DVB Logo
Home
မြန်မာသတင်း
ရဲတပ်ဖွဲ့ဝင်တဦးအား သတ်ခဲ့သူများကို ၁၁ ရက်အကြာတွင် ဖမ်းမိ
DVB
·
August 14, 2017
Donate to DVB

မွန်ပြည်နယ် သထုံမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တဦးကို သေဆုံးအောင် ဓားနဲ့ ထိုးခဲ့သူတွေကို အခင်းဖြစ်ပြီး ၁၁ ရက်အကြာ သြဂုတ် ၁၄ ရက်နေ့ မနက်ပိုင်းက နေအိမ်တွေမှာ ဖမ်းဆီးရမိခဲ့တယ်လို့ သထုံမြို့မရဲစခန်းမှူးက ပြောပါတယ်။

သထုံမြို့မရဲစခန်းမှူး ဒုရဲမှူး မောင်မောင်က "ဖြစ်တာက သြဂုတ်လ ၃ ရက်နေ့က ဖြစ်တာ။ ဖမ်းမိတာက ၁၄ ရက်နေ့ မနက် ၁ နာရီလောက်မှာ ဖမ်းဆီးရမိတာပါ။ အခင်းဖြစ်တဲ့အချိန်က တပ်ဖွဲ့ဝင်နဲ့ပါလာတဲ့ သူ့ညီကိုတွေက လူတွေကိုတော့ မြင်ရင်မှတ်မိတယ် လူကိုရှာမတွေ့တာ။ ဒါကို မှုခင်းစစ်တဲ့နည်းလမ်းအရ ခဲပန်းချီဆွဲတယ်။ ဖြစ်နိုင်တဲ့ စကုတ်ကို ကျဉ်းနိုင်သမျှကျဉ်းအောင် လုပ်တော့ သူတို့အချက်လက်တွေရတယ်။ သူတို့လုပ်တဲ့ အကြောင်းကိုလည်း ဝန်ခံတယ်။ သူတို့နေအိမ်တွေမှာ လိုက်ဖမ်းရတာပါ။ သူတို့က အခင်းဖြစ်ပြီးကတည်းက နေအိမ်တွေမှာပဲ နေနေခဲ့ကြတာပါ''လို့ပြောပါတယ်။

ဖြစ်စဉ်မှာ သထုံမြို့နေ ရဲတပ်သား ချစ်မိုးဦး (၁၉ နှစ်) ဟာ သြဂုတ် ၃ ရက်နေ့ ည ၁၁ နာရီလောက်က ညီအစ်ကိုဝမ်းကွဲနှစ်ဦးနဲ့ဟာ မော်လမြိုင်-ရန်ကုန် ကားလမ်းအတိုင်း ဆိုင်ကယ်မောင်းနှင်လာစဉ် ပီတိစတိုးဆိုင်ရှေ့အရောက်မှာ နောက်မှ လူငယ် ၃ ဦးလိုက်ပါလာတဲ့ ဆိုင်ကယ်မှ အရှေ့မှပိတ်ရပ်ကာ လူငယ်တဦးက ဓားဦးချွန်နဲ့ထိုးခဲ့လို့ ရဲတပ်သားချစ်မိုးဦးမှာ ဝဲနံကြားထိုးသွင်းဒဏ်ရာ ရရှိသွားပြီး သထုံခရိုင်ဆေးရုံကြီးကို တင်ပို့ကုသစဉ် သေဆုံးသွားခဲ့တာပါ။

ရဲတပ်ဖွဲ့ဝင်ကို သတ်သွားတဲ့ သထုံမြို့ နန်းခဲရပ်ကွက် အောင်သက်ဖြိုး၊ အောင်မင်းထွန်း၊ ငွေနိုင်သိန်းတို့ ၃ ဦးကို သထုံမြို့မ ရဲစခန်းက (ပ) ၇၇၆/ ၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၀၂/ ၁၁၄ နဲ့ အမှုဖွင့်လှစ်ထားပြီး အမြန်ဆုံး အရေးယူနိုင်ရေးအတွက် စစ်ဆေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သတင်း - ယူမင်းစိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013