
ပုသိမ်မြို့က ကောင်းသန့် သောက်ရေသန့်လုပ်ငန်းကို ဩဂုတ် ၈ ရက်က ပုသိမ်မြို့နယ်တရားရုံးမှာ တရားစွဲဆိုလိုက်ပြီလို့ မြို့နယ်အစာဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်ဝင်းအောင်က ဒီဗွီဘီ ကိုပြောပါတယ်။
အများပြည်သူ သောက်သုံးရန်မသင့်တဲ့ ကိုလီဖောင်းပိုးတစ်မျိုးတွေ့ရှိခဲ့လို့ ကောင်းသန့် သောက်ရေသန့်လုပ်ငန်းကို ၆လတာ လုပ်ငန်း ရပ်ဆိုင်း ခိုင်းထားတာ ၈ လကျော်ရှိနေပြီး တိုင်းဒေသကြီး အစားအသောက်နဲ့ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီအပါအဝင် တိုင်းအစိုးရက အကြိမ်ကြိမ်စာထုတ်တားမြစ်ခဲ့ပေမယ့် လိုက်နာမှုမရှိခဲ့တာကြောင့် ခုလို တရားစွဲ ဆိုလိုက်တာပါ။
မြို့နယ်အစာဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီက တရားစွဲဆိုခဲ့တာဖြစ်ပြီး ရုံးချိန်းကိုတော့ ဩဂုတ် ၂၃ ရက်နေ့ကိုချိန်းဆိုထားပါတယ်။
ကောင်းသန့် ရေသန့်ပိုင်ရှင်ကတော့ သူ့အနေနဲ့စီးပွားရေးတိုက်ခိုက်ခံရတာဖြစ်ပြီး အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာန FDA ရုံးချုပ်ရဲ့ ထောက်ခံချက်ရရှိ ထားပြီးဖြစ်တယ်လို့ ပြောပါတယ်။
ဒါပေမယ့် အဲ့ဒီလက်မှတ်ဟာ သက်သက်တိုးခွင့်ပြုတာသာဖြစ်တယ်လို့ တိုင်ဒေသကြီး လူမှုရေးဝန်ကြီးကပြောပါတယ်။
ကောင်းသန့်ရေသန့် လုပ်ငန်းနဲ့ပတ်သက်လို့ တိုင်းလွှတ်တော်ဥက္ကဋ္ဌ ကိုယ်တိုင် သွားရောက်စစ်ဆေးခဲ့ပြီး လွှတ်တော်အနေနဲ့ ကော်မတီဖွဲ့စစ်ဆေးခဲ့ သအလို တိုင်းဒေသကြီါ် အစိုးရအဖွဲ့အနေနဲ့လည်း တရားစွဲဆိုဖို့ရှိနေပါတယ်။
ဧရာဝတီတိုင်းဒေသကြီးမှာ FDA က ရေသန့်လုပ်ငန်းတွေနဲ့ ပတ်သက်လို့ ရှောင်တခင်ဝင်ရောက်စစ်ဆေးမှုတွေပြုလုပ်နေပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်အတွင်းက ရေကြည်မြို့နယ်ထဲ က FDA ထောက်ခံချက် မရှိတဲ့ရေသန့်လုပ်ငန်း ၄ခုကို ရက်အကန့်အသက်မရှိပိတ်သိမ်းအရေးယူခဲ့သလို ဆက်လက်ဖော်ထုတ် အရေးယူဖို့တွေလည်းရှိတယ်လို့ FDA ဒုညွှန်ကြားရေးမှူး ဒေါက်တာပြည့်ဖြိုးကပြောပါတယ်။
သတင်း - သော်ဇင်မျိုး











