DVB Logo
Home
Lead Story
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် အကြမ်းဖက်အဖွဲ့များ၊ သောင်းကျန်းသူများ ဖြစ်ပါသလား
DVB
·
August 18, 2017
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် အကြမ်းဖက်အဖွဲ့များ၊ သောင်းကျန်းသူများ ဖြစ်ပါသလား
Donate to DVB

အကြမ်းဖက်လူ့အဖွဲ့အစည်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အကြမ်းဖက် လူ့အဖွဲ့အစည်းများနှင့် အတူယှဉ်တွဲနေထိုင်ရန် မဖြစ်နိုင်တော့ကြောင်း ၂၀၁၇ ခုနှစ် သြဂုတ် ၅ ရက်နေ့က ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ မွတ်စလင် အကြမ်းဖက်ဖြစ်ရပ်များမှာ လွန်စွာ အခြေအနေ ဆိုးဝါးလာပါတယ်။ သူတို့ကို အစကတော့ ဒုက္ခသည်တွေ၊ လူ့အခွင့်အရေး မရရှိတဲ့ အနာဂတ်မဲ့နေသူတွေအဖြစ် သနားကရုဏာ သက်မိပါတယ်၊ လူ့အခွင့်အရေး အပြည့်အဝပေးသင့်တယ်၊ ပေးမယ်လို့လည်း ဆုံးဖြတ်ထားကြောင်း၊ သို့သော် သူတို့ဟာ ယခုအခါမှာ အကြမ်းဖက်မှုတွေ လုပ်ဆောင်နေပြီး လုံခြုံရေးတွေကိုတောင် ပြန်လည်တိုက်ခိုက်လာကြောင်း၊ အကြမ်းဖက် ထောက်ပံ့သူတွေကို သွားရောက်ဖမ်းဆီးတာကို တရွာလုံးက ပြန်လည်တိုက်ခိုက်တယ် ဆိုတော့ သူတို့အားလုံးဟာ အကြမ်းဖက်သမားတွေ ဆိုတဲ့အချက်ကို ပုံဖော်ပြနေကြောင်း၊ ယူအန် (ကုလသမဂ္ဂ) က ထောက်ပံ့ပစ္စည်းတွေသည် အကြမ်းဖက်စခန်းမှာ တွေ့ရှိရကြောင်း၊ ဒုက္ခသည်တွေကပဲ အကြမ်းဖက်တွေကို တဆင့်ထောက်ပံ့သလား၊ ယူအန်ကပဲ အကြမ်းဖက်သမားတွေကို တိုက်ရိုက်ထောက်ပံ့သလား မေးခွန်းထုတ်စရာဖြစ်ကြောင်း၊ ကျမတို့အနေဖြင့် အကြမ်းဖက် လူ့အဖွဲ့အစည်းများနှင့် အတူယှဉ်တွဲ နေထိုင်ဖို့ဆိုတာ မဖြစ်နိုင်တော့ကြောင်း ပြတ်သားသော မူဝါဒတွေ ချမှတ်ပြီး အပြီးသတ် နှိမ်နင်းသွားတော့မှာ ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့်လည်း လက်တွဲကူညီမယ်လို့ မျှော်လင့်မိကြောင်း ပြောကြားခဲ့ပါသည်။

အကြမ်းဖက်ဝါဒကို ကမ္ဘာ့လူမှုအဖွဲ့အစည်း အသိုင်းအဝိုင်းကပါ ပြတ်ပြတ်သားသား နှိမ်နင်းလျက် ရှိကြပါသည်။

အကြမ်းဖက် ဆိုသည်မှာ

အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေကို ၂၀၁၄ ခုနှစ်က ပြဋ္ဌာန်းခဲ့ပါသည်။ အများပြည်သူ၏ လုံခြုံရေး၊ အသက်အိုးအိမ်စည်းစိမ်၊ အများပြည်သူအတွက် သို့မဟုတ် ပုဂ္ဂလိကအတွက် အရေးကြီးသော အဆောက်အအုံ၊ နိုင်ငံပိုင်အဆောက်အအုံ၊ ယာဉ်၊ စက်ပစ္စည်းကိရိယာနှင့် အသုံးအဆောင်များကို ဖြစ်စေ ထိခိုက်ဆုံးရှုံးစေရန် ပြုလုပ်မှုများသည် အကြမ်းဖက်မှုများ ဖြစ်ပါသည်။ ထို့ပြင် ပြည်ပရှိ နိုင်ငံပိုင်ပစ္စည်း အဆောက်အအုံ၊ ယာဉ်စက်ပစ္စည်း၊ နိုင်ငံတော်ကောင်စစ်ဝန်ရုံး၊ သံတမန်ဆိုင်ရာရုံးများကို အကြမ်းဖက်မှုများ၊ လက်နက်ခဲယမ်း၊ ဇီဝ၊ ဓာတု၊ နျူကလီးယား၊ ပေါက်ကွဲစေတတ်သော လက်နက်ထောက်ပံ့မှုများ၊ အများပြည်သူအတွင်း ထိတ်လန့် ကြောက်ရွံ့မှုများ၊ အကြမ်းဖက်ရန် ရည်ရွယ်ချက်ဖြင့် ကျန်းမာရေး၊ ဘေးကင်းရေး၊ သဘာဝပတ်ဝန်းကျင် ထိခိုက်စေမှုများ၊ အကြမ်းဖက်မှုပါဝင်ရန် စည်းရုံးမှု၊ ဝါဒဖြန့်မှု၊ ပါဝင်ရန် စုဆောင်းမှုများ၊ အကြမ်းဖက်မှုကို ထိမ်ချန်ခြင်း၊ အားပေးကူညီခြင်းများ၊ အားပေးကူညီမှုများ ပါဝင်ပါသည်။ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေသည် အခန်းပေါင်း ၁၉ ခန်း၊ ပုဒ်မပေါင်း ၇၂ ခု ကျယ်ပြန့်စွာ ပြဋ္ဌာန်းထားပါသည်။ သိသာမြင်သာသော ဥပမာမှာ ယနေ့ အစ္စလာမ္မစ် အစွန်းရောက် (အိုင်အက်စ်) အကြမ်းဖက် အဖွဲ့အစည်းများနှင့် ဆောင်ရွက်ချက်များသည် အကြမ်းဖက်လုပ်ရပ်များအဖြစ် နိုင်ငံအများစုက လက်ခံသတ်မှတ်ထားကြပါသည်။ သို့ဖြစ်၍ အကြမ်းဖက် အဖွဲ့အစည်းများနှင့် အတူယှဉ်တွဲနေထိုင်၍ မရသည်မှာ သေချာလှပါသည်။ သို့ဖြစ်၍ ပြတ်ပြတ်သားသား မူဝါဒချမှတ်၍ အပြီးသတ် နှိမ်နင်းသွားမည်ဟူသော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ မိန့်ကြားချက်ကို ကြိုဆိုထောက်ခံရမည် ဖြစ်ပါသည်။ ယခုအခါ မြန်မာ့တပ်မတော်သည် မေယုတောင်တန်းနှင့် ရခိုင်ဒေသတွင် အကြမ်းဖက်မှုများကို စတင်နှိမ်နင်းလျက် ရှိပါသည်။

တိုင်းရင်းသား လက်နက်ကိုင်များ

ရှမ်းပြည်နယ် ဒုတိယအကြိမ်လွှတ်တော်တွင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များ (ကေအိုင်အေ၊ အမ်အန်ဒီအေအေ၊ တီအန်အယ်လ်အေ) ကို အကြမ်းဖက်အဖွဲ့များအဖြစ် အဆိုကို မဲခွဲဆုံးဖြတ်ရာ၌ ထောက်ခံ ၆၁ ဦး၊ ကန့်ကွက် ၄၅ ဦး၊ ကြားနေ ၇ ဦးဖြင့် အဆိုအောင်မြင်ခဲ့ပါသည်။

သို့ရာတွင် ပြည်နယ်လွှတ်တော်ထက် အဆင့်မြင့်သော ပြည်ထောင်စုအဆင့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး၌ ရှမ်းပြည်မြောက်ပိုင်းဒေသ ကေအိုင်အေ၊ အမ်အန်ဒီအေအေ၊ တီအန်အယ်လ်အေ ပူးပေါင်းအဖွဲ့၏ လုပ်ရပ်များဟာ အချုပ်အခြာအာဏာ ထိခိုက်မှု၊ တရားဥပဒေစိုးမိုးမှု၊ တည်ငြိမ်အေးချမ်းမှုနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိခိုက်ကြောင်း အဆိုနှင့် အကြမ်းဖက်အဖွဲ့များဖြစ်ကြောင်း ဆွေးနွေးမှုများအပေါ်၌ မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံမဲ ၁၄၁ မဲ၊ ကန့်ကွက်မဲ ၂၄၄ မဲဖြင့် အဆိုမဲ ရှုံးနိမ့်ခဲ့ပါသည်။

သို့ဖြစ်၍ ရှမ်းပြည်မြောက်ပိုင်းဒေသ မဟာမိတ်အဖွဲ့များဖြစ်သော ကေအိုင်အေ၊ အမ်အန်ဒီအေအေ၊ တီအန်အယ်လ်အေ အဖွဲ့များ၏ လုပ်ရပ်များသည် အကြမ်းဖက်အဖွဲ့၏ လုပ်ရပ်များ၊ အချုပ်အခြာအာဏာကို ထိခိုက်စေသော၊ တရားဥပဒေစိုးမိုးမှု၊ တည်ငြိမ်အေးချမ်းမှုကို ထိခိုက်စေသော၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိခိုက်စေသော အဖွဲ့အစည်းများ မဟုတ်ကြောင်း ပြည်သူ့လွှတ်တော်က အဆိုအပေါ် ဆုံးဖြတ်ထားပြီး ဖြစ်ပါသည်။ သို့ဖြစ်၍ ထိုအဖွဲ့များသည် မတရားအသင်းများလည်း မဟုတ်ပါ၊ မတရားအသင်းအဖြစ် နိုင်ငံတော်သမ္မတကသော်လည်းကောင်း၊ နိုင်ငံတော်သမ္မတ အာဏာအပ်နှင်းထားသူကသော်လည်းကောင်း အမိန့်ကြေညာစာ ထုတ်ပြန်ထားခြင်းလည်း မရှိပါ။

သောင်းကျန်းအဖွဲ့လား

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို သောင်းကျန်းသူများဟုပင် ခေါ်ဆိုသုံးနှုန်းရန် မသင့်ပါ။ သောင်းကျန်းသူအဖွဲ့များဟုလည်း ဆိုနိုင်မည် မဟုတ်ပါ။

သြဂုတ် ၁၃ ရက်နေ့က နေပြည်တော်ရှိ MICC2 တွင် တပ်မတော်ကိုယ်စားလှယ်က တိုင်းရင်းသား လက်နက်ကိုင် သောင်းကျန်းသူဟု သုံးနှုန်းခဲ့ခြင်းအပေါ်၌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးက တိုင်းရင်းသား လက်နက်ကိုင်များကို သောင်းကျန်းသူဟု မသုံးသင့်ကြောင်း ပြောကြားခဲ့သည်။

ထိုသို့ ပြောကြားမှုနှင့်ပတ်သက်၍ ဆွေးနွေးခဲ့သော တပ်မတော်အရာရှိကြီးက “အရင်ကတော့ တိုင်းရင်းသား လက်နက်ကိုင် သောင်းကျန်းသူ ဆိုပြီး သုံးခဲ့ကြောင်း၊ နောက်ပိုင်းမှာ ကျနော်တို့ သတိထားပါတယ်။ ဒီလို နိုင်ငံရေးပြဿနာရှိတဲ့ ပြဿနာတွေမှာ အမှန်တော့ ကျနော်ပြောတာ တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခပါ။ ကျန်တဲ့ စကားတွေတော့ မပြောပါဘူး၊ ကျနော် ဂရုစိုက်ပါတယ်။ နည်းနည်းတော့ မှားပြီး ပါသွားတာပေါ့လေ” ဟု မီဒီယာများအား ပြန်လည်ဖြေကြားခဲ့ပါသည်။

သို့ဖြစ်၍ တိုင်းရင်းသား လက်နက်ကိုင်များကို သောင်းကျန်းသူများဟု ခေါ်ဆို သုံးနှုန်းခြင်းကိုပင် မပြုတော့ပါ။

ယနေ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ကြိုးပမ်းမှုကာလ၌ တိုင်းရင်းသား လက်နက်ကိုင်များသည် အကြမ်းဖက်အဖွဲ့များ၊ လက်နက်ကိုင်သောင်းကျန်းသူများ၊ မတရားအသင်းအဖြစ် ဥပဒေဖြင့် တရားဝင် သတ်မှတ်ထားခြင်း မရှိသည်များကို သတိချပ်သင့်လှပါကြောင်း.........။

(ရှေ့နေ-မောင်ကံ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013