DVB Logo
Home
Lead Story
ရခိုင်ဒေသ တည်ငြိမ်အေးချမ်းရေး ဘာလဲ ဘယ်လဲ - အယ်ဒီတာစကားဝိုင်း
DVB
·
August 16, 2017
ရခိုင်ဒေသ တည်ငြိမ်အေးချမ်းရေး ဘာလဲ ဘယ်လဲ - အယ်ဒီတာစကားဝိုင်း
Donate to DVB



ဒီတပတ်ဆွေးနွေးမယ့် အကြောင်းအရာကတော့ အခုရက်ပိုင်း ၆ ရက်နေ့က ဒု-သမ္မတ ဦးမြင့်ဆွေ ဦးဆောင်တဲ့ မောင်တော စုံစမ်းရေးကော်မရှင်ကနေပြီးတော့ ရခိုင်ဒေသမှာ လူမျိုးတုံးသတ်ဖြတ်မှု မရှိပါဘူးဆိုတဲ့ အစီရင်ခံစာတစောင် ထွက်ခဲ့ပါတယ်။ အဲဒီလိုပဲ ကုသလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်ကလည်း မောင်တောဒေသမှာ Ethnic Cleansing လိုမျိုး လူမျိုးတုံး သတ်ဖြတ်မှုတွေ ရှိတယ်။ အဲဒီလိုမျိုး Crimes Humanity လို့ခေါ်တဲ့ လူသားမျိုးနွယ် ရာဇဝတ်မှုတွေ ရှိနိုင်ခြေရှိတယ်ဆိုတာတွေ ထွက်နေပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး စုံစမ်းရေးကော်မရှင်ကိုလည်း လွှတ်ဖို့ တောင်းဆိုထားပေမယ့် မြန်မာအစိုးရကတော့ မြေပြင်အခြေအနေနဲ့ ကိုက်ညီမှုမရှိတဲ့အတွက် လက်ခံမှုမရှိပါဘူး။ အဲဒီအတွက်လည်း နိုင်ငံတကာမှာတော့ မြန်မာ့လူ့အခွင့်အရေးကို စိုးရိမ်တယ်ဆိုပြီး ဝေဖန်နေပါတယ်။ ဒီတပတ် ဆွေးနွေးမယ့်သူတွေကတော့ တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးနဲ့ ညီမျှခြင်း-မြန်မာမှ ဒါရိုက်တာ ဦးအောင်မျိုးမင်းတို့ ဖြစ်ပါတယ်။

ဦးတိုးဇော်လတ် (ဒီဗွီဘီ)

“ဆရာဦးမောင်မောင်စိုးကို အရင်မေးချင်ပါတယ်။ မြေပြင်အခြေအနေမှာ နိုင်ငံတကာက စိုးရိမ်သလို၊ ကုလသမဂ္ဂက စိုးရိမ်သလို တကယ်ရော လူမျိုးတုံး သတ်ဖြတ်မှုတွေ တကယ်ဖြစ်နေလား။ တကယ့်အခြေအနေမှန်တွေက ဘာတွေလဲ၊ အဲဒါကို ဆရာ စပြီးဆွေးနွေးပေးပါဦး။”

ဦးမောင်မောင်စိုး (တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ)

“ရခိုင်မှာရှိတဲ့ ဘင်္ဂါလီတွေနဲ့ပတ်သက်ပြီး ၂ ပိုင်း ရှိတယ်ဗျ။ တပိုင်းကတော့ မောင်တော မြောက်ပိုင်းခရိုင်ပေါ့။ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာ ရှိတဲ့လူတွေ။ မောင်တောမှာက အနည်းဆုံး ခန့်မှန်းခြေ ဘင်္ဂါလီဦးရေ ၅ သိန်းလောက်ရှိတယ်။ တိုင်းရင်းသားက ၃ သောင်းလောက်ပဲ ရှိတယ်။ ဘူးသီးတောင်မြို့နယ်ထဲမှာက ဘင်္ဂါလီလူဦးရေ ၂ သိန်းခွဲလောက် ရှိတယ်။ တိုင်းရင်းသားက ၄ သောင်းခွဲလောက် ရှိတယ်။ မောင်တောခရိုင်က ပြောမယ်ဆိုရင် ဘင်္ဂါလီဦးရေ ၇ သိန်းခွဲလောက်ရှိတယ်။ တိုင်းရင်းသားက ၇ သောင်းခွဲလောက် ရှိတယ်။ ဆယ်ချိုးတချိုးလောက် ရှိတယ်။ ဒါပေမယ့် အောက်ပိုင်း စစ်တွေတောင်ပိုင်း ရောက်သွားရင် ဘင်္ဂါလီလူဦးရေက နည်းသွားတယ်။ ပျမ်းမျှ ၁ သန်းလောက် ရှိတယ်ဆိုတော့။ စစ်တွေ၊ မြောက်ဦး၊ ကျောက်ဖြူ၊ သံတွဲမှာတော့ ၂ သိန်းခွဲလောက် ရှိမယ်ပေါ့။ အဲဒီတော့ ဒီပြဿနာကို ကြည့်မယ်ဆိုရင် တဘက်က အနည်းစု၊ တောင်ပိုင်းမှာ ဘင်္ဂါလီအနည်းစု ဖြစ်ပြီးတော့ မြောက်ပိုင်းမှာ ဘင်္ဂါလီက အများစုဖြစ်ပြီး တိုင်းရင်းသားက အနည်းစု။ အဲဒီတော့ ကုလသမဂ္ဂက အော်နေတဲ့ သဘာဝမကျတဲ့ အခြေအနေဆိုတာက အမှန်တကယ်ပဲရှိတယ်။ ၂၀၁၂ ခုနှစ် အရေးအခင်း ဖြစ်ပြီးကတည်းက ဝှိုက်ကတ်ကလည်း သိမ်းပြီးတဲ့အခါကျတော့ ဒုက္ခသည်စခန်း၊ စစ်တွေမှာဆိုရင် ဒုက္ခသည်စခန်းပတ်ဝန်းကျင်မှာ လူ ၁ သိန်းကျော်လောက် ရှိတယ်။ ၂၀၁၂ ကနေ ဒီနေ့အထိ ၂၀၁၇ အထိ ၅ နှစ်ရှိပြီ။ ဒီလူတွေဟာ မှတ်ပုံတင်လည်း မရှိဘူး၊ နိုင်ငံသားကတ်လည်း မရှိဘူး။ သွားလာခွင့်လည်း မရှိဘူး။ အလားတူပဲ ဘူးသီးတောင်၊ မောင်တော ဧရိယာထဲမှာ ရှိတဲ့လူတွေလည်း သွားလာခွင့်မရှိဘူး။ အဲဒီတော့ ပြဿနာက အစိုးရ၊ အထူးသဖြင့် ဦးသိန်းစိန် အစိုးရလက်ထက်ထဲက ၄ နှစ်ကျော် အချိန်ရတယ်။ မဖြေရှင်းခဲ့တဲ့ ပြဿနာ ဖြစ်တယ်။ အန်အယ်လ်ဒီအစိုးရ လက်ထက်က ၁ နှစ်ကျော်ပဲ ရှိသေးတယ်။ နိုင်ငံသားပြဿနာကို မဖြေရှင်းနိုင်ခဲ့တဲ့အခါမှာ သွားလာခွင့်ပြဿနာတွေလည်း မဖြေရှင်းနိုင်ဘူး။ အဲဒီတော့ ဒီလူတွေဟာ တကယ် နိုင်ငံသားဖြစ်သင့်တဲ့ အထောက်အထားရှိတဲ့လူ နိုင်ငံသား ပေးဖို့လိုတယ်။ ဧည့်နိုင်ငံသား စသဖြင့် ပေးဖို့လိုတယ်။ ဒါကို မဖြေရှင်းနိုင်တဲ့အခါမှာ နိုင်ငံတကာရဲ့ လက်ညှိုးထိုးခံရတာ ဒီအချက်ပဲ။ တကယ်လို့သာ နိုင်ငံသားဖြစ်တယ်ဆိုရင် နိုင်ငံသားအတိုင်း သွားရုံပဲ။ ဥပမာ ဆိုပါတော့ နိုင်ငံသားကတ် ထုတ်ပေးသင့်လို့ ပေးပြီဆိုရင်လည်း ဒီလူတွေကို နိုင်ငံသား အခွင့်အရေးပေးရမယ်။ အဲဒီတော့ ယူအန်ဖြစ်ဖြစ် နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ပြဿနာကြည့်ရင် ဒေသခံ တိုင်းရင်းသားတွေရဲ့ အခြေအနေတွေကိုလည်း ကြည့်ဖို့လိုတယ်။ ဒေသခံ တိုင်းရင်းသားတွေရဲ့ စိုးရိမ်ပူပန်မှုကိုလည်း ကြည့်ဖို့လိုတယ်။  တဘက်တည်းကိုပဲကြည့်ပြီး ပြဿနာကို ဖြေရှင်းမယ်ဆိုရင် ရခိုင်ပြဿနာကို ယူအန်လည်း မဖြေရှင်းနိုင်ဘူး။”

ဦးတိုးဇော်လတ် (ဒီဗွီဘီ)

“ဆရာမောင်မောင်စိုးကတော့ တကယ့်မြေပြင်၊ တကယ့် တောင်ပိုင်း မြောက်ပိုင်း လူနေအိမ်၊ လူဦးရေအခြေအနေ၊ နောက်တခုကလည်း နိုင်ငံသားဖြစ်မှု အဲဒါတွေကို ပြည့်ပြည်စုံစုံ ပြောသွားတယ်ပေါ့နော်။ ဆရာအောင်မျိုးမင်းလည်း မေးပါရစေ။ အခု မြန်မာပြည်မှာဆိုရင် နိုင်ငံတကာ ထွက်လိုက်တာနဲ့ ရခိုင်ဒေသကို အရင်ဆုံးမေးကြတယ်။ ဘင်္ဂါလီကိစ္စ ဘယ်လိုလဲ။ ဒီဟာပဲ အမြဲတမ်း ပြောနေကြတယ်ပေါ့နော်။ ကုလသမဂ္ဂရဲ့ စိုးရိမ်မှုတွေရှိသလို မြေပြင်အခြေအနေမှာလည်း ဒီလိုအခြေအနေတွေ ရှိတယ်ပေါ့။ အဲဒါနဲ့ ပတ်သက်လို့ မြန်မာပြည်ရဲ့ အန်အယ်လ်ဒီအစိုးရ ဦးဆောင်တဲ့ လက်ထက်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ တကယ်ပဲရှိနေတယ်၊ အဲဒီ image တွေ ဘယ်လို ပြန်ကောင်းအောင်၊ နိုင်ငံတကာမှာလည်း ယူအန်နဲ့ ပူးပေါင်းဆောင်ရွက်တာတွေ ရှိအောင်၊ မြေပြင်အခြေအနေနဲ့လည်း ကိုက်ညီအောင် ဘာတွေလုပ်သင့်လဲ။ ဖြည့်စွက်ဆွေးနွေးပေးပါဦး။”

ဦးအောင်မျိုးမင်း (ဒါရိုက်တာ၊ ညီမျှခြင်း-မြန်မာ)

“ပထမဦးဆုံးကတော့ ဆရာ ခုနက ပြောသလိုပါပဲ။ လူ့အခွင့်အရေးကို မျှမျှတတ မြင်ဖို့ လိုအပ်တယ်။ ဘယ်တဘက်ကို ကာကွယ်ဖို့၊ ဘယ်တဘက်ကို ပြစ်တင်ရှုတ်ချဖို့ဆိုတဲ့ ပုံစံမျိုးလည်း ကျနော်တို့ လုပ်လို့မရဘူး။ လူ့အခွင့်အရေးဆိုတာ ဘယ်သူ့ကိုပဲ ချိုးဖောက် ချိုးဖောက်၊ ဘယ်သူကပဲ ချိုးဖောက် ချိုးဖောက် လူ့အခွင့်အရေး ချိုးဖောက်မှု အနေအထားကို အားလုံးက ပကတိမြင်ဖို့ လိုအပ်ပါတယ်။ တချို့နေရာတွေမှာ လူဦးရေ အနည်းအများအရ အများကနေ အနည်းကို ရန်လိုတာမျိုး ရှိနိုင်တယ်။ တချို့နေရာကျရင်လည်း အဲဒီအမျိုးတစုကပဲ နောက်ထပ်အမျိုးတစုရဲ့ ရန်လိုမှု ခံရနိုင်တဲ့အတွက် ဒီဟာကို ပထမဦးဆုံး ရှင်းရှင်းလင်းလင်းသိဖို့ လိုအပ်ပါတယ်။ ကျနော်တို့မှာ အများစု လူသိများတာက ရိုဟင်ဂျာ ဘင်္ဂါလီလို့ ခေါ်တဲ့သူတွေအပေါ်မှာ ချိုးဖောက်မှုဆိုတာပဲ အများဆုံးတင်တယ်။ ဒေသခံတွေမှာလည်း ကျနော်တို့ကို အမြဲတမ်း လာပြောပါတယ်။ ကျနော်တို့ကိုလည်း ဒါမျိုး ချိုးဖောက်မှုဖြစ်တယ်ဆိုတော့ ဒါလေးက မြေပြင်မှာဖြစ်တယ်ဆိုတာ လုံးဝ ငြင်းစရာမရှိတဲ့ ကိစ္စပါ။ ဘယ်လိုပဲဖြစ်ဖြစ် စွပ်စွဲမှုတွေ ဖြစ်တယ်ဗျာ။ တဘက်ကလည်း ငြင်းဆိုတယ်။ တဘက်ကလည်း စွပ်စွဲမှုတခုကိုပဲ ပြောပြီးတော့ စကားလုံးကြီးတွေနဲ့ ပြောနေမှာ ဆိုတာမျိုးက ဘယ်လိုမှ အဖြေကို ကျနော်တို့ လုပ်နိုင်မှာမဟုတ်ဘူး။ ကျနော်တို့အနေနဲ့ ပြောချင်တာက အခုဆိုရင် ဒုတိယသမ္မတဦးမြင့်ဆွေ ဦးဆောင်တဲ့ ကော်မရှင်က လူ့အခွင့်အရေးချိုးဖောက်မှု မရှိပါဘူး မပြောဘူး။ Genocide မရှိဘူးဆိုတဲ့ အကြောင်းအရာကို သူတို့က ပြောသွားတယ်။ အဲဒီတော့ ဒါ အမျိုးမျိုးရှိတယ်၊ မရှိဘူး ပြောမယ့်အစား ရှိလား၊ မရှိလား သေချာနိုင်မယ့် ဒီထက်ပိုမိုလွတ်လပ်ပြီးတော့၊ ဒီထက်ပိုပြီး အကြောင်းအရာပေါင်းစုံကို ရှာနိုင်မယ့်အရာမျိုးကို ကျနော်တို့ အဖြေရှာနိုင်ရင် ပိုကောင်းပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ Genocide ရှိမှ လူ့အခွင့်အရေး ချိုးဖောက်တာ မဟုတ်ဘူး။ Crimes Humality ဖြစ်မှ လူ့အခွင့်အရေး ချိုးဖောက်တာ မဟုတ်ဘူး။ လူ့အခွင့်အရွေး ချိုးဖောက်မှုက  တဦးတယောက်အပေါ်ကို ဖြစ်နိုင်သလို ဘက်ပေါင်းစုံကလည်း ဖြစ်နိုင်တယ်။ ဒါကို ကျနော်တို့ အမှန်အတိုင်း ရှာဖွေနိုင်ပြီးတော့ ဒါကို ဘယ်လိုမျိုး ကာကွယ်နိုင်မလဲဆိုတဲ့ နည်းလမ်းနဲ့ ပိုမိုလုပ်ဆောင်သင့်သော နည်းလမ်းနဲ့၊ ပူပေါင်းဆောင်ရွက်တဲ့ နည်းလမ်းနဲ့ ပိုမိုလုပ်ဆောင်သင့်တယ်လို့ ကျနော် ယုံကြည်ပါတယ်။”

အပြည့်အစုံကို ရုပ်သံဖိုင်တွင် ကြည့်ရှုနိုင်ပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013