
အမေရိကန်နိုင်ငံနဲ့ သမ္မတ ဒေါ်နယ်ထရမ့်ပ်ထက် တရုတ်နိုင်ငံနဲ့ သမ္မတ ရှီကျင့်ဖျင်ကို ကမ္ဘာ့နိုင်ငံအများစုက အကောင်းပိုမြင်လာကြတယ်လို့ အမေရိကန်အခြေစိုက် Pew သုတေသနစင်တာရဲ့ လေ့လာမှုအသစ်မှာ ဖော်ပြပါတယ်။
ဒါဟာ စစ်တမ်းကောက်ယူခဲ့တဲ့ အနှစ် ၂၀ လောက် သမိုင်းတလျှောက် ပထမဆုံးအကြိမ် အပြောင်းအလဲ ဖြစ်လာတာပါ။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကနေ မေလအထိ နိုင်ငံပေါင်း ၃၆ နိုင်ငံက လူ ၄၂,၀၀၀ ကျော်ကို ကောက်ယူခဲ့တဲ့ စစ်တမ်းရလဒ်တွေကို ဇူလိုင် ၁၅ ရက်မှာ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
ဒီစစ်တမ်းအရ ကနေဒါနဲ့ မက္ကဆီကို အပါအဝင် နိုင်ငံပေါင်း ၂၅ နိုင်ငံက ပြည်သူတွေဟာ အမေရိကန်ထက် တရုတ်နိုင်ငံကို ပိုပြီး အကောင်းမြင်နေကြပါတယ်။
ဒါပေမဲ့ ပိုလန်၊ ဖိလစ်ပိုင်၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ ဂျပန်နဲ့ အစ္စရေး စတဲ့ နိုင်ငံ ၆ နိုင်ငံကတော့ အမေရိကန်ကို ဆက်ပြီး အားပေးနေကြဆဲ ဖြစ်ပါတယ်။
ခေါင်းဆောင် ၂ ယောက်ကို နှိုင်းယှဉ်ရာမှာလည်း ဥရောပနိုင်ငံကြီးတွေ အပါအဝင် နိုင်ငံပေါင်း ၂၂ နိုင်ငံက ပြည်သူတွေဟာ ထရမ့်ပ်ထက် ရှီကို ပိုပြီး အကောင်းမြင်ကြပါတယ်။
ဒါပေမဲ့ ကမ္ဘာ့ရေးရာကိစ္စတွေ ကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာတော့ ခေါင်းဆောင် ၂ ယောက်စလုံးအပေါ် ယုံကြည်မှု နည်းပါးကြတာကို တွေ့ရပါတယ်။
အခုလို အမေရိကန်အပေါ် အမြင်ဆိုးလာတာဟာ ထရမ့်ပ် အစိုးရရဲ့ မူဝါဒ အပြောင်းအလဲတွေနဲ့ စစ်ရေးပဋိပက္ခတွေကြောင့်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။
တရုတ်နိုင်ငံကတော့ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် ပိုပြီး ယုံကြည်ရတဲ့ မိတ်ဖက်နိုင်ငံအဖြစ် ရှုမြင်ခံလာရတာ ဖြစ်ပါတယ်။
ဒါပေမဲ့ နိုင်ငံသားတွေရဲ့ ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်ကို လေးစားလိုက်နာတဲ့ အပိုင်းမှာတော့ အမေရိကန်က တရုတ်ထက် သာလွန်နေဆဲဖြစ်ကြောင်း စစ်တမ်းမှာ ဖော်ပြထားပါတယ်။










