DVB Logo
Home
မြန်မာသတင်း
တပ်မတော်တရားလို တင်သွင်းသည့် စီဒီသက်သေကို သတင်းသမားများ၏ရှေ့နေ ကန့်ကွက်
DVB
·
August 18, 2017
တပ်မတော်တရားလို တင်သွင်းသည့် စီဒီသက်သေကို သတင်းသမားများ၏ရှေ့နေ ကန့်ကွက်
Donate to DVB

ဒီဗွီဘီနဲ့ ဧရာဝတီသတင်းသမားတွေ အပါအဝင် ၆ ဦးရဲ့အမှုကို ဒီကနေ့ ရှမ်းပြည်နယ်  သီပေါမြို့ တရားရုံးမှာ စတုတ္ထအကြိမ် ရုံးထုတ်ရာမှာ တရားလို တပ်မတော် အရာရှိက စီဒီ သက်သေတင်သွင်းခဲ့ရာမှာ ဥပဒေနဲ့ မညီတဲ့အတွက် ရှေ့နေတွေက ကန့်ကွက်ခဲ့ကြပါတယ်။

တရားလိုဖြစ်သူ ဗိုလ်မှူး မြတ်မွန်အောင်က  သက်သေအဖြစ် စီဒီတစ်ချပ် တရားရုံးတော်ကို တင်သွင်းခဲ့ရမှာ သတင်းသမားတွေဘက်က လိုက်ပါဆောင်ရွက် ပေးနေတဲ့ အကျိုးဆောင်ရှေ့နေတွေက အပြင်းအထန် ကန့်ကွက်ခဲ့ကြတာ ဖြစ်ပါတယ်။

စွပ်စွဲခံထားရသူတွေဘက်က ရှေ့နေ ဒေါ်ခင်မိမိက  “တပ်က စီဒီခွေကြီးကို သက်သေခံအဖြစ် သွင်းတဲ့အခါကျတော့  ကျမတို့ ကန့်ကွက်ကြတာ၊ ဥပဒေနဲ့ မညီဘူး။ သူတို့က စီဒီခုတ်ပြီး မူရင်းဖုန်းထဲကဟာတွေ ဖျက်ပစ်လိုက်တာလေ။ ဖျက်ပစ်လိုက်တယ်။ မူရင်းက မရှိတော့ဘူး။ သူတို့လာတင်တဲ့ဟာက မိတ္တူလေ။ စီဒီတစ်ချပ်သူတို့ ခုတ်လိုက်တယ်။ ဒီသတင်းသမား စွပ်စွဲခံရသူတွေရဲ့ ဖုန်းထဲက ဟာတွေကို   တီအန်အလ်အေနဲ့ ပတ်သက်တဲ့ဟာတွေ အကုန်လုံး စီဒီခုတ်လိုက်တယ်။ ပြီးတော့ အဲဒီဟာတွေ အကုန်ဖျက်ပစ်လိုက်တယ်။ ဖျက်ပြီးတော့မှ စီဒီခွေကို တရားရုံးမှာ သက်သေခံအဖြစ် သွင်းတာ။ သူတို့ ဖျက်လိုက်တဲ့ဟာက မူရင်းလေ။ ကူးတဲ့ စီဒီခွေက မိတ္တူ” လို့ ပြောပါတယ်။

ဒီကနေ့မနက်ရုံးချိန်းမှာ တပ်မတော်ဘက်က တရားလိုပြသက်သေတွေဖြစ်တဲ့ ဗိုလ်မှူး မြတ်မွန်အောင်၊ ဗိုလ်ကြီး သော်ဇင်အောင်နဲ့ ဗိုလ်ကြီး အောင်လင်းထက်တို့ ၃ ဦး တရားရုံးကို လာရောက်ခဲ့ပါတယ်။

တပ်မတော်အရာရှိ ၃ ယောက် လာရောက်ခဲ့ပေမယ့် ဒီကနေ့ တယောက်ကိုသာ စစ်ဆေးနိုင်ခဲ့တယ်လို့လည်း ရှေ့နေ ဒေါ်ခင်မိမိကပြောပါတယ်။

“ဒီနေ့ တယောက်တောင် မပြီးဘူး။ ဗိုလ်မှူး မြတ်မွန်အောင်ကို အဓိက စွပ်စွဲချက်တောင် မပြီးဘူး။ ကျမတို့က သက်သေခံသွင်းတဲ့ဟာကို ကန့်ကွက်ကြတဲ့အခါကျတော့ ကျမတို့ ကန့်ကွက်တာလည်း ဥပဒေနဲ့အညီ ဖြစ်နေတယ်လေ။ ဆိုတော့ တိုက်ဆိုင်စစ်ဆေးလို့ မရဘဲနဲ့ သူတို့က သက်သေခံလာသွင်းနေတာ။ အဲဒါကြောင့် လက်မခံတာ။ အဲဒီဟာကို အမိန့်ချဖို့ တရားသူကြီးက နောက်တချိန်းချိန်းလိုက်တယ်။ အဲဒီဟာတော့ ပွဲကြီးပွဲကောင်းပဲ။ ကျမတို့ဘက်က ဟုတ်နေတော့ တရားသူကြီးက မပယ်ရဲဘူးလေ။”

ဒီကနေရုံးချိန်းမှာ သတင်းသမားတွေနဲ့ ဖမ်းဆီးခံနေရသူ အားလုံး လွတ်မြောက်ရေး အတွက် ဒုတိယအကြိမ် အာမခံလျောက်ထားချက်ကို တရားရုံးက ထပ်မံပယ်ချလိုက်ပါတယ်။

တရားလိုပြသက်သေတွေကို ဆက်လက်စစ်ဆေးဖို့ လိုအပ်နေတာ၊ စွပ်စွဲခံရသူတွေဟာ တခြားဒေသတွေက ဖြစ်တဲ့အတွက် အမှုစစ်ဆေးရာမှာ ကြန့်ကြာနိုင်တာ၊ ဒီအမှုက အများစိတ်ဝင်စားတဲ့ အမှုဖြစ်နေပြီး လုံခြုံရေးအများအပြားယူကာ ရုံးထုတ်စစ်ဆေးနေရ တာတွေကြောင့် အာမခံထပ်မံ လျှောက်ထားမှုကို ပယ်ချလိုက်ကြောင်း အမိန့်ချမှတ်လိုက်တာပါ။

ဒီအမှုနဲ့ ပတ်သက်ပြီး ဆက်လက်စစ်ဆေးဖို့ လာမယ့် သောကြာနေ့ သြဂုတ် ၂၅ ရက်နေ့ ကို ရုံးချိန်းဆိုထားပါတယ်။

တီအန်အယ်လ်အေရဲ့ မူးယစ်ဆေးဝါးဖျက်ဆီးပွဲကို သတင်းယူပြီးပြန်လာတဲ့ ဒီဗွီဘီသတင်း ထောက် ဦးအေးနိုင်နဲ့ ကိုပြည့်ဘုန်းအောင်၊ ဧရာဝတီသတင်းထောက် ဦးသိန်းဇော်၊ တီးဝိုင်းမှာ ဒရမ်တီးတဲ့ မိုင်းထွန်းအေး၊ ကားမောင်းသမား မိုင်းဆန်းညွန့်နဲ့ စိုင်းအောင်ခမ်းတို့ ၆ ဦးကို ဇွန် ၂၆ ရက်မှာ တပ်မတော်စစ်ကြောင်းက  ဖမ်းဆီးပြီး မတရားအသင်းအက်ဥပဒေ ပုဒ်မ ၁၇ (၁)နဲ့ တရားစွဲဆိုခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013