DVB Logo
Home
မြန်မာသတင်း
အာမခံပေးသင့်တယ်လို့ ကျမတို့က မျှော်လင့်ထားပါတယ် - ရှေ့နေ ဒေါ်ရွှေမိုဃ်းညွန့်
DVB
·
August 17, 2017
အာမခံပေးသင့်တယ်လို့ ကျမတို့က မျှော်လင့်ထားပါတယ် - ရှေ့နေ ဒေါ်ရွှေမိုဃ်းညွန့်
Donate to DVB

ဖမ်းဆီးခံထားရတဲ့ ဒီဗွီဘီနဲ့ ဧရာဝတီသတင်းထောက်တွေ အပါအဝင် ၆ ဦးရဲ့အမှုကို သီပေါမြို့ တရားရုံးမှာ သြဂုတ် ၁၈ ရက်နေ့ စတုတ္ထအကြိမ်ရုံးထုတ်မှာဖြစ်ပါတယ်။ ဒီတခေါက်ရုံးချိန်းမှာ သတင်းသမားတွေ အာမခံရဖို့ မျှော်လင့်ထားကြောင်း ဒီဗွီဘီသတင်းထောက်တွေရဲ့ ရှေ့နေ ဒေါ်ရွှေမိုဃ်းညွန့်က ပြောပါတယ်။

ဒေါ်ရွှေမိုဃ်းညွန့်ကို ဒီဗွီဘီသတင်းထောက် ကျော်ဇေယျာဝင်းက တွေ့ဆုံမေးမြန်းထားပါတယ်။

“ကျမတို့ မနက်ဖြန်ကို အရင်တပတ်က လျှောက်ထားတဲ့ အာမခံပေါ့။ တရားသူကြီးက အရင်အမိန့်ချမှာပါ။ အမိန့်ချပြီးသွားရင် ကျမတို့ တရားလိုပြသက်သေတွေ ဆင့်ခေါ်ထားတယ်။ အဲဒီ တရားလိုပြသက်သေတွေကို စစ်ပါမယ်။

မေး - ပထမတကြိမ်တုန်းကလည်း အာမခံလျှောက်ထားခဲ့တယ်။ ပယ်ချခံရတယ်၊ အခုတကြိမ်လည်း လျှောက်ထားတယ်ဆိုတော့ ဘယ်လောက်ထိ မျှော်လင့်ထားလဲခင်ဗျ။

“ပထမတကြိမ်လျှောက်ထားတုန်းက ကျမတို့က တရားလိုကို စစ်ဆေးနေဆဲပေါ့။ ကျမတို့ ဘက်က ပြန်လှန်စစ်မေးခြင်းမရှိသေးဘူး။ အဲဒီအမိန့်မှာကတည်းက တရားသူကြီးက အချက် သုံးချက်နဲ့ အကြောင်းပြတယ်ပေါ့နော်၊ တရားလိုကို စစ်ဆေးဆဲအဆင့်ဖြစ်တယ်၊ စွပ်စွဲခံရသူတွေက သီပေါမြို့နယ်မှာ နေထိုင်တဲ့သူတွေမဟုတ်ဘူး၊ နောက်တခုကကျတော့ တရားခံ အများအပြားရှိနေတယ်။ ဒါကြောင့် အမှုရဲ့ ရုပ်လုံးမပေါ်သေးတဲ့အတွက် အာမခံ မပေးသင့်ဘူး ဆိုပြီးတော့ ပယ်ချခဲ့တယ်ပေါ့။ ဒီတခေါက်မှာတော့ ကျမတို့က တရားလိုကိုလည်း သက်သေစစ်ဆေးပြီးသွားပြီ၊ ရှာဖွေသက်သေကိုလည်း စစ်ဆေးပြီးသွားပြီဆိုတော့ ပထမ အမိန့် သုံးသပ်ထားချက်လေးနဲ့တော့ ကျမတို့  ညီညွတ်လာပြီလို့တော့ ထင်ပါတယ်။ အဲဒီတော့ ကျမတို့ မျှော်လင့်ချက်တော့ ရှိပါတယ်။”

မေး - ပြီးခဲ့တဲ့ တတိယမြောက် ရုံးချိန်းမှာလည်း ဆင့်ခေါ်ထားတဲ့ တပ်မတော်ဘက်က အရာရှိ နှစ်ယောက် မလာနိုင်ဘူးပေါ့နော်။ အဲဒီအပေါ်မှာ အချိန်တွေ ကြန့်ကြာတယ်ဆိုပြီးတော့ ဝေဖန်မှုတွေ ရှိတယ်။ အဲဒီအပေါ်မှာရော ဆရာမတို့အနေနဲ့ ဘယ်လိုမျိုး ရှုမြင်လဲခင်ဗျ။

“ကျမတို့အနေနဲ့ ဘယ်လိုရှုမြင်လဲဆိုတော့ သူတို့ကတော့ အကြောင်းပြတာ စစ်ကြောင်းသွားတယ်ပေါ့နော်။ အမှန်တကယ် စစ်ကြောင်းသွားတယ်ဆိုရင်တော့ ကျမတို့ဘက် ကတော့ ဘာမှပြောစရာမရှိဘူးပေါ့။ အမှန်တကယ် စစ်ကြောင်းမသွားဘူးဆိုရင်တော့ ကျမတို့ စွပ်စွဲခံရသူတွေ နစ်နာတယ်ပေါ့။”

မေး - မနက်ဖြန် ရုံးချိန်းနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုမျိုး မျှော်လင့်ထားလဲခင်ဗျ။

“ဘယ်လိုမျှော်လင့်ထားလဲဆိုတော့ ကျမတို့ စွပ်စွဲခံရသူတွေပေါ့၊ ဒီဗွီဘီက သတင်းထောက် နှစ်ယောက်ကတော့ သတင်းသမားရဲ့ သူတို့တာဝန်ပေါ့၊ ဒီဌာနမှာရှိနေတဲ့ သတင်းတာဝန်တွေ သူတို့ ထမ်းဆောင်နေတဲ့အချိန်မှာ ဒီလိုမျိုးတွေ ဖြစ်တဲ့အခါကျတော့  သတင်းသမားတွေအတွက်  တရားရုံးအနေနဲ့ ချင့်ချိန်ပြီးတော့  အာမခံပေးသင့်တယ်လို့တော့ ကျမတို့က မျှော်လင့်ထားပါတယ်”

တီအန်အယ်လ်အေရဲ့ မူးယစ်ဆေးဝါးဖျက်ဆီးပွဲကို သတင်းယူပြီးပြန်လာတဲ့ ဒီဗွီဘီသတင်းထောက် ဦးအေးနိုင်နဲ့ ကိုပြည့်ဘုန်းအောင်၊ ဧရာဝတီသတင်းထောက် ဦးသိန်းဇော်၊ တီးဝိုင်းမှာ ဒရမ်တီးတဲ့ မိုင်းထွန်းအေး၊ ကားမောင်းသမား မိုင်းဆန်းညွန့်နဲ့ စိုင်းအောင်ခမ်းတို့ ၆ ဦးကို ဇွန် ၂၆ ရက်မှာ တပ်မတော်စစ်ကြောင်းက ဖမ်းဆီးခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013