DVB Logo
Home
မြန်မာသတင်း
ဘားအံတွင်​ A(H1N1) ရောဂါသံသယရှိ​ က​လေးငယ်​တ​ဦး ​သေဆုံး
DVB
·
August 13, 2017
ဘားအံတွင်​ A(H1N1) ရောဂါသံသယရှိ​ က​လေးငယ်​တ​ဦး ​သေဆုံး
Donate to DVB

ကရင်ပြည်နယ် ဘားအံမြို့ ပြည်သူ့ဆေးရုံကြီးမှာ သြဂုတ် ၁၁ ရက်နေ့ မနက် ၁၁ နာရီလောက်က ရာသီတုပ်ကွေး A(H1N1) ရောဂါ သံသယရှိ အသက် ၄ နှစ်အရွယ် ကလေးငယ်တဦး သေဆုံးခဲ့ပါတယ်။

A(H1N1) ရောဂါ သံသယနဲ့သေဆုံးခဲ့တဲ့ မယွန်းပပလှိုင် အသက် ၄ နှစ်ဟာ ဘားအံမြို့ အမှတ် ၁ ရပ်ကွက် အုတ်ဖိုရပ်မှာနေထိုင်သူဖြစ်တယ်လို့ သိရပါတယ်။

ကလေးငယ်သေဆုံးမှုနဲ့ပတ်သက်လို့ ပြည်နယ်ပြည်သူ့ဆေးရုံကြီး ခေတ္တဆေးရုံအုပ်ကြီး ဆရာဝန်ကြီး ဒေါက်တာစောကွာလာက “ကရင်ပြည်နယ်ကျန်းမာရေး ဦးစီးဌာနက သွားရောက်ကြည့်ရှုတယ်။ တွေ့တယ်လို့ပြောတယ်။ ဖုန်းနဲ့ပဲကြားရတယ်။ ဆေးရုံကြီးကို တရားဝင် အကြောင်းမကြားသေးဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

သေဆုံးသူကလးငယ်ရဲ့အဘွား ဒေါ်တင်တင်ဝင်းက “ဘယ်လိုဆုံးသွားလဲဆိုတော့ မသိဘူး။ အင်္ဂလိပ် ၁၀ ရက်နေ့မှာ မနက်ပိုင်း ကိုယ်နည်းနည်းနွေးတယ်။ အဲဒီမှာ ည ၁ နာရီကျော်ကျော်လောက်မှာ တက်ချင်သလိုဖြစ်တယ်။ ကိုယ်တွေပူတော့ ချက်ချင်း ဆေးရုံခေါ်သွားတယ်” လို့ ပြောပါတယ်။

မာဃ လူမှုကူညီရေးအသင်းက သေဆုံးသူမှာ မည့်သည်ရောဂါနဲ့ သေဆုံးမှန်း မသိရှိဘဲ နာရေးကူညီရေးဆောင်ရွက်ဖို့ သွားရောက်ခဲ့တာဖြစ်ကြောင်း၊ လူငယ်တွေ ကူးစက်ခံရရင် နောက်ပိုင်းပြန့်ပွားနိုင်သလို ကြိုတင်ကာကွယ်တဲ့အနေနဲ့ ကျန်းမာရေးဌာနက ကြိုတင်အသိပေးဆောင်ရွက်သင့်တယ်လို့ အသင်းရဲ့ ဒုတာဝန်ခံ ရုံးအဖွဲ့မှူး ဦးတင်ဝင်းက ပြောပါတယ်။

“ကျနော်တို့ သွားပို့တဲ့ ကလေး(မာဃလူငယ်)တွေက ဆေးရုံးရောက်တော့ ဟိုကနေပြီး ဆရာဝန်၊ ဆရာမတွေက ပေးမကိုင်ဘူး။ သူတို့က ပစ္စည်းအပြည့်အစုံနဲ့ Mask တွေ၊ ဘာတွေ ကအစ အပြည်အစုံနဲ့ ဝတ်ပြီးတော့ သူတို့ကိုင်တွယ်တယ်” လို့ ပြောပါတယ်။

ကျန်းမာရေးဌာနတာဝန်ရှိသူတွေက A(H1N1) ရောဂါနဲ့ သေဆုံးခဲ့တဲ့ နေအိမ်က ကျန်ရှိနေတဲ့ မိသားစုဝင်တွေကို ရောဂါကူးစက်ခံရမှုရှိမရှိ သီးသန့်ခန်းမှာ စောင့်ကြည့်ကြပ်မတ် ကုသမှုပြုလုပ်ပေးဖို့ သြဂုတ် ၁၂ ရက်နေ့ နေ့လယ်ပိုင်းက ပြည်သူ့ဆေးရုံကြီးကို ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ ထွန်းမင်းက လက်ရှိမှာ ရောဂါလဏ္ခာက A(H1N1) ပုံစံတူပြီး အတည်ပြုနိုင်ဖို့ နေပြည်တော်အမျိုးသားကျန်းမာရေး ဓာတ်ခွဲခန်းက ရရှိလာတဲ့ အဖြေအပေါ်မှာ အတည်ပြုပြီး တရားဝင် သတင်းထုတ်ပြန်သွားမယ်လို့ ပြောပါတယ်။

အခုလိုသေဆုံးခဲ့တာနဲ့ပတ်သက်ပြီး ပြည်နယ်ကျန်းမာရေးဦးစီးဌာနက အများပြည်သူ သတိထား ကာကွယ်နိုင်အောင် တရားဝင်သတင်းထုတ်ပြန်ခြင်း မရှိသေးတဲ့အပေါ် ဒေသခံပြည်သူတွေက ကျန်းမာရေးဌာနရဲ့ ဆောင်ရွက်ချက်အပေါ် ဝေဖန်မှုတွေ ရှိနေပါတယ်။

တနိုင်ငံလုံး အတိုင်းအတာအရ လတ်တလော ပြင်းထန်အသက်ရှူလမ်းကြောင်း ပိုးဝင်ရောဂါနဲ့ ဆေးရုံ တက်ရောက်ကုသသူ ၅၈၃ ယောက် ရှိပါတယ်။ အဲဒီထဲကနေ ရာသီတုပ်ကွေး A (H1N1) ပိုးတွေ့  လူနာစုစုပေါင်း ၂၂၁ ယောက်ရှိခဲ့ပြီး သေဆုံးသူကတော့ ၂၃ ယောက်ရှိတယ်လို့  ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ရဲမင်းခေါင်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013