ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၄ ဦး မောင်တောတွင် ဖမ်းဆီးရမိ
ရခိုင်ပြည်နယ် မောင်တောမြို့မှာ တရားမဝင် ၀င်ရောက်လာတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၄ ဦးကို ဖမ်းဆီးရမိအရေးယူထားတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ပါတယ်။
မောင်တောမြို့နယ် နှာခေါင်းတိုကင်းစခန်း ချောင်းဝအနီးမှာ စက်တပ်ရေယာဉ် ၁ စီး ဆိုက်ကပ်လာကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သြဂုတ် ၁၂ ရက် မွန်းလွဲပိုင်းက သွားရောက်စစ်ဆေးရာ စက်တပ်သစ်သားလှေ ၁ စီး နဲ့အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနာပ်ဖ်မြို့နေ ဟာလာရာ ၂၀ နှစ် အပါအ၀င် ၄ ဦး တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၄ ဦးကို မေးမြန်းစစ်ဆေးရာမှာ ပင်လယ်ပြင်သို့ ငါးဖမ်းဖို့ ထွက်လာစဉ် လှိုင်းရိုက်ခတ်တာကြောင့် စက်ချို့ယွင်းပြီး မျောပါလာတာဖြစ်ကြောင်းနဲ့ မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာတာဖြစ်လို့ လူဝင်မှု ကြီးကြပ်ရေး အက်ဥပဒေအရ အမှုဖွင့်အရေးယူထားလို့ အစိုးရ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဓာတ်ပုံ-နိုင်ငံတော်၏ အတိုင်ပင်ခံရုံး











