DVB Logo
Home
Lead Story
ရွေးကောက်မှာလား ခန့်ထားမှာလား မြို့နယ်အုပ်ချုပ်ရေးဥပဒေ
DVB
·
August 16, 2017
ရွေးကောက်မှာလား ခန့်ထားမှာလား မြို့နယ်အုပ်ချုပ်ရေးဥပဒေ
Donate to DVB

 

ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေလို့ ပြောလိုက်တာနဲ့ နိုင်ငံတော် ဖွဲ့စည်းတည်ဆောက်ပုံရော နိုင်ငံတော်ကို ဘယ်လို အုပ်ချုပ်မှုပုံသဏ္ဌာန် လုပ်ဆောင်မယ် ဆိုတာတွေကိုပါ ထည့်သွင်း ရေးဆွဲကြရစမြဲပါ။

အစကတည်းက ယဉ်သကို ဆိုသလို မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေးယန္တရား စီးဆင်းပုံဟာ ဗဟိုအစိုးရအုပ်ချုပ်ရေး ဖွဲ့တည်ပုံနဲ့ တိုင်း/ပြည်နယ်အစိုးရတို့ ဖွဲ့တည်ပုံနဲ့ ကွာခြားတယ်။

တိုင်း/ပြည်နယ် ဖွဲ့ပုံစီးဆင်းတာက ပါလီမန်ဆန်ပြီး၊ ဗဟိုအစိုးရဖွဲ့ပုံက သမ္မတ အုပ်ချုပ်မှုစနစ် ဖွဲ့စည်းပုံ ဖြစ်နေတယ်။ ဒီအုပ်ချုပ်မှုပုံစံ နှစ်ခု ကွာခြားချက်ကြောင့် အုပ်ချုပ်ရေး ယန္တရားမှာ လစ်ဟာမှုတွေ ဖြစ်ပေါ်နေတာကို တွေ့လာရပါတယ်။

အုပ်ချုပ်ရေးဆိုင်ရာ ရွေးချယ်တင်မြှောက်ပွဲ ကျင်းပရာမှာ ရပ်/ကျေး တိုင်း/ပြည်နယ် ပြည်ထောင်စုအဆင့် အသီးသီးအတွက် အခွင့်အရေး ရှိနေပေမယ့် မြို့နယ်အဆင့် ရွေးကောက် တင်မြှောက်တာမျိုးတော့ မရှိခဲ့ပါဘူး။

ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အခန်း (၅) အုပ်ချုပ်ရေးဆိုတဲ့ အခန်းကို ကြည့်ပြန်တော့ ပုဒ်မ (၂၈၈) မှာ “ခရိုင်အဆင့်နှင့် မြို့နယ်အဆင့်တို့၏ အုပ်ချုပ်ရေးကို နိုင်ငံ့ဝန်ထမ်းများအား တာဝန်ပေး ဆောင်ရွက်စေရမည်”လို့ ပါရှိနေပါတယ်။

ဒါဆိုရင်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခန်း(၁) နိုင်ငံတော်အခြေခံမူများ ပုဒ်မ (၄) “နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတော်တဝန်းလုံး၌ တည်သည်”ဆိုတဲ့အချက်ကို ငြင်းဆန်ရာ ရောက်နေတယ်လို့ ယူဆရန် အကြောင်းတရပ် ဖြစ်ပေါ်လာပါတယ်။

မြို့နယ်အဆင့်မှာ နိုင်ငံသားများထံက အချုပ်အခြာအာဏာ ဆင်းသက်ခွင့် မရှိခြင်းလား။ ဒါမှမဟုတ် နိုင်ငံတဝန်းလုံး တည်ရှိမှုမှာ မြို့နယ်အဆင့် မပါဝင်ခြင်းလားဆိုတဲ့ အမေးများ ပေါ်လာစေတယ်။

ဥပဒေအချင်းချင်း ပဋိပက္ခဖြစ်ရင် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ အဆုံးအဖြတ်ပြုရပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ တခုတည်းအတွင်းက ပုဒ်မအချင်းချင်း ရှေ့နောက်ညီညွတ်မှု မရှိတာတွေ၊ နောက်ပုဒ်မက ရှေ့ပုဒ်မကို ချေဖျက်သလို ဖြစ်နေတာတွေကိုတော့ အခြေခံဥပဒေခုံရုံးကပဲ ဖြေရှင်းချက်ပေးရမှာ ဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ဆက်စပ်ပုဒ်မတွေက အခြေခံရမယ့် မူတွေကို ကျော်လွန်ပြီး ပြဋ္ဌာန်းခြင်းဟာ သင့်လျော်မှုရှိပါရဲ့လားဆိုတာ စဉ်းစားဆင်ခြင်စရာ ဖြစ်နေပါတယ်။

ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ဒီဗွီဘီရဲ့  Law Lab ပိုင်းခြားစိတ်ဖြာ ဥပဒေရေးရာ အစီအစဉ်မှာ မြန်မာအရေး လေ့လာသူ ဒေါက်တာရန်မျိုးသိန်း၊ Institute For strategy and policy  Myanmar ရဲ့ ဒါရိုက်တာ ဦးအောင်သူငြိမ်းနဲ့ ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှုကော်မတီက ဒေါ်သဉ္ဇာရွှန်းလဲ့ရည်တို့ ဆွေးနွေးခဲ့ကြပါတယ်။

အစီအစဉ်တင်ဆက်သူ ဦးခင်သန်းက “လက်ရှိအုပ်ချုပ်ရေးယန္တရား အခင်းအကျင်းကို ဘယ်လိုသုံးသပ်ပါသလဲ”လို့ မေးမြန်းရာမှာ ဦးအောင်သူငြိမ်းက “နိုင်ငံတကာမှာတော့ ဒေသန္တရ အစိုးရဆိုတာ ရှိတယ်။ သူတို့က စည်ပင်ရယ်၊ အုပ်ချုပ်ရေးမှူးရယ်၊ ကိုယ်စားလှယ်ရယ် ပေါင်းစပ်ဖွဲ့စည်းထားတယ်။ မြန်မာနိုင်ငံမှာလည်း ၁၉၅၃ ခုနှစ် ဒေသန္တရ အုပ်ချုပ်ရေး ရှိခဲ့ဖူးတယ်။ အုပ်ချုပ်ရေးမှူး၊ မြူနီစပယ်တို့နဲ့ ပေါင်းစပ် ဖွဲ့စည်းထားတာပါ။ မ.ဆ.လ လက်ထက်မှာ ပျက်စီးသွားခဲ့တယ်။ လက်ရှိ အခြေနေအရ သွားသင့်တာက စည်ပင်၊ အုပ်ချုပ်ရေးမှူးတို့နဲ့ ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ထားသူတွေနဲ့ ပေါင်းစပ် ဖွဲ့စည်းသင့်ပါတယ်”လို့ ဆိုပါတယ်။

ဒေါက်တာရန်မျိုးသိမ်းကလည်း အိမ်နီးချင်းနိုင်ငံတွေကို ထောက်ပြပြီး “အိမ်နီးချင်း နိုင်ငံတွေမှာလည်း ပြည်သူက တိုက်ရိုက်ရွေးချယ် တင်မြှောက်သူတွေနဲ့ အုပ်ချုပ်သွားခဲ့ကြတာပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း၊ ရွေးကောက်ခံ ကိုယ်စားလှယ်တွေ မပါရလို့ ပိတ်ပင်ထားတာ မရှိပါဘူး။ ပြည်ထောင်စုလွှတ်တော်က ဥပဒေပြဋ္ဌာန်းပြီး အကောင်ထည်ဖော်လို့ ရပါတယ်လို့ တင်ပြသွားပါတယ်။

ဒေါ်သဉ္ဇာရွှန်းလဲ့ရည်ကတော့ “ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေး ပူးလို့မရဘူး။ အုပ်ချုပ်မှု အပိုင်းမှာ လွှတ်တော်ကိုယ်စားလှယ် ဝင်ရောက်မစွက်ဖက်ရဘူး။ လွှတ်တော်ကိုယ်စားလှယ်က ညှိနှိုင်းဆောင်ရွက်ရုံပဲ ဖြစ်သင့်တယ်”လို့ ဆိုပါတယ်။

ဦးအောင်သူငြိမ်းကတော့ အုပ်ချုပ်ရေးမှူးဟာ နည်းပညာပိုင်းအရ ဖြည့်ဆည်းရုံပဲဖြစ်သင့်တယ်။ ဒီအုပ်ချုပ်ရေးမှာ ပြည်သူ့ကိုယ်စားလှယ်ပါဝင်တာနဲ့ အနည်းဆုံး လာဘ်စားမှု ကိုတောင် လျော့ချနိုင်တယ်လို့ ယူဆထားပါတယ်။ လူထုကိုယ်စားလှယ်မပါပဲ ဒီအတိုင်းဆက်သွားရင် လူထုဟာ အစိုးနှစ်ရပ်ကို ရင်ဆိုင်နေရသလိုပါပဲလို့ သုံးသပ်သွားပါတယ်။

ဆွေးနွေးချက်အားလုံးကတော့ ပြည်သူ့ကိုယ်စားလှယ်တွေနဲ့သာ ဖွဲ့စည်းအုပ်ချုပ်သင့်ကြောင်းကို အဓိကထားဆွေးနွေးသွားကြပါတယ်။ ဒါအပြင် ဒေသန္တရ ရန်ပုံငွေထားရှိခြင်းဖြင့် ငွေကြေးဆိုင်ရာ သမာသမတ်ကျမှုကိုမ ဖြစ်စေနိုင်ကြောင်းနဲ့ ဥပဒေမှာ လူထုကိုယ်စားလှယ်အတွက် Right to Recall ကိုလည်း ထည့်သွင်းရန်လိုကြောင်း တို့ကိုပါ ထည့်သွင်းဆွေးနွေး သွားကြပါတယ်။

ဆွေးနွေးချက်တွေက ရှုထောင့်အစုံကတင် ပြကြတာဖြစ်တဲ့အတွက်လည်း သတိမူစရာတွေ ပါဝင်နေတာပါ။ အခုချိန်ထိတော့ မြို့နယ်အုပ်ချုပ်ရေးဥပဒေကြမ်းအဖြစ် ရောက်မလာသေးပါဘူး။

သူရဦးရွှေမန်းရဲ့ ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်ကတော့   မူကြမ်းရေးဆွဲရေးအဖွဲ့တွေဆီကို ပေးပို့ပြီးဖြစ်တယ် လို့ဆို ထားပါတယ်။

လက်ရှိမောင်းနှင်နေတဲ့ အုပ်ချုပ်ရေးယန္တယားမှာ ဝန်ကြီးချုပ်နဲ့ အောက်ခြေအုပ်ချုပ်ရေးမှူးတွေကြားမှာ ကွာဟချက်တွေရှိနေပါတယ်။ ဝန်ကြီးချုပ်ကို တာဝန်ခံမယ့် မြို့နယ်အုပ်ချုပ်ရေး ယန္တယားမှာလူထုကိုယ်စားလှယ်ရှိမနေခြင်းကလည်း လစ်ဟာမှုတစ်ခု ဖြစ်နေတာပါ။

ဒါအပြင် ဦးရွှေမန်းကော်မရှင်ရဲ့ ထုတ်ပြန်မှုမရှိသေးတဲ့မူ အရဆိုရင် မြို့နယ်အုပ်ချုပ်ရေးကိုပေးထားတဲ့လုပ်ပိုင်ခွင့်အာဏာဟာ ကြီးမားလွန်းနေပါတယ်။ ပုဒ်မ ၁၄၄ ထုတ် ခွင့်အထိပါ ရှိနေတာကိုတွေ့ရပါတယ်။

အဲ့ဒီလိုကြီးမားတဲ့ လုပ်ပိုင်ခွင့်အာဏာမျိုးကို လူထုကိုယ်စားလှယ်မပါဘဲ ဝန်ထမ်းတစ်ဦး တယောက်လက်ထဲ လူထုကြမ္မာကို အပ်ထားရမယ်ဆိုတာကတော့ စဉ်းစားချင့်ချိန်သင့်တဲ့ကိစ္စဖြစ်တယ်။ ဒါကြောင့်မြို့နယ်အုပ်ချုပ်ရေးယန္တယားမှာ လူထုကိုယ်စားလှယ်ပါဝင်မှ သင့်လျော်မယ်လို့ထင်မြင်ချက်ကိုဆွေးနွေးတင်ပြလိုက်ပါတယ်။

ထွန်းဇော်ဌေး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013