
ကချင်ပြည်နယ်၊ နမ္မတီးမြို့နယ်၊ ကဆုန့်ရွာမှာ မြန်မာ့တပ်မတော်နဲ့ ကေအိုင်အေတို့ တိုက်ပွဲဖြစ်ခဲ့တာကြောင့် မနေ့ညပိုင်းက ရွာသား ၅၀၀ လောက် ထွက်ပြေးတိမ်းရှောင် လာတယ်လို့ ကူညီနေသူတွေက ပြောပါတယ်။
လမ်းခွရွာ ကက်သလစ်အသင်းတော် အတွင်းရေးမှူး ဦးသောမတ်စ်က “ ညက ၃၀၀ လောက် ထပ်ရောက်တယ်။ ကလေးနဲ့ မိန်းမတွေများတယ်။ ဘုရားကျောင်းခန်းမရယ်၊ ဘုရားကျောင်း အဟောင်းရယ်၊ ဓမ္မာရုံရယ်မှာ ထားရတယ်။ ဒီလိုပဲ ပြွတ်သိပ်နေတာပေါ့။ ကျွေးတာကတော့ အသင်းတော်ကပဲ ချက်ကျွေးနေတယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။
သြဂုတ် ၁၁ ရက်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ကဆုန့်ရွာသားတွေဟာ ရွာကထွက်ပြေးလာပြီး တောထဲမှာတိမ်းရှောင်နေရလို့ အကူညီပေးနေသူတွေက သွားရောက် ခေါ်ယူခဲ့ရတာပါ။
သူတို့ကို လမ်းခွရွာက နှစ်ခြင်းအသင်းတော်နဲ့ ကက်သလစ်အသင်းတော် ဘုရားကျောင်းတွေမှာ နေရာချထားပေးပြီး လက်ရှိမှာတော့ ကက်သလစ် အသင်းတော်မှာ လူ ၅၀၀ ကျော်ဝန်းကျင် ရှိနေပါတယ်။
နှစ်ခြင်းအသင်းတော် တာဝန်ရှိသူတစ်ယောက်က “မနေ့ညက လူ ၂၀၀ ဝန်းကျင်လောက် ထပ်ရောက်ပြီး စုစုပေါင်း လူ ၇၀၀ ကျော်လောက်ရှိမယ်လို့ ပြောပါတယ်။ တိမ်းရှောင်လာ သူတွေထဲမှာ မသန်စွမ်း၊ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင် အယောက် ၄၀ ဝန်းကျင်ရှိပါတယ်။”လို့ ပြောပါတယ်။
ခုနောက်ဆုံးအချိန်ထိတော့ ရွာသား ၃ ယောက် ပျောက်ဆုံးနေတယ်လို့ သိရပြီး ကျန်တဲ့သူ အားလုံးကတော့ လမ်းခွရွာကိုရောက်နေပြီလို့ ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့ တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ကဆုန့်ရွာမှာရှိတဲ့ ကက်သလစ်ဘုရားကျောင်းမှာ အလှူခံပုံးတွေ ရိုက်ခွဲခံထားရသလို၊ ဘီယာပုလင်းတွေ၊ ကျည်ဆန်ခွံတွေ တွေ့ခဲ့တယ်လို့ မနေ့က ကဆုန့်ရွာကို ရောက်ခဲ့သူ တယောက်က ပြောပါတယ်။
ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ ရုံးရှေ့မှာလည်း ကားတစ်စီးပျက်စီးနေတာ တွေ့တယ်လို့ လည်း သူက ပြောပါတယ်။
ဓာတ်ပုံ - Nang Pu











