလာတော့တာပါပဲ။ ပြည်တွင်းစစ် မီးတောက်ကြီးအောက်မှာ စက္ကန့် မိနစ် နေ့ရက်တွေနဲ့အမျှ အပြစ်မဲ့တဲ့သူတွေ အသက်ဆုံးပါးနေရသလို စစ်ဖြစ်ပွားနေတဲ့ ဒေသက ကလေးငယ်တွေဟာ ပညာမသင်ကြားနိုင်တာမို့ ဘဝပေါင်းများစွာ အဖျက်ဆီးခံနေကြရတာ ပါ။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း-၁၊ ပုဒ်မ ၆(စ) မှာ ... “နိုင်ငံတော်၏ အမျိုးသားနိုာင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်မှ ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက် ဦးတည်သည်။” လို့ ပြဋ္ဌာန်းထားပါတယ်။ ဒါဟာ အသွင်ပြောင်း ကိုယ်ယောင်ဖျောက် အာဏာရှင်ဝိညာဉ် ဖြစ်ပါတယ်။ ဒီပုဒ်မကို ပြင်နိုင်ဖို့အတွက် နိုင်ငံသားအားလုံး ဝိုင်းအားထုတ်ဖို့ လိုတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်နိုင်မှ မြန်မာနိုင်ငံဟာ စစ်အာဏာရှင်စနစ်အောက်က ပီပီပြင်ပြင် လွတ်မြောက်နိုင်မှာပါ။

ကျနော်တို့ ပြည်သူတွေရဲ့ သမိုင်းပေးတာဝန်က တပ်မတော်ကို ပြည်သူအများ လေးစား အသိအမှတ်ပြုခံရမယ့် နေရာမှန်ကို ရောက်ရှိဖို့ ကူညီပို့ဆောင်ပေးဖို့ပါပဲ။ စစ်မှန်တဲ့ အမျိုးသားနိုင်ငံရေးဆိုတာ အများပြည်သူရဲ့ဆန္ဒကို ဖော်ဆောင်ပေးခြင်းပါပဲ။ ဒီကနေ့ ပြည်သူအများစုက ၂၀၀၈ ဖွဲ့စည်းပုံကို ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံ ပီပီပြင်ပြင် ဖြစ်လာအောင် ပြင်ဆင်ချင်ကြတာ လူတိုင်း သိပြီးသားပါ။

အာဏာရှင်စနစ်ကို ဖက်တွယ်ထားလိုတဲ့သူတွေ ဖွင့်ဆိုလိုတဲ့ အမျိုးသားနိုင်ငံရေးရဲ့ အဓိပ္ပာယ်ဟာ လက်နက်အင်အား ရှိသူတွေကသာ အမျိုးသားရေးကို ထာဝစဉ် ဦးဆောင်ရမယ်ဆိုတဲ့ သဘောမို့ ဒီမိုကရေစီစနစ်နဲ့ ဖီလာဆန့်ကျင်နေသလို သူတို့ရဲ့ အမျိုးသားရေးအမြင် သတ်မှတ်ချက်တွေက  ပြည်သူအများစုရဲ့ ဆန္ဒနဲ့ မကိုက်ညီရင်တောင် သူတို့ အကျိုးစီးပွားအတွက် ဇွတ်ဆက်သွားနေတဲ့ သဘောမျိုး ရပ်တည်နေကြတာမို့ ဖွဲ့စည်းပုံလည်း ပြင်သင့်နေတာ သိရက်နဲ့ အချိန်မကျသေးသယောင်  ပြောဆိုပြီး ဒီမိုကရေစီခရီးကို နှောင့်နှေးစေပြီး ခရီးမတွင်အောင် ပိတ်ဆို့ထားသလို ဖြစ်နေတာ မဟုတ်လား။

စစ်အာဏာရှင် စိတ်ကြိုက် ရေးဆွဲစေခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း-၁၊ ပုဒ်မ ၆(စ) မှာ ရေးဆွဲပြဋ္ဌာန်းချက်မှာ ဘာကြောင့် တပ်မတော် ဆိုတဲ့ အဖွဲ့အစည်းတခုတည်းကိုပဲ နိုင်ငံတော်ရဲ့ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍကို အပ်နှင်းရတာပါလဲ။ ကျန်တဲ့ပြည်သူတွေကို ဦးဆောင်ခွင့်မပေးတော့ဘဲ အင်အားကြီးတဲ့ လက်နက်ကိုင်ရတဲ့အဖွဲ့ ဖြစ်လို့ အခွင့်ထူးခံခွင့် ပေးထားသလို ဖြစ်နေတော့တာပေါ့။

တကယ်တော့ တပ်မတော်၊ ရဲတပ်ဖွဲ့၊ ထောက်လှမ်းရေး၊ လ.ဝ.က၊ စ သုံးလုံး ဘယ်လို ပြည်သူ့ဝန်ထမ်းအဖွဲ့ ဖြစ်ဖြစ်၊ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ ဖြစ်ဖြစ်၊ သာမန် ပြည်သူတယောက် ဖြစ်ဖြစ်၊ ဘုန်းတော်ကြီး ဖြစ်ဖြစ် မိမိအခန်းကဏ္ဍ၊ မိမိ တာဝန်ယူထားရတဲ့ နေရာမှာ မိမိအလုပ်ကို ကျေပွန်အောင် ဆောင်ရွက်ခြင်းဟာ အမျိသားနိုင်ငံရေး ဆောင်ရွက်ခြင်းပါပဲ။

မျက်မှောက်အခြေအနေမှာ ပြည်သူအများစု ပြင်ဆင်ချင်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို အပြောင်းအလဲကို မလိုက်ပါလိုသူ လူနည်းတစုက သူတို့ရဲ့ အမျိုးသားနိုင်ငံရေး အမြင်နဲ့ မပြင်ဆင်ချင်ကြဘဲ လွှတ်တော်တွင်း၊ လွှတ်တော်ပြင်ပမှာပါ ကာဆီးပိတ်ဆို့သလို လုပ်နေကြခြင်းပါပဲ။ ဒါဟာ ပြည်သူလူထု အများစုကို ကိုယ်စားမပြုတဲ့ သွက်သွက်ခါအောင် မှားယွင်းနေတဲ့ တမျိုးသားတည်း အရေးကို အခြေခံတဲ့ နိုင်ငံရေးအမြင် ဖြစ်ပါတယ်။

ဒီအမြင်ကို နားလည်သဘောပေါက်မှု မရှိဘဲ ပြည်သူအများစုဆန္ဒကို သိရက်နဲ့ မျက်ကွယ်ပြုပြီး ကိုယ့်အဖွဲ့အစည်းအရေးကို ရှေ့တန်းတင်ရင်တော့ လှုပ်လေ မြုပ်လေ ဖြစ်ပြီး ပြည်သူအများစုနဲ့ ဝေးသထက် ဝေးကွာလို့ သမိုင်းညစ်နဲ့ နိဂုံးသပ်ဖို့သာ ရှိပါတယ်။

တကယ်တော့ ဒီကနေ့ လိပ်ခဲတည်းလည်း ဖြစ်နေတဲ့ မြန်မာ့နိုင်ငံရေး ပြဿနာအားလုံးဟာ တပ်မတော်၊  ပြည်သူနဲ့ လက်နက်ကိုင်တော်လှန်ရေး အင်အားစု အသီးသီးကြားမှာ တဖက်နဲ့တဖက် ယုံကြည်မှု ပျောက်ဆုံးနေလို့ပါပဲ။ ဘာကြောင့် အဲဒီလို ယုံကြည်မှု မတည်ဆောက်နိုင်သလဲဆိုတော့ ပြီးခဲ့တဲ့ နှစ် ၅၀ ကျော် သမိုင်းတလျှောက်မှာ အကြမ်းဖက်နည်းနဲ့ လက်နက်နဲ့သာ အဖြေရှာခဲ့ကြလို့ပါပဲ။

အာဏာယစ်မူးတဲ့ စစ်အာဏာရှင် အဆက်ဆက်ရဲ့ မလိုက်နာအပ်တဲ့ အမိန့် ညွှန်ကြားမှုတွေအပေါ် နာခံရင်း လက်နက်မဲ့ ပြည်သူတွေကို အကြိမ်ကြိမ် သတ်ဖြတ်နှိပ်ကွပ်ခဲ့ပြီး အမှားတွေ ကျုးလွန်ခဲ့တဲ့ အဖွဲ့အစည်းက တိုင်းပြည်ရဲ့ အချုပ်အခြာ အာဏာ ၃ ရပ်လုံးကို ဆက်ချုပ်ကိုင်ထားပြီး၊ အခွင့်ထူးခံခွင့်တွေ အကုန်ဆုပ်ကိုင်ထားမှတော့ ဘယ်လိုလုပ်ပြီး ယုံကြည်မှု တည်ဆောက်နိုင်ပါတော့မလဲ။ တကယ်လို့သာ တပ်မတော် ခေါင်းဆောင်တွေကသာ အာဏာနိုင်ငံရေးကနေ အသာတကြည် အမြော်အမြင်ရှိရှိ နောက်ဆုတ်ပေးခဲ့ရင် မြန်မာနိုင်ငံရဲ့ ပြဿနာအများစုဟာ လွယ်လင့်တကူ အမြန်ဆုံး ဖြေရှင်းနိုင်ပါတယ်။

ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် တပြည်လုံး ငြိမ်းချမ်းရေးရဖို့နဲ့ အများပြည်သူ ချစ်တဲ့ တပ်မတော် ဖြစ်လာစေဖို့ တခုတည်းသော နည်းလမ်းကတော့ အာဏာနိုင်ငံရေးကနေသာ နောက်ဆုတ်ပေးပြီး  ပြည်သူအများစု  ပြင်ဆင်ချင်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အမြန်ဆုံး ပြင်ဆင်နိုင်အောင် ရိုးသားစွာ ကူညီဝန်းရံပေးတဲ့ နည်းလမ်းသာလျှင် တခုတည်းသောအဖြေ ဖြစ်ပါတယ်။

မိဘပြည်သူ အများစုဆန္ဒကို ဖြည့်ဆည်းခြင်းကသာ တပ်မတော်နဲ့ ပြည်သူကြားက ကွာဟနေတဲ့ မေတ္တာပေါင်းကူးတံတားကို ရင်ကြားစေ့နိုင်တဲ့ တခုတည်းသော သက်သေပြချက် ဖြစ်ပါတယ်။ အဲဒီလို မဟုတ်ဘဲ ရေကြီးရေလျှံရာ ထမင်းထုပ်ဝေပြတာ၊ ရထားပျက်ရာ၊ မီးလောင်ရာ ပစ္စည်းပြေးထမ်းပြတာ၊ ရေရှားရင် ရေဝေပြ စတဲ့ ပရဟိတအလုပ်တွေနဲ့သာ ကွက်ကျားမိုးနဲ့ မေတ္တာချုပြပြီး တတိုင်းတပြည်လုံး ရေရှည် အကျိုးရှိမယ့် အုပ်ချုပ်ပုံစနစ် မှန်ကန်အောင် ပြင်ဆင်ဖို့အရေးမှာတော့ မလိုက်ပါချင်ကြဘဲ ကန့်လန့်တိုက်သလို ကာဆီးသလို လုပ်နေရင်တော့ သမိုင်းက အဆုံးအဖြတ်ပေး မှတ်တမ်းတင်သွားမှာ ဖြစ်ပါတယ်။

ဒါကြောင့် လက်ရှိ တပ်မတော်ခေါင်းဆောင်များအနေနဲ့ အခွင့်သာတုန်းအခိုက်မှာ လက်လွတ်မခံဘဲ တိုင်းပြည်အကျိုးကို ရည်မျှော်လို့ သမိုင်းကောင်းကို ရေးထိုးနိုင်ဖို့ ပြည်သူတွေ အလိုမတူဘဲ အာဏာနိုင်ငံရေးမှာ နေရာဝင်ယူထားရာကနေ အမြန်ဆုံး နောက်ဆုတ်ဖို့ ဆုံးဖြတ်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း တိုက်တွန်း မေတ္တာရပ်ခံလိုက်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013