DVB Logo
Home
မြန်မာသတင်း
ဖြူးမြို့နယ် ကျောင်းအုပ်ဆရာ အသတ်ခံရမှု သက်သေထွက်ဆိုချက် မှန်ကန်မှုမရှိဟုဆို
DVB
·
August 18, 2017
ဖြူးမြို့နယ် ကျောင်းအုပ်ဆရာ အသတ်ခံရမှု သက်သေထွက်ဆိုချက် မှန်ကန်မှုမရှိဟုဆို
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ သစ်ချဆိပ်ကျေးရွာရှိ အခြေခံမူလတန်းလွန် ပညာသင်ကျောင်းရဲ့ ကျောင်းအုပ်ဆရာတဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး တရားခံလို့ စွပ်စွဲခံထားရတဲ့ အမျိုးသမီးရဲ့ ထွက်ဆိုချက်တွေဟာ ပညာရေးလောကရှိ ဆရာတွေရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေပြီး မှန်ကန်မှုမရှိနိုင်ဘူးလို့ ကျောင်းဆရာတွေက ပြောပါတယ်။

“ဆရာဖိုးတာက ကျနော်နဲ့ လုပ်ဖော်ကိုင်ဖက်၊ လုပ်လာတာနှစ် ၂၀ ကျော်လုပ်လာတာ၊ ဒီလို အကျင့်စရိုက်မျိုး မရှိခဲ့ဘူးဆိုတာတော့ ထောက်ခံတယ်၊ ပြီးတော့ ကျောင်းလုပ်ငန်းပိုင်းမှာလည်း ဆောင်ရွက်ရမယ့်လုပ်ငန်းတွေကို တိတိကျကျလုပ်လာခဲ့တဲ့အတွက် သူကျတဲ့ ရွာတွေကလည်း သူ့ကိုယုံကြည်ကြတယ်၊ သူဟာ Clear ဖြစ်တဲ့အတွက် ဒီလိုအလုပ်မျိုး လုပ်တယ်လို့ တရားခံဘက်က စွပ်စွဲတာတခုတည်းနဲ့ ဆောင်ရွက်နေတယ်လို့ ထင်တယ်၊ အဲဒါကို ဆရာတို့  အသိုင်းအ၀ိုင်း ပညာရေးအသိုင်းအ၀ိုင်းက လုံးဝလက်မခံနိုင်ဘူး၊ အဲဒီတော့ ဖြစ်စဉ်ကို တာဝန်ရှိသူတွေအနေနဲ့ သေချာစနစ်တကျ ဆောင်ရွက်ပေးစေချင်တယ်” လို့ ဆရာဦးတင်မြင့်(နတ်လောင်အုပ်စုမှူး) က ပြောပါတယ်။

ကျောင်းအုပ်ဆရာကြီး ပျောက်ဆုံးနေလို့ သြဂုတ် ၃ ရက်နေ့မှာ ဇနီးဖြစ်သူ ဒေါ်ခင်မာရီက ကညွတ်ကွင်းနယ်မြေရဲစခန်းမှာ လူပျောက်တိုင်ကြားခဲ့လို့ လူပျောက်အမှတ်စဉ် ၃/၂၀၁၇ နဲ့ ကနဦး အမှုဖွင့်လှစ်ဆောင်ရွက်ခဲ့ပါတယ်။

သြဂုတ် ၄ ရက်နေ့မှာတော့ ကျောင်းအုပ်ဆရာကြီးကို ကွင်းချောင်းထဲ သေဆုံးလျှက်တွေ့ရှိခဲ့ပြီး အလောင်းကို ကညွတ်ကွင်းပြည်သူဆေးရုံ ပို့ဆောင်ကာ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက် လူသတ်မှုပုဒ်မ ၃၀၂/၁၁၄ နဲ့ပြောင်းလဲ ဖွင့်လှစ်ခဲ့ပြီး သံသယ ရှိသူတွေကို ခေါ်ယူစစ်ဆေးခဲ့တာပါ။

စစ်ဆေးမှုတွေ ပြုလုပ်ရာမှာ ကျောင်းဆရာ ဦးဖိုးတာနဲ့ နောက်ဆုံး အရက်အတူသောက်ခဲ့သူ မအူပင်ကျေးရွာနေ ဦးဖိုးငိုနဲ့ ဇနီးဖြစ်သူ ဒေါ်အေးသိန်း(ခ)ဒေါ်မကြီးတို့ အားစစ်ဆေးရာ  ည ၁၀ နာရီမှာ အရက်ဝိုင်းပြီးခဲ့ကြောင်း၊ အဲဒီနောက်ဆရာဦးဖိုးတာနဲ့ ဦးဖိုးငိုတို့ ဦးဖိုးငိုရဲ့ နေအိမ်ကနေ အတူထွက်သွားပြီး ဒေါ်မကြီးလည်း အိပ်ရာထဲ အိပ်နေစဉ် ဦးဖိုးတာ ပြန်ရောက်လာပြီး ခြင်ထောင်အတွင်းဝင်ကာ ဒေါ်မကြီးရဲ့ပါးကိုနမ်းခဲ့ကြောင်း၊ အဲဒီနောက်ဦးဖိုးငို ပြန်လည်ရောက်လာပြီး အိမ်ပေါ်မှာ လုံးထွေးသတ်ပုတ်ကြကြောင်း၊ ဦးဖိုးတာ အိမ်ပေါ်ကနေ ဆင်းပြေးသွားပြီး ဦးဖိုးငိုက နောက်ကနေ ထပ်မံလိုက်ပြီး ထိုးကြိတ်ရာ အိမ်နောက်ရှိ ကွင်းချောင်းအတွင်း ၂ ယောက်လုံး ပြုတ်ကျသွားပြီး ဦးဖိုးငိုက ကမ်းပါပေါ်ပြန်တက်လာပေမယ့် ဆရာဦးဖိုတာကတော့ ပျောက်ဆုံးသွားကြောင်း ဒေါ်မကြီးရဲ့ ထွက်ဆိုမှုအပေါ် ပညာရေး အသိုင်းအဝန်းက ကျေနပ်မှုမရှိဘဲ လိမ်လည်ထွက်ဆိုနေခြင်းသာ ဖြစ်တယ်လို့ ဆိုပါတယ်။

သစ်ချဆိပ်မူလွန်ကျောင်းဆရာ ဦးမင်းနိုင်စိုးကလည်း “ဆရာကြီးက ကျနော်တို့ရဲ့ကျောင်းအုပ်ပေါ့၊ ကျနော်က လက်ထောက်။ ဆရာကြီးက ဒီ့ကျောင်းအပေါ်လည်း တာဝန်ကျေတယ်ဆရာ/ဆရာမတွေကိုလည်း စည်းရုံးမှုရှိအောင် အမြဲပြောတယ်၊ လက်ရှိ ကျောင်ဆောင်သစ်လေးပေါ့နော်၊ ကလေးတွေ နေရထိုင်ရတာ ကျဉ်းကျပ်လို့ပြီး လုပ်နေဆဲပေါ့၊ မပြီးပြတ်သေးတဲ့အချိန်မှာ ဒီကိစ္စကြီးဖြစ်သွားတယ်။ ဆရာကြီးရဲ့ အကျင့်စာရိတ္တပိုင်းကို အတူတူနေတဲ့အတွက်သိတယ်။ ဒီလို မဟုတ်မဟတ်ကြီး စွပ်စွဲးထားတဲ့အတွက် မခံနိုင်ဘူး။ သတင်းအမှန်ပေါ်ဖို့အတွက် တာဝန်ရှိတဲ့သူတွေက ထိထိရောက်ရောက်ဆောင်ရွက်ပေးဖို့ တောင်းဆိုချင်ပါတယ်" လို့ ပြောပါတယ်။

အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်ပြီး တောင်ငူခရိုင်ရဲတပ်ဖွဲ့မှူးကိုယ်တိုင် ကွင်းဆင်းစစ်ဆေးမှုတွေ ဆောင်ရွက်ခဲ့ပြီး ကညွတ်ကွင်းနယ်မြေ ရဲတပ်ဖွဲ့စခန်းက ရာဇသတ်ကြီးပုဒ်မ-၃၀၂/၁၁၄ နဲ့ အမှုဖွင့်လှစ်ကာ ဦးဖိုးငိုနဲ့ ဇနီးတို့ကို စစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ကျော်အောင် (ကညွတ်ကွင်း )

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013