DVB Logo
Home
မြန်မာသတင်း
မူးယစ်ဆေးဝါးသုံးစွဲသူများ လူမှုရေးပြစ်ဒဏ်ကျခံရမည့်ဥပဒေ လွှတ်တော်အတည်ပြု
DVB
·
August 16, 2017
မူးယစ်ဆေးဝါးသုံးစွဲသူများ လူမှုရေးပြစ်ဒဏ်ကျခံရမည့်ဥပဒေ လွှတ်တော်အတည်ပြု
Donate to DVB

 

မူးယစ်ဆေးဝါးသုံးစွဲသူတွေကို ထောင်ဒဏ်အစား လူမှုရေးပြစ်ဒဏ်ပဲကျခံရမယ့် မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးများဆိုင်ရာဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကို သြဂုတ် ၁၆ ရက်မှာ အမျိုးသားလွှတ်တော်က အတည်ပြုလိုက်ပါတယ်။

အခုအတည်ပြုလိုက်တဲ့ဥပဒေအရ မူးယစ်ဆေးဝါးသုံးစွဲသူတွေဟာ ထောင်ဒဏ်ကျခံရ တော့မှာ မဟုတ်ဘဲ လူမှုရေးပြစ်ဒဏ်သာ ကျခံရတော့မှာဖြစ်ပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာန အနေနဲ့ ဥပဒေအတိုင်း ကိုယ်တွယ်ကျင့်သုံးသွားမယ်လို့ ဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုးကပြောပါတယ်။

“ပြစ်ဒဏ်တွေကို ကျနော်တို့က လူမှုရေးပြစ်ဒဏ်အနေနဲ့ ပြင်ဆင်ပြောင်းလဲ အတည်ပြုပြီး ဖြစ်ပါတယ်။ ဒီဥပဒေအပေါ်မှာ ပြင်ဆင်သင့်တဲ့ အချက်တွေကို ပညာရှင်တွေ၊ ကိုယ်စားလှယ်တွေ ဘက်ပေါင်းစုံကနေ ၀ိုင်းဝန်းစဉ်းစား ဆုံးဖြတ်ထားတာဖြစ်တဲ့အတွက် အသင့်လျော်ဆုံး ဥပဒေဖြစ်တယ်လို့ပဲ ပြောရမှာ ဖြစ်ပါတယ်။ ပြဌာန်းချက်တွေအပေါ်တိုင်းမှာတော့ အားသာချက်တွေရှိသလို အားနည်းချက်တွေလည်း ရှိနိုင်ပါတယ်။ ကျနော်တို့ကတော့ ပြဌာန်းထားတဲ့ ဥပဒေအတိုင်းပဲ ကိုင်တွယ်ကျင့်သုံး သွားမှာ ဖြစ်ပါတယ်”

ဒီဥပဒေပြဌာန်းပြီးရင် ပြစ်မှုပြစ်ဒဏ်တွေဟာ ဥပဒေအတည်ပြုပြီးနောက်ပိုင်းဖြစ်စဉ်တွေပဲ အကျိုးသက်ရောက်မှာဖြစ်ပြီး ဒီဥပဒေအတည်မပြုခင်က ဖြစ်စဉ်တွေအနေနဲ့ အကျုံးဝင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။

မူးယစ်ဆေးသုံးစွဲသူတွေဟာ ထောင်ဒဏ်အစား လူမှုရေးပြစ်ဒဏ်ပဲ ကျခံရတော့မှာဖြစ်တဲ့ အတွက် အခါခါကျုး လွန်နေရင် ဘယ်လိုလုပ်မလည်းဆိုတာကတော့ နည်းဥပဒေရေးဆွဲတဲ့ အခါမှာ ဆက်လက်ဆွေးနွေးရဦးမှာဖြစ်တယ်လို့ လည်း ဗိုလ်ချုပ်အောင်စိုးကဆိုပါတယ်။

“ဒါတွေနဲ့ပတ်သက်လို့လည်း နည်းဥပဒေတွေရေးဆွဲတဲ့အခါကျရင်တော့ ဒီအပေါ်မှာအခြေခံပြီး ပေါ်ပေါက်လာချက်တွေရှိမှာပါ။ ဒါတွေက ဆက်ပြီးဆွေးနွေးရမယ့်အချက်တွေ အများကြီး ကျန်ပါသေးတယ်။ ဥပဒေပြီးသွားရင် နည်းဥပဒေရေးဆွဲဖို့ အပိုင်းတွေလည်း ဆက်လက် ဆောင်ရွက်ရမှာ ဖြစ်ပါတယ် ”

ဥပဒေအရ မူးယစ်ဆေးဝါးသုံးစွဲသူဟာ လူမှုရေးအကျိုးပြုလုပ်ငန်းတွေဖြစ်တဲ့ သစ်ပင်ပန်းမန်စိုက်ပျိုးတာ၊ သန့်ရှင်းရေးလုပ်ငန်းတွေ ဆောင်ရွက်တာ၊ လမ်းတံတားတွေ ပြုပြင်တာ၊ လူမှုရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး အကျိုးပြုလုပ်ငန်းတွေကို ကြီးကြပ်သူရှေ့မှာ နှိမ့်ချတဲ့သဘော၊ ခွဲခြားဆက်ဆံတဲ့သဘော မသက်ရောက်တဲ့ သတ်မှတ်ထားတဲ့ ၀တ်စုံကိုဝတ်ဆင်ပြီး တစ်ရက် ၂ နာရီနဲ့ အနည်းဆုံး နာရီ ၁၈၀ ကနေ အများဆုံး နာရီ ၂၄၀ ကိုယ်ပိုင်လုပ်အားနဲ့ အခမဲ့ လုပ်ကိုင် ဆောင်ရွက်ရမှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013