တနင်္သာရီတိုင်းဒေသကြီး မြိတ်ကျွန်းစုရေပြင်မှာ ငါးဖမ်းရေယာဉ်တစီး သြဂုတ် ၁၃ ရက်နေ့၊ ညနေ ၅ နာရီလောက်က မီးလောင်မှုဖြစ်ပွားပြီး လူ ၁ ဦး သေဆုံးသွားပါတယ်။
သီတာကုမ္ပဏီမှ ပဲ့နင်း ဦးဌေးလွင် ဦးစီးမောင်းနှင်တဲ့ သန်းထွန်းအောင် (၂၁) အမည်ရှိ ကမ်းဝေးငါးဖမ်းလှေဟာ ကျွန်းစုရေပြင် စောမွန်လှကျွန်းရဲ့ အနောက်ဘက် ရေမိုင် ၁၀ မိုင်လောက် အကွာမှာ စက်ခန်းတွင်းက ပေါက်ကွဲသံထွက်ပေါ်ပြီး မီးစတင်လောင်ကျွမ်းခဲ့တာ ဖြစ်ပါတယ်။
ရေလုပ်သား မျိုးချစ်စိုးက “စက်ခန်းထဲက ပေါက်ထွက်တဲ့အသံကြားပြီး မီးလောင်တယ်။ စက်ခန်းထဲမှာက စက်ဆရာနောက်လိုက် ကိုသက်နိုင် (၃၂-နှစ်) ရှိနေတယ်။ သူကတော့ မီးထဲပါသွားတယ်။ စက်ဆရာဖြစ်တဲ့ ကျနော့်အဖေက ပေါက်ထွက်သံကြားတာနဲ့ အပြင်ကို ထွက်ပြေးလာတယ်။ ပြီးမှ ရေထဲခုန်ချလိုက်တယ်” လို့ ပြောပါတယ်။
မီးလောင်မှုဖြစ်ပွားစဉ် ငါးဖမ်းလှေပေါ်ရှိ ရေလုပ်သားတွေ ရေထဲခုန်ချပြီး ရှောင်တိမ်းခဲ့ရကြောင်း၊ အနီးအနားပတ်ဝန်းကျင်မှ ငါးဖမ်းလှေ ၁၅ စီးက ရေထဲခုန်ချတဲ့ ရေလုပ်သားတွေကို ဆယ်ယူပြီး မီးစွဲလောင်နေတဲ့ ငါးဖမ်းရေယာဉ်ကို မီးငြှိမ်းသတ်ပေးခဲ့ကြောင်း သိရပါတယ်။
ငါးဖမ်းရေယာဉ်တာဝန်ခံ ဦးပိုရှန်က “မီးစလောင်တော့ ကျနော်တို့ကို လှမ်းပြောတယ်။ စစ်ရေယာဉ်တစီးလည်း ကယ်ဆယ်ရေး ရောက်လာတယ်။ ဒဏ်ရာရ လူနာကို ချက်ချင်းပဲ ပြင်စဘုကျွန်းကိုကပ်ပြီး ဆရာဝန်က လိုအပ်တာတွေ ပြုစုပေးတယ်။ ပြီးမှ အဲဒီလူနာကို မြိတ်ဆေးရုံကြီးကို သယ်လာတယ်။ လှေကတော့ စက်ခန်းနဲ့ ပေါင်းမိုး မီးထဲပါသွားတယ်။ အခု ပင်လယ်ပြင်က ငါးဖမ်းလှေ နှစ်စီးနဲ့တွဲပီး စောမွန်လှကျွန်းကို ဆွဲသွင်းထားတယ်။ ရေတွေ စုပ်ထုတ်ပြီး မြိတ်ကို ပြန်တွဲလာမယ်”လို့ ပြောပါတယ်။
အဆိုပါငါးဖမ်းရေယာဉ်ပေါ်မှာ ပဲ့နင်း ဦးဌေးလွင်ပါ ၁၅ ဦးစီးနင်းလိုက်ပါလာပြီး သြဂုတ် ၇ ရက်နေ့က မြိတ်ဆိပ်ကမ်းမှ ငါးဖမ်းကွက်ကို ထွက်ခွာခဲ့တဲ့ စက်လှေဖြစ်တယ်လို့ သိရပါတယ်။
သတင်း - မြတ်ထွဋ်(မြိတ်)











