DVB Logo
Home
Lead Story
အာဏာမှ စီးဆင်းလာသော လုပ်ပိုင်ခွင့်၊ လုပ်ပိုင်ခွင့်မှ စီးဆင်းလာသော ကိုယ်ကျိုးစီးပွား
DVB
·
August 17, 2017
အာဏာမှ စီးဆင်းလာသော လုပ်ပိုင်ခွင့်၊ လုပ်ပိုင်ခွင့်မှ စီးဆင်းလာသော ကိုယ်ကျိုးစီးပွား
1 / 3
Donate to DVB

 

လက်နက်မှောင်ခိုလုပ်တဲ့ နိုင်ငံခြားရုပ်ရှင်ကားတကားထဲက ဒိုင်ယာလော့ခ်ကို သတိရမိပါတယ်။ သရက်ပင်ပေါ်က ကြွေကျတဲ့ သရက်သီးက သရက်ပင်ရဲ့အဝေးမှာ မကျရောက်ဘူး ဆိုတာပါ။ စီးဆင်းမှုဆိုတာ မြင့်ရာမှ နီးရာကို စီးဆင်းတတ်သလို အခွင့်အလမ်းဆိုတာလည်း နီးစပ်တဲ့နေရာက ပိုပြီးစီးဆင်းတတ်တဲ့သဘော ရှိပါတယ်။ ပုံပမာအားဖြင့်လည်း စစ်အုပ်ချုပ်ရေးကာလက အာဏာရှိသူတွေဆီက စီးဆင်းသွားတဲ့ လုပ်ပိုင်ခွင့်တွေဟာ တခြားဝေးဝေးလံလံကို ရောက်ရှိသွားတာ မဟုတ်ပါဘူး။ အနီး ပတ်ဝန်းကျင်ကိုသာ စီးဆင်းစေခဲ့တာပါ။

လူဆိုတာ မိမိရဲ့အလိုဆန္ဒကို ဖြည့်ဆည်းပေးနိုင်ရင် အသံမထွက်ပါဘူး။ ဖြည့်ဆည်းမပေးနိုင်မှ၊ ဖြည့်ဆည်းမပေးသည့်အပြင် ခွဲခြားဆက်ဆံတာပါ ခံရရင် အသံထွက်လာပါတယ်။ ဒါကြောင့် ဘယ်အစိုးရပဲတက်တက် အစိုးရနှင့် နီးစပ်တဲ့သူတွေ၊ အလွန်းသင့်တဲ့သူတွေဟာ လမ်းမပေါ်ကိုထွက်ပြီး ဆန္ဒဖော်ထုတ်တယ်ဆိုတာ အင်မတန်မှ နည်းကြပါတယ်။

ဘာကြောင့်လဲ၊ အာဏာဆီမှ စီးဆင်းလာတဲ့ လုပ်ပိုင်ခွင့်တွေနှင့် ကိုယ်ကျိုးစီးပွား ဖြစ်ထွန်းနေတဲ့သူတွေဟာ အစိုးရကို တော်လှန်တဲ့သူ၊ အစိုးရကို ဆန့်ကျင်တဲ့သူတွေ ဖြစ်လာလေ့ မရှိကြပါဘူး။ စစ်အာဏာရှင် မကောင်းရင်လည်း မကောင်းတာကို သိသိကြီးနှင့် ငြိမ်နေတဲ့သူတွေဟာ စစ်အာဏာရှင်စနစ်ကြောင့် ကိုယ်ကျိုးဖြစ်ထွန်းတဲ့သူတွေ များပါတယ်။ သူတို့ကတော့ အစိုးရကို ထိခိုက်စေရင် သူတို့ရဲ့ အကျိုးစီးပွားကိုပါ တပါတည်း ထိခိုက်တော့မယ်ဆိုတာ သိပါတယ်။

တနည်းအားဖြင့် ဒီလိုလူမျိုးတွေဟာ နိုင်ငံရေးကို သာမန်ပြည်သူတွေထက် နားလည်ကြတဲ့သူတွေပါ။ ဒါပေမယ့် နားလည်ပေမယ့် တိုင်းပြည်အပေါ် ထားရှိတဲ့ စေတနာဟာ မကောင်းတဲ့အခါ လူတွေရဲ့မေတ္တာကိုလည်း သူတို့ မရရှိတတ်ပါဘူး။ မြန်မာစစ်အာဏာရှင်စနစ်ကို လေ့လာတဲ့ စစ်တမ်းတချို့ရဲ့ အဆိုအရ မြန်မာတနိုင်ငံလုံးမှာ ရှိတဲ့ စီးပွားရေး ၈၀ ရာခိုင်နှုန်းဟာ ယခင်စစ်အုပ်စု ခေါင်းဆောင်တွေ၊ သူတို့ရဲ့ ဆွေတော်မျိုးတော်တွေ မိသားစု ၂၅ စုလောက်က ပိုင်ဆိုင်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

တကယ်တမ်း လေ့လာကြည့်ရင်လည်း တနိုင်ငံလုံးရဲ့ ဟဲဗီးဝိတ် စီးပွားရေးလုပ်ငန်းကြီးတွေဟာ သူတို့နှင့်ကင်းတာ မရှိသလောက်ပါပဲ။ ကုန်သွယ်ရေးနှင့် စစ်ရေးကို သံတမန်လုပ်ထားခဲ့တဲ့ ရွှေလမ်း၊ ငွေလမ်း ဇာတ်လမ်းတွေကိုလည်း အားလုံးအသိပဲ ဖြစ်ပါတယ်။

ဒါဟာ ဘာကို ပြနေသလဲဆိုရင် အာဏာရှိတဲ့သူက သူကိုယ်တိုင် ဝင်လုပ်လို့မရတဲ့ ကိစ္စတွေကို လုပ်ပေးနိုင်မယ့်သူကို လုပ်ခိုင်းလိုက်ပြီး အကျိုးစီးပွားရှာကြတဲ့စနစ်ကို ဖော်ညွှန်းပါတယ်။ အကျိုးဆက်ကတော့ ပြည်နယ်နှင့်တိုင်း ၁၇ ခုက ထွက်တဲ့ သယံဇာတတွေဟာ နိုင်ငံခြားသားတွေ ဇိမ်ခံဖို့ ဖြစ်စေပြီး ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးတွေဟာ တိုင်းတပါးကို ကျွန်သွားခံရတဲ့ ဇာတ်လမ်းတွေပါပဲ။ ခုထိလည်းပဲ သွားနေကြဆဲပါပဲ။ ဒါကို သတင်းစာတွေ၊ ဂျာနယ်တွေမှာ အသီးသီး တွေ့မြင်နေကြရပါတယ်။ နိုင်ငံတော်ခေါင်းဆောင်တွေ ကိုယ်တိုင်ကလည်း တိုင်ကြားခံနေရတယ်။

ဒီလို ဖောင်စီးရင်း ရေငတ်တဲ့ မြန်မာနိုင်ငံရဲ့ အဖြစ်အပျက်တွေဟာ ဒီမိုကရေစီ အစိုးရတရပ်ကို ခြေလှမ်းနေတဲ့ အစိုးရသက်တမ်း ၂ ဆက် ဖြစ်လာသည့်တိုင် ရှိနေဆဲပါပဲ။ ဒါပေမယ့် အာဏာကို မှီခိုပြီး ကိုယ်ကျိုးစီးပွား ဖြစ်ထွန်းနေတဲ့ သူတွေကတော့ ပိုနေမြဲ ကျားနေမြဲလို ဖြစ်နေတာပါ။

လတ်တလော တွေ့ရတဲ့ သတင်းတွေဆိုရင် အာဏာနှင့် လုပ်ပိုင်ခွင့် ရထားမှုက ဖြစ်ပျက်ခဲ့တဲ့ ဇာတ်လမ်းတွေလို့ ပြောလို့ရမှာပါ။ ကရင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ပြည်ထဲရေး အဆင့်မြင့်တာဝန်ရှိသူတွေကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆/၆၃ နှင့် တရားစွဲဆိုခံထားရတာတွေပါ။ တရားစွဲခံထားရတဲ့သူတွေက ကရင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်ထဲရေးဝန်ကြီးဌာနက ဒု-ရဲမှူးကြီးတဦး၊ ဒုတိယညွှန်ကြားရေးမှူးတဦး၊ ဦးစီးအရာရှိတဦး၊ မြေပိုင်ရှင် ကိုယ်စားလှယ်အဖြစ် လွှဲအပ်ခံထားရတဲ့ အရပ်သား ၂ ဦးဆိုတာကို ကြည့်ရင် ရာထူးဂုဏ်သိန် ကြီးမားတဲ့ နိုင်ငံ့ဝန်ထမ်းတွေပါ။

နောက်သတင်းတပုဒ်မှာလည်းပဲ ကရင်ပြည်နယ်က ဥပဒေချုပ်ရုံးက ဥပဒေအရာရှိ အဆင့် (၃)၊ တာဝန်ထမ်းဆောင်နေတဲ့သူ တဦးကို ပုဒ်မ ၅၆ နှင့်ပဲ တရားစွဲထားတာ တွေ့ရပါတယ်။ တကယ်တမ်း ပိုက်စိပ်တိုက်ပြီး စစ်ကြည့်ရင် နိုင်ငံတဝန်းလုံး ဒီထက်ပိုတဲ့ အရေအတွက်တွေကို တွေ့လာနိုင်မယ် ဆိုတာကိုတော့ ခန့်မှန်းနိုင်ပါတယ်။ အကြောင်းကတော့ လူတချို့ဟာ ရာထူးဂုဏ်သိန် ကြီးသလောက် ခေတ်နှင့် အလှမ်းဝေးနေသလို ကျန်နေကြသေးလို့ ဖြစ်ပါတယ်။ မီဒီယာသမားတွေကို နိုင်ငံတော်အဆင့်က ဘယ်လောက်ပဲ ပြေလည်အောင် ပြန်ဖြေကြားဖို့ ညွှန်ကြားထားပါစေ။ နယ်တွေမှာ မီဒီယာတွေကို စိမ်းနေဆဲ၊ ရန်သူလို ဆက်ဆံနေဆဲပါပဲ။ တချို့ကလည်း  ခုလောက် လူမှုကွန်ရက်တွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတာမှာတောင် စစ်အာဏာရှင်ခေတ်က အမူအကျင့်တွေ မပျောက်ဘဲ လာဘ်ပေးလာဘ်ယူတွေကို ထုံးစံအတိုင်း လုပ်နေဆဲပါပဲ။ ဒါတွေဟာ ခေတ်နှင့် အလှမ်းဝေးနေတဲ့ သင်္ကေတတွေပါ။ ကျနော်တို့တိုင်းပြည်ရဲ့ နယ်စွန်နယ်ဖျားတွေမှာ၊ တချို့ရုံးဝန်ထမ်းတွေဟာ၊ ဌာနဆိုင်ရာ အရာရှိကြီးတွေဟာ လာဘ်ပေးလာဘ်ယူမှုကို န်မစွ့လွှတ်နိုင်ကြသလို အာဏာကို အသုံးပြုပြီး လုပ်ပိုင်ခွင့်တွေကို ကိုယ်ကျိုးရှာနေတဲ့ စနစ်ကလည်း မပျောက်ကြသေးပါဘူး။ ခုတော့ ၂၀၁၀ ခုနှစ်ကနေ နောက်တမျိုး တိုးလာတာက လွှတ်တော်အမတ်တွေ၊ အစိုးရဝန်ကြီးတွေ ကိစ္စပါ။ သူတို့ဟာလည်း ရွှေ့ပြောင်းလာတဲ့ ခေတ်စနစ်အရ အာဏာနှင့် လုပ်ပိုင်ခွင့်တွေကို ရထားသူတွေပါ။ တလောကတောင်မှ ရန်ကုန်မှာ လွှတ်တော်အမတ် တဦးရဲ့ ခင်ပွန်း ပိုင်ဆိုင်တဲ့ လက်ဖက်ရည်ဆိုင်ကိစ္စကို သတင်းတွေထဲမှာ ကြည့်လိုက်ရပါသေးတယ်။ စစ်အုပ်စု၊ စစ်အုပ်စုကို မြင်နေတဲ့အခါ လက်ရှိ အာဏာနှင့် လုပ်ပိုင်ခွင့်ရှိတဲ့သူတွေကို သတိမပြုမိသလိုတောင် ဖြစ်နေကြပါသေးတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်နေ့က ရခိုင်ပြည်နယ် အစိုးရရုံးမှာ အစိုးရသက်တမ်း တနှစ်တာကာလရဲ့ လုပ်ဆောင်ချက်တွေကို သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ကြပါတယ်။ အချက်အလက်တွေ အများကြီးကိုလည်း သိခဲ့ရပါတယ်။ ဒီအထဲမှာ အစိုးရအဖွဲ့ရဲ့ ပြောကြားမှုအရ သိခဲ့ရတာ တခုက လက်ရှိ ရခိုင်တပြည်လုံးမှာ ကုမ္ပဏီ ၆၀၀ ကျော်နီးပါး ရှိတယ်လို့ ဆိုပါတယ်။ အလုပ်အကိုင် ရှားပါးတဲ့ ဒေသတခုဖြစ်တော့ လူအတော်များများဟာ ပထမ လွှတ်တော်သက်တမ်းကတည်းက ဆောက်လုပ်ရေးကုမ္ပဏီတွေ ထူထောင်ခဲ့ကြပါတယ်။ ဒီလို ထူထောင်ခဲ့ကြတာမှာလည်း လေ့လာမိသလောက် အင်ဂျင်နီယာပညာကို နားလည်တဲ့သူတွေ၊  ဆောက်လုပ်ရေးလုပ်ငန်း အတွေ့အကြုံ ရှိတဲ့သူတွေက ထူထောင်ထားတာလည်း ရှိသလို တချို့ လွှတ်တော်ပိုင်း၊ အစိုးရပိုင်းနှင့် နီးစပ်လို့ ထူထောင်၊ တင်ဒါအောင် စတဲ့ ခါတော်မီကုမ္ပဏီတွေက ပိုများတဲ့သဘောပါ။

ကုမ္ပဏီများရင်လည်း လေမုန်တိုင်းတခုလာရင် လမ်းတွေက ပျက်ဆဲ၊ အဆောက်အအုံတွေက ပြိုနေဆဲပါပဲ။ ဒါဟာ ကိုယ်တိုင် ရှေ့ထွက်မလုပ်နိုင်တဲ့ခါ နီးစပ်ရာကို စီးဆင်းစေလိုက်တဲ့ လုပ်ပိုင်ခွင့်တွေရဲ့ အကျိုးဆက်ပါပဲ။ နာတော့ ပြည်သူသာ နာပါတယ်။ ခုလည်း ရခိုင်ပြည်နယ်မှာ လမ်း၊ တံတား၊ အဆောက်အအုံတွေကို စံချိန်မီ၊ မမီ စစ်ဆေးဖို့ ပြည်နယ်အစိုးရက QC လို့ခေါ်တဲ့ အဖွဲ့တဖွဲ့ ဖွဲ့ထားပါတယ်။ ဒီအဖွဲ့ကတောာ့ အဆောက်အအုံတွေကို မှန်၊ မမှန် အရည်အသွေးမီ၊ မမီ စစ်ဆေးပေးရတာပါ။ ဒါပေမယ့် ဝေဖန်သံကတော့ သူတို့အတွက် ၅ ရာခိုင်နှုန်းကောက်ခံတဲ့ ကိစ္စပါ။ အဆောက်အအုံ အတွက် ချပေးထားတဲ့ ဘတ်ဂျက်က ဒီအဖွဲ့အတွက် ၅ ရာခိုင်နှုန်း ပေးနေရတော့ ပစ္စည်းဝယ်ယူရာမှာ၊ လုပ်ငန်းလုပ်ရာမှာ ပဲ့ပါသွားသလိုဖြစ်လို့ အဆောက်အအုံ ကောင်းဖို့အတွက် အခက်အခဲ ဖြစ်စေတယ်လို့ လုပ်ငန်းရှင်တွေက ဆိုပါတယ်။ ဘာပဲဖြစ်ဖြစ် ကန်ထရိုက်ကိစ္စတွေဟာ လွှတ်တော်ရောက် လက်ရှိ အာဏာပိုင်တွေနှင့် မကင်းရာမကင်းကြောင်း ရှိနေတယ် ဆိုတာပါ။

အာဏာနှင့် လုပ်ပိုင်ခွင့်ကို မိမိတို့ရဲ့ အကျိုးစီးပွားအတွက် အသုံးချမှု ရှိလာခဲ့ရင်၊ တွင်တွင်ကျယ်ကျယ် အသုံးချလာခဲ့ရင် အသုံးချခံရတဲ့ တိုင်းပြည်ဟာ နစ်နာပါတယ်။ နမူနာအားဖြင့် အာရှဒေသမှာလည်း အင်ဒိုနီးရှားတို့ ရှိခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ ၁၉၅၆ ခုနှစ်ကနေ ၁၉၈၈ ခုနှစ်အထိ သမ္မတဆူဟာတိုဟာ အာဏာကို မောင်ပိုင်စီးနေခဲ့ပါတယ်။ သူရဲ့နီးစပ်ရာ မိသားစုတွေ၊ လူပုဂ္ဂိုလ်တွေရဲ့ အကျိုးစီးပွားကိုသာ ဆောင်ပေးခဲ့တဲ့အတွက် ၁၉၉၇-၉၈ ဘဏ္ဍာရေး အကျပ်အတည်းနှစ်မှာ အင်ဒိုနီးရှားနိုင်ငံဟာ စီးပွားရေးစနစ် လုံးဝပျက်စီးခဲ့ပါတယ်။ ပြည်သူတရပ်လုံးဟာလည်း သည်းမခံနိုင်တဲ့အဆုံး လမ်းမပေါ် ထွက်ပြီး ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ အကျိုးဆက်ကတော့ ဆူဟာတိုဟာ ၁၉၉၈ မေလမှာ သမ္မတရာထူးက နုတ်ထွက်ပေးခဲ့ရတာပါ။ သူ့နောက် တက်လာတဲ့ သမ္မတဘီဂျေ၊ ဟာဘီဘီကတော့ အင်ဂျင်နီယာပညာရှင်လည်း ဖြစ်သလို အချိန်တိုအတွင်းမှာ အင်ဒိုနီးရှားရဲ့ ပြုပြင်ပြောင်းလဲမှုကို လုပ်ဆောင်နိုင်ခဲ့သူပါ။ သူ့လက်ထက်မှာ ပထမဆုံး ကာကွယ်ရေးဝန်ကြီး ရာထူးမှာ အရပ်ဘက်က လူတဦးကို ခန့်အပ်နိုင်ခဲ့ပါတယ်။ ဆူဟာတိုရဲ့ လှုပ်ရှားမှုကို ပြန်ကြည့်ရင် ကြီးမားတဲ့ နိုင်ငံရေးအသိုင်းအဝိုင်းကို ပိုင်ဆိုင်ထားသူ၊ ဂုဏ်သိက္ခာကြီးမားသူ ဖြစ်ပေမယ့် အာဏာကို အသုံးချပြီး နီးစပ်ရာကို လုပ်ပိုင်ခွင့်ပေး၊ ကိုယ်ကျိုးရှာခဲ့တဲ့အခါ မရှုမလှ ကျဆုံးရတာပါပဲ။

ကမ္ဘောဒီးယားနိုင်ငံမှာလည်း လာမည့် ၂၀၁၈ မှာ သမ္မတရွေးကောက်ပွဲ ရှိနေပါတယ်။ ပိုပေါ့အစိုးရကို တိုက်ထုတ်ပြီး တိုင်းပြည်ကို ကောင်းအောင် တည်ဆောက်မယ်ဆိုတဲ့ ဝန်ကြီးချုပ် ဟွန်ဆန်ကို ခုချိန်မှာ မြို့နေလူတန်းစားတွေနှင့် မျိုးဆက်သစ်လူငယ်တွေက ရာဇပလ္လင်က ဆင်းစေချင်ကြပါပြီ။ ၁၉၈၅ ခုနှစ်ကနေ ရာထူးမြဲလာခဲ့တဲ့ ဟွန်ဆန်ဟာ ခုချိန်မှာ နှစ်ပေါင်း ၃၇ နှစ်ထိ အာဏာကို ဆက်လက် ကိုင်ထားဆဲပါပဲ။ ဒါပေမယ့် ၂၀၁၃ ဇူလိုင်မှာ ပြုလုပ်ခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာတော့ ဟွန်ဆန်ရဲ့ ကမ္ဘောဒီးယား အမျိုးသားကယ်တင်ရေးပါတီ CNRP ဟာ မဲမသမာမှု လုပ်ခဲ့တယ်ဆိုပြီး အတိုက်အခံပါတီဖြစ်တဲ့ ကမ္ဘောဒီးယားပြည်သူ့ပါတီ CPP က ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ပါတယ်။ အကျိုးဆက်ကတော့ တံခါးပိတ်ဆွေးနွေးပွဲတွေ ပြုလုပ်ကာ သဘောတူညီချက်တချို့ကို ရရှိခဲ့ကြပါတယ်။ ကမ္ဘောဒီးယားနိုင်ငံမှာလည်းပဲ နိုင်ငံရဲ့စီးပွားရေးဟာ ဟွန်ဆန်ရဲ့ အပေါင်းပါတွေဆီမှာ ရောက်နေတာပါ။ အစိုးရက ချပေးထားတဲ့ မြေယာ ဟက်တာ သန်းပေါင်းများစွာမှာ Tycoon သူဌေးကြီး ၅ ဦးဆီကို ရောက်ရှိနေတယ်လို့ ဆိုပါတယ်။ အကျိုးအမြတ်ကိုတော့ ဟွန်ဆန်ရဲ့ မိသားစုနဲ့ လက်တဆုပ်စာ လူတချို့ကသာ ခံစားနေကြရတာပါ။

အချုပ်အားဖြင့်ဆိုရရင် ဘယ်အစိုးရမဆို မိမိတို့အစိုးရအဖွဲ့ရဲ့ လုပ်ဆောင်ချက်ကို အားမရဘူး၊ မကျေနပ်ဘူးလို့ မပြောကြပါဘူး။ အာဏာလက်လွှတ်ကြရမှသာ တချို့က ဖွင့်ဟကြတဲ့ သဘောပါ။ မိမိတို့ အာဏာရရှိနေတဲ့အခိုက်မှာတော့ လုပ်ပိုင်ခွင့်တွေကို နီးစပ်ရာပေး၊ ကိုယ်ကျိုးစီးပွားရှာတဲ့ စနစ်ဟာ မဖွံ့ဖြိုးတဲ့ တိုင်းပြည်တွေမှာ ပိုရှိတတ်ပါတယ်။ တဘက်ကကြည့်ရင် ဒီလို လုပ်ဆောင်ချက်တွေကြောင့်လည်း နိုင်ငံမဖွံ့ဖြိုး ဖြစ်နေတာပါ။ မကြာသေးမီက ကျင်းပခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ၁ နှစ်ပြည့် အခမ်းအနားမှာတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူများထံမှ အမျိုးမျိုး မဲဆွယ်စည်းရုံးခဲ့ပြီး အစိုးရဖြစ်သည့်အခါ ပြည်သူအများ၏ ဆန္ဒကို လျစ်လျူရှုခြင်းသည် အစိုးရကောင်းများ၏ အလုပ် မဟုတ်လို့ ပြောဆိုခဲ့ပါတယ်။ လက်တွေ့မှာလည်း အစိုးရကောင်းတို့ရဲ့ အလုပ်ဖြစ်တဲ့ ပြည်သူတွေရဲ့ ဆန္ဒကို အကောင်အထည် ဖော်နိုင်ပါစေ။ ကိုယ်ကျိုးစီးပွား ဖြစ်ထွန်းစေသည့် အာဏာနှင့် လုပ်ပိုင်ခွင့်တွေကို ကြပ်မတ်ဆောင်ရွက်နိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

ကျော်လင်း(ရောင်စုံ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013