DVB Logo
Home
မြန်မာသတင်း
ဗကသကျောင်းသားဟောင်း ၁ ဦး အကျဉ်းထောင်တွင်း ကျောက်ခဲဖြင့် ခေါင်းကိုထုခံရ
DVB
·
August 15, 2017
ဗကသကျောင်းသားဟောင်း ၁ ဦး အကျဉ်းထောင်တွင်း ကျောက်ခဲဖြင့် ခေါင်းကိုထုခံရ
Donate to DVB

 

နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ) နဲ့ တောင်ငူထောင်မှာ  တရားစွဲဆို ချုပ်နှောင်ခံထားတဲ့ ဗကသ ကျောင်းသားဟောင်း ကိုအောင်ထက်ကို ထောင်တွင်းရရှိတဲ့ ဒဏ်ရာကြောင့် ဒီကနေ့ တောင်ငူ မြို့နယ်တရားရုံးက ကျပ်သိန်း ၅၀ ခံဝန် ၂ ဦးနဲ့  အာမခံပေးပြီး ဆေးကုသမှုခံယူခွင့် ပေးလိုက်ပါတယ်။

ပြီးခဲ့တဲ့ သင်္ကြန်ကာလက ကေတုအိုးဝေတော်လှန်ရေး သံချပ်အဖွဲ့က စပ်ဆိုခဲ့တဲ့ သံချပ်စာသားတွေထဲမှာ တပ်မတော်ရဲ့ ပုံရိပ်ကိုထိခိုက်စေတဲ့ စာသားတွေပါဝင်လို့ဆိုပြီး တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ဗိုလ်မှူးတယောက်က ကိုအောင်ထက်ကို တရားစွဲဆိုခဲ့ပါတယ်။

တောင်ငူမြို့နယ် တရားရုံးမှာ ထုချေရှင်းလင်းဖို့ ဇူလိုင်လ ၁၈ ရက်နေ့က ဆင့်ခေါ်ခဲ့ပြီး သြဂုတ် ၂ ရက်နေ့က တရားရုံးကိုသွားရောက်ချိန် ဖမ်းဆီးခံခဲ့ရပါတယ်။

တောင်ငူထောင်ထဲမှာ တပ်ပြေးတစ်ဦးရဲ့လက်ချက်နဲ့  ခေါင်းမှာဒဏ်ရာရခဲ့တာကြောင့် တရားသူကြီး ဦးလှိုင်မျိုးအောင်က  ကျပ်သိန်း ၅၀ တန် ခံဝန်သူ ၂ ဦးနဲ့ အာမခံပေးလိုက်တာလို့ ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

“၅၀၅ (ခ) နဲ့ စွဲထားတဲ့အမှုမှာ သူက ၆ ရက် ၈ လ မနက် ၈ နာရီမှာ နှစ်ကြီးအကျဉ်းကျနေတဲ့ တပ်ပြေး ညီညီနိုင်က လက်နက်မှုရော၊ ဓားပြမှုတွေရောနဲ့ စုံအောင်ကျနေတဲ့ ညီညီနိုင်က ကိုအောင်ထက်ကိုထားတဲ့ တောင်ငူထောင် တိုက်နံပါတ် ၅ အခန်းနံပါတ် ၈ မှာ ၀င်ပြီးတော့ ကျောက်ခဲနဲ့ ခေါင်းကိုထုတဲ့အတွက် သူ့မှာ ပြင်းထန်စွာ ဒဏ်ရာရရှိတယ်။ အဲဒီရရှိတဲ့ အနေအထားပေါ်မှာ တရားသူကြီးက ကိုယ်တိုင်ဒဏ်ရာကိုဖြည်ကြည့်ပြီးတော့ လေ့လာပြီးမှ ဒါကတော့ အပြင်မှာ ကုသင့်တယ်လို့ ယုံကြည်တဲ့အတွက် ကျပ်သိန်း ၅၀ တန် ခံဝန်သူနှစ်ဦးနဲ့  အချုပ်လွတ် ထုချေခွင့်ပေးလိုက်တာဖြစ်ပါတယ်။”

ကိုအောင်ထက်ကို ချုပ်ထားတဲ့အခန်းမှာတံခါးနှစ်ထပ်ပါပေမယ့် အကျဉ်းသားညီညီနိုင် အခန်းထဲ ဘယ်လိုဝင်ရောက်လဲဆိုတာ မသိသလို ဒီကိစ္စမှာ ထောင်အာဏာပိုင်တွေရဲ့ တာဝန်ဖြစ်တယ် လို့လည်း ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

“တံခါးနှစ်ထပ်၊ တံခါးတခုနဲ့တခုကြားမှာ ပေ ၂၀ လောက်ကွာတဲ့ တံခါးနှစ်ထပ်မှာ ရာဇ၀တ် အကျဉ်းသား ညီညီနိုင်ဘယ်လို သော့ရပြီးတော့ ၀င်ထုတယ်ဆိုတာတော့ မသိဘူး။ သို့သော် ဒါတိုက်တာဝန်ခံ တပ်ကြပ်ကြီးဆရာမဲကြီးဆိုတဲ့လူကတော့ ဒီကိစ္စကိုတာဝန်ရှိတယ်။ စီမံအုပ်ချုပ်မှု ပိုင်းဆိုင်ရာ ပြောရရင်တော့ ထောင်ပိုင်ကြီး ဦးမြသောင်းမှာလည်း အုပ်ချုပ်မှု အပိုင်းဆိုင်ရာ တာဝန်ရှိတယ်။”

ကျောက်ခဲနဲ့အထုခံရတဲ့ဒဏ်ရာကြောင့် ကိုအောင်ထက်မှာ ခေါင်းတခုလုံးကြေနေတဲ့ ဒဏ်ရာရရှိတဲ့ အတွက် ဒီနေ့အာမခံရလို့ ထွက်လာရင် ရန်ကုန်ဆေးရုံကို ပို့ဆောင်ကုသရမှာဖြစ်တယ်လို့လည်း ပြောပါတယ်။

အာမခံရရှိသူ ကိုအောင်ထက်က “နိုင်ငံရေးသမားကို ရိုက်ရင်သူ့အတွက် နာမည်ကြီးတယ်။ အဲဒီအတွက် သူထောင်ပြောင်းရမယ်။ ကျနော် ၅ ချက် အရိုက်ခံရတယ်။ ၁၀ ချက်ချုပ်ထားရတယ်”လို့ ပြောပါတယ်။

ကိုအောင်ထက်အပြင် ကေတုအိုးဝေတော်လှန်ရေးသံချပ်အဖွဲ့ ဦးဆောင်သူတဦးဖြစ်တဲ့ ကိုဗစ်တာဟာလည်း  ပုဒ်မ ၅၀၅-ခ နဲ့ တရားစွဲခံထားရပါတယ်။

ဓာတ်ပုံ - ကိုဇေယျာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013