ထီးချိုင့်တွင် မြေသိမ်းခံ တောင်သူများ ကန့်ကွက်ဆန္ဒပြ
DVB
·
August 13, 2017

စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ်မှာ သိမ်းဆည်းခံမြေယာတွေ ပြန်လည် ရရှိဖို့အတွက် သြဂုတ်လ ၁၃ ရက် မနက် ပိုင်းအချိန်က တောင်သူတွေ ကန့်ကွက် ဆန္ဒဖော်ထုတ် ခဲ့ပါတယ်။
ဘိုးဘွား အစဉ်ဆက် ဓားမဦးချ လုပ်ကိုင် စားသောက်လာတဲ့ လယ်ယာ မြေဧက ၁၆၀၀၀ ကျော်ကို ၂၀၀၅- ၂၀၀၈ ခုနှစ်တွေအတွင်းမှာ စီးပွားရေးလုပ်ငန်းရှင် ကုမ္ပဏီကြီးတွေက သိမ်းယူခဲ့တာလို့ ဦးဆောင် ဆန္ဒဖော်ထုတ်သူ ကိုနေဝင်း က ပြောပါတယ်။
ဒေသခံ တောင်သူတွေအနေနဲ့ သက်ဆိုင်ရာ အစိုးရဌာနအသီးသီးကို မြေယာနဲ့ ပတ်သက်ပြီး ဖြေရှင်းပေးဖို့ ၂၀၁၆ ခုနှစ်က တင်ပြထားခဲ့ပေမယ့် အခုအချိန်ထိ ဖြေရှင်း ဆောင်ရွက် ပေးခြင်း မရှိတဲ့အတွက် ဆန္ဒ ဖော်ထုတ်ရတာလို့ ဆိုပါတယ်။
ထီးချိုင့်မြို့နယ် မောင်းကုန်း၊ မြတောင် ဆတ်ကျ ၊ ကမ်းနီ၊ ကြက်တကောင်၊ အင်းတောင်း ကျေးရွာ အုပ်စုအတွင်းက မြေသိမ်းခံ တောင်သူတွေနဲ့ ကသာမြို့နယ် စကားကုန်း၊ ဒုံးအော့၊ ပုလွေရွှေ၊ ကူးကာ၊ဘွက်၊ ငါးတဲကြီး၊ အင်းရွာ၊ ဒိုးပင်ကျေးရွာအုပ်စုများက မြေသိမ်းခံတောင်သူ ၁၅၀ လောက်က ကန်ကွက်ဆန္ဒဖော်ထုတ်ခဲ့ကြတာဖြစ်ပါတယ်။
ကန့်ဘလူမြို့နယ်၊ ရေဦးမြို့နယ်၊ ခင်ဦးမြို့နယ်၊ ဒီပဲရင်း မြို့နယ်အသီးသီးက တောင်သူတွေ လာရောက် ဝန်းရံခဲ့တယ်လို့ သိရပါတယ်။
သီဟဆွေ(ကသာ)