
သြဂုတ် ၁၃ ရက်နေ့ကို ရခိုင်ပြည်နယ်လူ့အခွင့်အရေးနေ့အဖြစ်သတ်မှတ်ပေးဖို့ နှစ် ၅၀ ပြည့် စစ်တွေ ဆန်ပြဿနာ အရေးတော်ပုံနေ့မှာ တောင်းဆိုလိုက်ကြပါတယ်။
လူပေါင်း ၃၀၀ ကျော်သေဆုံးခဲ့ရတဲ့ စစ်တွေဆန်ပြဿနာအရေးတော်ပုံ နှစ် ၅၀ ပြည့် အခမ်းအနားကို သြဂုတ်လ ၁၃ ရက်နေ့ စစ်တွေမြို့ ဦးဥတ္တမခန်းမမှာကျင်းပခဲ့ပြီး သြဂုတ် ၁၃ ရက်နေ့ကို ရခိုင်ပြည်နယ်လူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်ပေးဖို့ အခုလို တောင်းဆိုလိုက်ကြ တာပါ။
ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က အမှုဆောင်ဒါရိုက်တာ ဦးအောင်မင်းဦး “ကျနော်တို့ ရခိုင်ပြည်သူ ၃၀၀ လောက်ကို ၁၉၆၇ နှစ် ဦးနေဝင်း အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကျနော်တို့ ရခိုင်သမိုင်းမှာပဲဖြစ်ဖြစ် ပထမဦးဆုံးသတ်မှုကြီးပေါ့နော်။ အဲ့လိုမျိုးဖြစ်ခဲ့တာတွေကို လူထုတွေက ငြိမ်းချမ်းစွာဆန္ဒပြတောင်းဆိုတဲ့ဟာကို သူတို့ လက်နက်သုံးပြီးတော့ ဖြိုးခွင်းခဲ့တယ်။ အဲ့ဒီမှာ ပြည်သူပေါင်း ၃၀၀ ကျော်ပစ်သတ်ခံရတာရှိတယ်။ အဲ့ဒီကြောင့် ဒီနေ့ကို ကျနော်တို့ ရခိုင်ပြည်ရဲ့ လူ့အခွင့်အရေးနေ့အဖြစ် အဓိကတောင်းဆိုသွားမှာ ဖြစ်ပါတယ်”လို့ ဒီဗွီဘီကိုပြောပါတယ်။
၁၉၆၇ ခုနှစ် ဦးနေဝင်း အာဏာသိမ်းပြီးတဲ့နောက် ရခိုင်ပြည်နယ်အတွင်းမှာ ဆန်ရှားပါမှု ပြဿနာနဲ့ ရင်ဆိုင်ခဲ့ရပြီး ပြည်သူတွေကိုဆန်ရောင်းချမှုမရှိဘဲ ပြည်ပကို သဘောင်္ာကြီးတွေနဲ့ တင်ပို့ခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့ ပြည်သူတွေလမ်းပေါ်ထွက် ဆန္ဒပြတောင်းဆိုခဲ့ရာရာ သေနတ်နဲ့ ပစ်သတ်ခဲ့လို့ ပြည်သူတွေရာနဲ့ချီ သေဆုံးခဲ့ရပါတယ်။
အခုလို စစ်တွေ ဆန်ပဿနာအရေးတော်နေ့ ကျင်းပရတာဟာ လူပေါင်း ၃၀၀ ကျော်သေဆုံး ခဲ့ရတဲ့ အဲ့ဒီနေ့ကို သတိရဖြစ်စေဖို့ မမေ့ဖို့အတွက်ကျင်းပရတာလို့ ၈၈ ရခိုင်မျိုးဆက်များ လူမှုဖွံ့ဖြိုးရေးအဖွဲ့က အထွေထွေအတွင်းရေးမှူး ဦးခိုင်ဆန်းအောင်က ပြောပါတယ်။
“တောင်သူလယ်သမားပိုင်တဲ့ဆန်တွေကို အတင်းအဓမ္မသိမ်းဆည်းထားတဲ့အတွက်နဲ့ ရခိုင် တပြည်နယ်လုံးမှာ ဆန်ပြဿနာကြုံခဲ့ရတယ်။ ရခိုင်လူထုဟာအငတ်ဘေးနဲ့ ကြုံခဲ့ရတယ်။ အဲ့ဒီ အတွက်ကြောင့်နဲ့ ဆန်းတောင်းခံခဲ့တယ်။ အစိုးရဆီမှာ ဒါပေမယ့် အစိုးရက ဆန်မပေးဘူး။ အစိုးရဟာ ဆန်မပေးဘဲနဲ့ ကျည်ဆန်ကိုသာ ပေးလိုက်တယ်။ လူပေါင်း ၃၀၀ ထက်မနည်း သေဆုံးခဲ့ရတဲ့နေ့ ဖြစ်တယ်။ ဒီလိုနေ့ အခမ်းအနားတွေကို လုပ်ပေးတိုင်းကျနော်တို့ ပြည်သူတွေ နိုးကြားလာမယ်။ ကျနော်တို့ အသိတရာတွေဝင်လာမယ်။ ကျနော်တို့ အမျိုးသားစိတ်တွေ တိုးတက်လာမယ်။ ထွန်းပြောင်လာမယ်။ အားတက်လာမယ်။ ဒီတော့ ကျနော်တို့ ဘာတွေ လုပ်ရမလဲ ကျနော်တို့ နိုင်ငံဖွံ့ဖြိုရေးအတွက် ဘာတွေလိုအပ်နေသလဲ၊ အစိုးရကို ကျနော်တို့ ဘာတွေ တောင်းဆိုရမလဲ၊ အစိုးရဆီက ဘယ်လိုပုံစံမျိုးတိုက်ပွဲဝင်ပြီး တောင်းဆိုမလဲဆိုတဲ့ အခြေခံပြီးတော့ ဒီထက်မက တိုတက်လာမယ်လို့ ယုံကြည့်ပါတယ်။”
စစ်တွေဆန်ပြဿနာနေ့ အရေးတော်ပုံနှစ် ၅၀ ပြည့်အခမ်းအနားကို စစ်တွေမြို့ ဦးဥတ္တမခန်းမ ပထမဦးဆုံး အကြိမ်ကျင်းပခွင့်ရခဲ့တာပါ။
ဒီအခမ်းအနားကို ရခိုင်လူ့အခွင့်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၊ ၀ံလက် ဖောင်ဒေးရှင်း (ရခိုင်ပြည်) နဲ့ ၈၈မျိုးဆက်များ လူငယ်ဖွံ့ဖြိုးရေးအဖွဲ့တို့က ဦးစီးပြီး ကျင်းပပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။
သတင်း - ၀ဏ္ဏခွာညို











