DVB Logo
Home
မြန်မာသတင်း
ဖူးခက်တွင် မြန်မာမိန်းကလေးအသတ်ခံရမှု လူငယ် ၂ ဦးကို ဖမ်းဆီး
DVB
·
August 14, 2017
ဖူးခက်တွင် မြန်မာမိန်းကလေးအသတ်ခံရမှု လူငယ် ၂ ဦးကို ဖမ်းဆီး
Donate to DVB

 

ထိုင်းတောင်ပိုင်း ဖူးခက်ခရိုင် ဖူးခစ်မြို့မှာ ပြီးခဲ့တဲ့ သြဂုတ် ၁၀ ရက်နေ့က မြန်မာမိန်း ကလေးတဦး လည်ပင်းမှာ ခါးပတ်ကြိုးနဲ့ ချည်ပြီး အသတ်ခံခဲ့ရတာနဲ့ ပတ်သက်လို့  မြန်မာ လူငယ် နှစ်ဦးကို ထိုင်းရဲတွေက သြဂုတ် ၁၂ ရက်နေ့ မနက်မှာ ဖမ်းဆီးခဲ့ကြောင်း ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။

အဆိုပါ မြန်မာလူငယ် ၂ ဦးမှာ အသက် ၂၄ နှစ်ရွယ်ရှိ ဟန်နိုင်လင်း (ထိုင်းအသံထွက် အနီးစပ်ဆုံး အမည်) နဲ့  အသက် ၃၂ နှစ်ရွယ် အောင်ထွေးဦး တို့ဖြစ်ပါတယ်။

သူတို့ နှစ်ဦးကို သြဂုတ် ၁၂ ရက် မနက်အစောပိုင်းက သူတို့နေထိုင်ရာ ချလောင်ရပ်ကွက်ရှိ အလုပ်သမားအိမ်တန်းလျားမှာ သေဆုံးသူရဲ့ လက်ကိုင်ဖုန်း ၂ လုံး၊ ရွှေလက်စွပ် ၁ ကွင်း၊ နားကပ်တဖက်၊ ရွှေဆွဲကြိုးရောင်းရငွေ ဘတ် ၉ ထောင် နဲ့ သီတာမိုးဆီက ယူခဲ့တယ်လို့ ယူဆရတဲ့ ဘတ်ငွေ ၃၅၀၀ စတဲ့ သက်သေခံ ပစ္စည်းတွေနဲ့အတူ  ဖမ်းဆီးခဲ့တယ်လို့  ဖူးခက်ရိုင် မြို့မရဲစခန်း တာဝန်ကျ ဒုရဲမှူး ပထပ်ခွမ်နားက သတင်းထောက်တွေကို ပြောပါတယ်။

စစ်ဆေးချက်အရ သူတို့ ၂ ဦးအနက် ဟန်နိုင်လင်းဆိုသူမှာ သေဆုံးသူမိန်းကလေး သီတာမိုး - ၂၀ နှစ်ရဲ့ ရည်းစားဟောင်း ဖြစ်ကြောင်း၊  အခင်းဖြစ်တဲ့နေ့ကတော့ ဟန်နိုင်လင်းက သီတာမိုးကို အရင်လိုပြန်ချစ်ဖို့ လာရောက်ညှိနှိုင်းရာမှာ သီတာမိုးက ငြင်းပယ်တဲ့အတွက် နှစ်ဦးသား စကားများရန်ဖြစ်ပြီး ဟန်နိုင်လင်းက သူမလည်ပင်းကို ခါးပတ်နဲ့ ညှစ်ပြီးသတ်ခဲ့ မိကြောင်း၊ သူက သီတာမိုးရဲ့ ဆွဲကြိုးကို သွားရောင်းချစဉ် ရဲတွေက သိရှိသွားတာလို့  ၀န်ခံ သွားပါတယ်။

ရဲတပ်ဖွဲ့က ဟန်နိုင်လင်းကို တမင်ကြံစည်လူသတ်မှု၊ ပစ္စည်းခိုးမှုတွေနဲ့ အမှုဖွင့်အရေးယူထားပြီး သူ့အပေါင်းပါ အောင်ထွေးဦးကိုလည်း ဒီအမှုမှာ ပူးပေါင်းကြံစည်သူအဖြစ် အမှုဖွင့်ထားပါတယ်။

အသက် ၂၀ နှစ်ရွယ် မသီတာမိုးမှာ ဖူးခက်မြို့ ရာဝိုင်ရပ်ကွက်ရှိ စားသောက်ဆိုင်တဆိုင်မှာ စားပွဲထိုးအလုပ် လုပ်ကိုင်နေပြီး ရုပ်ရည်ချောမောလှပ၊  သွက်လက်ချက်ခြာသူဖြစ်တဲ့အတွက် သူအလုပ်လုပ်တဲ့ စားသောက်ဆိုင်မှာ နေ့စဉ်နဲ့အမျှ လာရောက်ပိုးပန်းသူတွေရှိနေကြောင်း၊  ၁၀ ရက်နေ့ ညသန်းခေါင်ကျော်ကတော့ သူ့အိပ်ခန်းရှိ ခုတင်ပေါ်မှာ သေဆုံးနေတာကို ခရီးသွားပြီးပြန်ရောက်လာတဲ့ အတူနေအခန်းဖော်ကတွေ့လို့ ရဲကိုတိုင်ကြားခဲ့တာ ဖြစ်ပါတယ်။ (ကိုးကား - ထိုင်းရတ်သတင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013