
ကသာမြို့နယ် စကားကုန်းကျေးရွာမှာ သြဂုတ် ၁၀ ရက် ည ၁၀ နာရီလောက်က အရက်သေစာ သောက်စားမူးယစ်ကာ တူးမီးသေနတ်ကိုင်ဆောင် သောင်းကျန်းနေသူအား ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
ကသာမြို့နယ်၊ ကျောက်ထုံးကြီးနယ်မြေရဲကင်း စခန်းမှူး ရဲအုပ်ဝင်းမင်းထွန်း နဲ့ တပ်ဖွဲ့ဝင်တွေဟာ သက်သေတွေနဲ့ အရက်သေစာသောက်စားမူးယစ်ပြီး တူးမီးသေနတ်ကိုင်ဆောင်ကာ သောင်းကျန်နေကြောင်း သတင်းရရှိလို့ သွားရောက်စစ်ဆေးရာ စကားကုန်းကျေးရွာ လမ်းမပေါ်မှာ တူးမီးသေနတ် ကိုင်ဆောင်ရမ်းကားနေသူ နန်းဝင်းဆိုသူအား တွေ့ရှိ ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
နန်းဝင်းနေအိမ်အား ဆက်လက်ရှာဖွေရာ မီးသေနတ်တလက်၊ စက်ဘီးဘောသီး ၁၈ လုံး၊ ခဲသီးကြီး အလုံး ၃၀၊ ယမ်း ၂ ကျပ်သားလောက်ရှိ ဘူးတဘူးတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရပါတယ်။
ရဲအုပ်ဝင်းမင်းထွန်းမှ တရားလိုပြုလုပ်တိုင်တန်းချက်အရ တူးမီးသေနတ် ၂ လက်နဲ့ ဆက်စပ်ပစ္စည်းတွေ တရားမဝင်လက်ဝယ်ထားရှိ ကိုင်ဆောင်သူ နန်းဝင်းကို ကသာမြို့မရဲစခန်းက (ပ)၂၃၃/၁၇လက်နက်ဥပဒေပုဒ်မ ၁၉ (စ) နဲ့ အမှုဖွင့် အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ကိုကျော်(အင်းတော်)











