DVB Logo
Home
မြန်မာသတင်း
ဟုမ္မလင်းမြို့နယ်၌ သေနတ်ပစ်ခတ်မှုဖြစ်ပွား၊ မူးယစ်ဆန့်ကျင်အဖွဲ့ဝင်ပျောက်ဆုံးနေ
DVB
·
August 14, 2017
Donate to DVB

ဩဂုတ်လ ၁၃ ရက်နေ့ နေ့လယ်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ ဟဲဖက်ကျေးရွာအနီးမှာ သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး မူးယစ်ဆန့်ကျင်ရေးအဖွဲ့ဝင်တဦး ပျောက်ဆုံးနေပါတယ်။

ဖြစ်စဉ်မှာ နွဲပတ်ကျေးရွာနေ ဦးခင်မောင်သန်းဆိုသူက ဟဲဖက်ကျေးရွာ ရွှေပွင့်ဖြူအောင်စံကုမ္ပဏီဘက်မှ တယောက်ထဲဆိုင်ကယ်စီးလာစဉ် လမ်းပေါ်မှာ သွေးအိုင်နဲ့ ဆိုင်ကယ်တစီးလဲနေတာ တွေ့ရှိခဲ့ပြီး ဆိုင်ကယ်လဲတယ်အထင်နဲ့ ကူညီဖို့လုပ်နေတုန်း ချောင်းကြီးချောင်းဘက်က သေနတ်သံတချက်ကြားရပြီး ပစ္စတိုသေနတ် ကိုယ်စီကိုင်ထားတဲ့ အသက် ၂၀ ခန့်အရွယ် လူငယ် ၂ ဦး ထွက်လာကာ သေနတ်နဲ့ချိန်ပြီး ခင်ဗျားဘယ်သူ့မှမပြောနဲ့လို့ ပြောဆိုကာ ထွက်သွားခဲ့တာပါ။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အနီးဆုံး မိုင်းကိုင်းနယ်မြေစခန်းကို သွားရောက်အကြောင်းကြားရာ စခန်းမှူး ရဲအုပ်မျိုးမင်းညွန့်နဲ့အဖွဲ့က သွားရောက်စစ်ဆေးခဲ့ပြီး အခင်းဖြစ်ပွားရာနေရာမှာ သွေးအိုင်၊ RAI 08 45 AUTO စာတန်းပါ ကျည်ခွံတစ်ခု၊ နီနက်ကြား ဆိုင်ကယ်တစီးတို့ကို တွေ့ရှိခဲ့ပါတယ်။

ပတ်ဝန်းကျင်ကို ဆက်လက်ရှာဖွေရာ လမ်းဘေးမှာ ဒရွတ်ဆွဲထားတဲ့ ရွတ်ကြောင်းတခုတွေ့ရပြီး စွပ်ကြောင်းအတိုင်းလိုက်လံကြည့်ရှုရာ ဖော့ဖိနပ် ၁ ရံ၊ အရှည် ၁၂ လက်မခန့် ပြောက်ကြားဓား အိမ် ၁ ခု၊ ဂျင်းဦးထုပ် ၁ လုံး၊ ခေါင်းကမ်းစပ်အနီးက PMC 9MM LUGER ကျည်ခွံ ၁ခုတို့ကို ထပ်မံ တွေ့ရှိခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဆိုင်ကယ်ပိုင်ရှင်ကို စုံစမ်းရာ ဟုမ္မလင်းမြို့နယ်၊ လက်ပံသာကျေးရွာက မူးယစ်ဆန့်ကျင်ရေးအဖွဲ့ဝင် အသက် ၄၆ နှစ်အရွယ် ကျော်မိုး (ခ) အောင်ကျော်မိုးဖြစ်တယ်လို့ သိရပါတယ်။ ပျောက်ဆုံးနေတဲ့ ကျော်မိုး(ခ)အောင်ကျော်မိုးကို လိုက်လံရှာဖွေနေကြပြီး ဥပဒေအရ အရေးယူနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ မိုင်းကိုင်းနယ်မြေရဲစခန်း ကနဦးသတင်းတွေအရ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မိုင်းကိုင်းစခန်းမှုး ရဲအုပ်မျိုးမင်းညွန့်နှင့် ဟုမ္မလင်းမြို့နယ်ရဲတပ်ဖွဲ့ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အသေးစိတ်ပြန်လည်ဖြေကြားတာ မရှိခဲ့ပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013