DVB Logo
Home
Lead Story
ဒီမိုကရေစီအကူးအပြောင်းနှင့် ယဉ်ကျေးမှု ဓလေ့အစွဲ
DVB
·
August 12, 2017
ဒီမိုကရေစီအကူးအပြောင်းနှင့် ယဉ်ကျေးမှု ဓလေ့အစွဲ
Donate to DVB

ဒီမိုကရေစီစနစ်သို့ ကူးပြောင်းရေးသည် အဘယ်မျှ ကြာမြင့်သနည်း။

ဤမေးခွန်းသည် မြန်မာနိုင်ငံကို ဒီမိုကရေစီနိုင်ငံအဖြစ် တွေ့မြင်လိုစိတ်စောနေသော မျက်မှောက်ကာလ မြန်မာတို့၏ ဦးနှောက်အား အချိန်နှင့်အမျှ လှုံ့ဆွနေသော မေးခွန်းဖြစ်သည်။ အာဏာရှင်စနစ်၏ ဖိစီးနှိပ်စက်မှုကို ကာလတာရှည်ခံစားခဲ့ရလေသော မြန်မာနိုင်ငံသားတို့အတွက် ဖြစ်နိုင်လျှင် မျက်စိတမှိတ် လျှပ်တပြက်အတွင်း ဒီမိုကရေစီစနစ်သို့ ကူးပြောင်းရောက်ရှိလိုခြင်းမှာ သဘာဝကျပါသည်။ သို့ဖြစ်စေကာ ဒီမိုကရေစီစနစ်ဟူသည် ကူးပြောင်းရန် မလွယ်ကူသကဲ့သို့ တည်တံ့အောင် ထိန်းသိမ်းရန်လည်း ခက်ခဲလှသည်ဟူသော အချက်ကို မြန်မာ့သမိုင်းက သင်ကြားပေးခဲ့ ပြီးပါပြီ။

မြန်မာတို့သည် ဒီမိုကရေစီစနစ်သို့ ကူးပြောင်းရန် သက်ဦးဆံပိုင်ဘုရင်ခေတ်ကပင် ကြိုးပမ်းခဲ့ကြဖူးသည်။ မအောင်မြင်ခဲ့ပါ။ မင်းတုန်းမင်းနှင့် သီပေါမင်းတို့ အုပ်စိုးခဲ့သည့် ကုန်းဘောင်ခေတ် နှောင်းပိုင်းတွင် ၀န်ကြီးများ ဖြစ်ကြသော ကင်းဝန်မင်းကြီး ဦးကောင်းနှင့် ယောမင်းကြီး ဦးဘိုးလှိုင်တို့သည် သက်ဦးဆံပိုင်ဘုရင်စနစ်မှ ပါလီမန်ဒီမိုကရေစီစနစ်သို့ ကူးပြောင်းရန် ကြိုးစားခဲ့ဖူးသည်။ အင်္ဂလိပ်တို့၏ စည်းမျဉ်းခံဘုရင်စနစ်ကို မိတ်ဆက်ရန် ကြိုးစားသည့်အနေနှင့် ရာဇဓမ္မသင်္ဂဟကျမ်းကို ဆက်သရာတွင် လခစားဘုရင်စနစ်ကို ဖော်ဆောင်သော ကျမ်းဖြစ်သည်ဆိုကာ မင်းမိဖုရားတို့က ပယ်ချခဲ့ပြီး၊ ကျမ်းပြုသူ ယောမင်းကြီး ဦးဘိုးလှိုင်ကိုလည်း မကြာမတင် ရာထူးမှ ထုတ်ပယ်ပစ်လိုက်သည်။ နောက်ခုနစ်နှစ်ကြာသည့်အချိန်တွင် သီပေါမင်းနှင့် စုဖုရားလတ်တို့သည် မြန်မာနိုင်ငံကို အင်္ဂလိပ်လက်သို့ လွှဲပြောင်းပေးအပ်လိုက်ရပြီး အိန္ဒိယနိုင်ငံသို့ ပါတော်မူရကာ လခစား နန်းကျဘုရင်အဖြစ် အသက်ဆုံးခဲ့ရသည်။ စနစ်အပြောင်းအလဲကို ကြိုးပမ်းခဲ့သူလည်း အပြစ်ကျခဲ့ရသကဲ့သို့ စနစ်အပြောင်းအလဲကို ဆန့်ကျင်တားဆီးခဲ့သူသည်လည်း ဒုက္ခပင်လယ်ကြောမျောခဲ့ရသည့် သမိုင်းဖြစ်ရပ်မှာ မြန်မာ့သမိုင်း၏ ခါးသီးလှသော သင်ခန်းစာတခု ဖြစ်ပေသည်။

“စိုင်ကော်၍ ခြုံပေါ်ရောက်ခြင်း” ဟု ဆိုရမည်လားမသိ။ မြန်မာတို့သည် အင်္ဂလိပ်လက်အောက်ခံ ဖြစ်ခဲ့ရသည့်အတွက် ဇာတိမာန် ညှိုးငယ်ခဲ့ရသော်လည်း ပါလီမန်ဒီမိုကရေစီစနစ်နှင့် သိကျွမ်းခွင့်ကိုကား ရခဲ့ပါသည်။ ၁၈၈၅ ခုနှစ်မှ ၁၉၄၈ ခုနှစ်အထိ နှစ်ပေါင်းခြောက်ဆယ်ကျော်ကာလအတွင်း ဒီမိုကရေစီစနစ်နှင့် သိကျွမ်းခဲ့ရသည့် ဘ၀ကို လက်ရှိအနေအထားမှ ပြန်လှည့်ကြည့်လျှင် လွမ်းတစရာ ဖြစ်နေသည်ကား အမှန်ပင်။ ပါလီမန် ဒီမိုကရေစီ အုပ်ချုပ်ရေးတွင် မြန်မာတချို့ပါဝင်ခွင့်ရခဲ့ခြင်းကြောင့် သက်ဦးဆံပိုင် ဘုရင်စနစ်သည် သမိုင်းတွင် ကျန်ရစ်ခဲ့ရသည်။ လွတ်လပ်ရေးရလျှင် ကိုယ့်အရှင် ကိုယ့်သခင်များကို နန်းပြန်တင်မည်ဆိုသော မင်းလောင်းမျှော်သည့် စိတ်ကူးမျိုးမရှိတော့ပြီ။ ကိုလိုနီအုပ်ချုပ်ရေးက မိတ်ဆက်ပေးလိုက်သည့် ပါလီမန်ဒီမိုကရေစီစနစ်ဖြင့်သာ မြန်မာ နိုင်ငံကို ဆက်လက်ရှင်သန်စေတော့မည်ဟု ထိုခေတ်က မြန်မာခေါင်းဆောင်များ မြော်မြင်ထားခဲ့ပေသည်။

သို့သော် လွတ်လပ်သော မြန်မာနိုင်ငံသည် ပထမဆုံးအကြိမ်ဖြေဆိုရသည့် ဒီမိုကရေစီစာမေးပွဲတွင် ကျရှုံးခဲ့ရပါသည်။ လွတ်လပ်ရေး ရပြီးနောက် ၁၄ နှစ်အကြာ ၁၉၆၂ ခုနှစ်တွင် စစ်အာဏာရှင်စနစ်အောက်သို့ ကျရောက်သွားခဲ့သည်။ မည်သည့် အကြောင်းတရားများကြောင့် အာဏာရှင်စနစ် အောက်သို့ အလွယ်တကူ ပြန်လည် ကျရောက်သွားခဲ့သနည်း။ သက်ဦးဆံပိုင်ဘုရင်စနစ်မှ နှစ်ပေါင်း ၆၀ ကျော် လွတ်ကင်းပြီးကာမှ အဘယ်ကြောင့် စစ်အာဏာရှင်စနစ်သို့ ကျရောက်ရသနည်း။ အင်္ဂလိပ်ကိုလိုနီ ဘ၀တွင် ပါလီမန်ဒီမိုကရေစီစနစ်ကို  ကျင့်သုံးနိုင်ခဲ့ပါလျက် လွတ်လပ်သော နိုင်ငံတခုအဖြစ်သို့ ရောက်ကာမှ အဘယ်ကြောင့် ဒီမိုကရေစီစနစ်ကို လက်လွတ်ခံလိုက်ရပြီး အာဏာရှင်စနစ်အောက်သို့ ကျရောက်သွားခဲ့ရလေသနည်း။

မည်သို့ ဖြစ်စေ မြန်မာနိုင်ငံသည် ၁၉၆၂ ခုနှစ်မှ စတင်ခဲ့သော စစ်အာဏာရှင်စနစ်ကို အလူးလူးအလိမ့်လိမ့် ခံစားရပြီးနောက် နှစ်ပေါင်း ငါးဆယ်ကျော်ကာလတွင် အရပ်သားတပိုင်း စစ်သားတပိုင်း အစိုးရတရပ် ပေါ်ပေါက်လာအောင် ကြိုးပမ်းနိုင်ခဲ့ပြီ။ ယင်းမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေါ်ပေါက်လာသည့် အစိုးရ ပုံစံဖြစ်ပါသည်။ ယင်းအစိုးရ၏ အရပ်သားအပိုင်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ရယူထားခြင်းကြောင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ မျှော်မှန်းချက်သည် ပို၍အားကောင်းလာခဲ့ သည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကိုယ်တိုင်ကလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အတွင်းတွင်ပါရှိနေသော ဒီမိုကရေစီနည်းမကျသည့် အချက်များကို ပယ်ဖျက်နိုင်အောင် ကြိုးစားပါမည်ဟု ကတိပေးထားသည့် အချက်ကလည်း တွန်းအားတခုဖြစ်နေသည်။ ဤအနေအထားအရ မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရစဉ်ကကဲ့သို့  ဒီမိုကရေစီ စာမေးပွဲကို ဖြေဆိုခွင့်ရပြန်ပြီဟု ပြောရမည်။  ယခု ဒုတိယအကြိမ်ဖြေဆိုရသော ဒီမိုကရေစီ စာမေးပွဲသည် ယခင်ပထမအကြိမ်နှင့်ယှဉ်သော် ပိုမိုလွယ်ကူမည်လား။ သို့ မဟုတ် ပိုမိုခက်ခဲမည်လား။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အရပ်သားတပိုင်း စစ်သားတပိုင်း အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ ကမ္ဘာ့နိုင်ငံရေးတိမ်းညွတ်မှုနှင့်လားရာ၊ မြန်မာလူထု၏ နိုင်ငံရေးအသိအမြင်နှင့် စိတ်ဆန္ဒ စသဖြင့် ထည့်သွင်းစဉ်းစားရမည့် အချက်များကား အထင်အရှားရှိနေပါသည်။ သို့သော် အလွန်အင်အားကြီးမားသော်ငြား မထင်မရှားတည်ရှိနေသော အရာတခုကို သမိုင်းပညာရှင် ဒေါက်တာမောင်မောင်ကြီးက ၁၉၆၂ ခုနှစ် ကတည်းက ထောက်ပြခဲ့ပါသည်။ ယင်းအရာကို မြန်မာတို့၏ လူမှုအသိုင်းအ၀ိုင်းဆိုင်ရာ စိတ်ဓာတ်ဟုလည်းကောင်း၊ နိုင်ငံရေးဓလေ့စရိုက် ဟုလည်းကောင်း သူ၏ စာတမ်းတွင် ညွှန်းဆိုထားသည်။ မြန်မာတို့၏ နိုင်ငံရေးဆိုင်ရာ အတွေးအကြံ၊ အသိအမြင်၊ အလေ့အကျင့်များသည် အာဏာရှင်စနစ်အတွက် ရေခံမြေခံဖြစ်နေသည် ဟုလည်း ယင်းစာတမ်းတွင် ထောက်ပြထားသည်။  ဒီမိုကရေစီ စနစ်ကို ခိုင်ခိုင်မာမာထူထောင်နိုင်ရန်အတွက်မှာ တဦးတဖွဲ့မျှဖြင့် မတတ်နိုင်ဘဲ  နိုင်ငံသားအားလုံးတွင် အတူအညီတာဝန်ရှိနေကြောင်း၊ ယင်းတာဝန်မှာ လူမှု အသိုင်းအ၀ိုင်းက သွတ်သွင်းပေးထားသည့် အာဏာရှင် ဓလေ့စရိုက်များကို ဒီမိုကရေစီဓလေ့စရိုက်များနှင့် အစားထိုးရန်ဖြစ်ကြောင်း ယင်းစာတမ်းတွင် အကြံပြုထား သည်။

လူတိုင်းပင် မွေးဖွားစဉ်ကစ၍ပင် မိဘဘိုးဘွားအဆက်ဆက်က လက်ခံကျင့်သုံးခဲ့သော ဓလေ့များကို သွတ်သွင်းပေးခြင်း (၀ါ) လက်ဆင့်ကမ်းပေးခြင်း ခံခဲ့ရသည်။ ယင်းဓလေ့များကို လက်ခံရာတွင် စနစ်တကျ ဝေဖန်သုံးသပ်ပြီးမှ လက်ခံခြင်းကား မဟုတ်။ မိရိုးဖလာ အစဉ်အလာများအဖြစ် စိတ်ချလက်ချ လက်ခံခဲ့ ခြင်းသာဖြစ်ရာ အစွဲဥပါဒါန်များဖြစ်လာသည်ကို မိမိဖာသာပင် သတိထားမိမည် မဟုတ်။ အကြောင်းအကျိုး ဆင်ခြင်သုံးသပ်နိုင်သည့် တနေ့နေ့တချိန်ချိန်တွင် ယင်းဓလေ့များကို  စွန့်ပယ်ကောင်း စွန့်ပယ်ရန်လိုအပ်လိမ့်မည်ဟု  လက်ဆင့်ကမ်းသူ မိဘဘိုးဘွားတို့ကလည်း စဉ်းစားမည်မဟုတ်သကဲ့သို့ လက်ခံသူ မိမိကိုယ်တိုင်ကလည်း စဉ်းစားမိခဲ့မည်မဟုတ်ပေ။ ထိုကြောင့်ပင် မသင့်လျော်သော တချို့ဓလေ့ထုံးတမ်းများကို စွန့်ပယ်ရန် ခက်ခဲနေခြင်း ဖြစ်သည်။ ဗုဒ္ဓဒေသနာတွင် စွန့်ပယ်ရန်ညွှန်ပြထားသော အကျင့်စွဲဓလေ့စွဲ (သီလဗ္ဗတုပါဒါန်) ဆိုသည့်စကားမှာ ယင်းကို ရည်ညွှန်းခြင်းဟု ဆိုနိုင်သည်။

ဒေါက်တာမောင်မောင်ကြီး၏ စာတမ်းတွင် ယင်းကဲ့သို့ စွန့်ပယ်ရန်ခက်ခဲသော ဓလေ့များထဲက နိုင်ငံရေးဓလေ့များကို အာဏာရှင်စနစ်နှင့် ဆက်စပ်ပြထားသည်။ အာဏာရှင်စနစ်နှင့် အာဏာရှင်ဓလေ့၊ အာဏာရှင်ယဉ်ကျေးမှုများ အပြန်အလှန် ထောက်တည်နေပုံမှာ အာဏာရှင်စနစ်အောက်တွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ရသော မြန်မာများအတွက် အလေးအနက် ဆင်ခြင်သုံးသပ်ရမည့်အရာ ဖြစ်သည်။

ပုဂံခေတ်အစမှ ကုန်းဘောင်ခေတ်အဆုံးအထိ ရေတွက်မည်ဆိုလျှင် မြန်မာနိုင်ငံသည် သက်ဦးဆံပိုင် အာဏာရှင်စနစ်ဖြင့် ရပ်တည်နေခဲ့သည်မှာ နှစ်ပေါင်းရှစ်ရာဝန်းကျင် ရှိပေလိမ့်မည်။ တခြားရွေးချယ်စရာ နိုင်ငံရေးစနစ် မရှိသည့် ထိုကာလတလျောက် မြန်မာတို့သည် သက်ဦးဆံပိုင် အာဏာရှင်စနစ်အတွင်း လိုက်လျောညီထွေ ရှင်သန်နိုင်အောင် ကြိုးစားရန်မှတပါး အခြားမရှိခဲ့။ ကျေးကျွန်လည်း ကျေးကျွန်အလျောက်၊ အရှင်သခင်လည်း အရှင်သခင်အလျောက် အာဏာရှင်စနစ်အတွင်း သက်တောင့်သက်သာ ရှင်သန်နိုင်ရေးအတွက် အာဏာရှင်စနစ် နှင့် သဟဇာတဖြစ်သည့်အပြုအမူ၊ အပြောအဆို၊ အကြံအစည်များကို ကျင့်သုံးရင်း အာဏာရှင်စနစ် ယန္တရား၏ အစိတ်အပိုင်း ဖြစ်လာပါလိမ့်မည်။ ယင်းကဲ့သို့ အာဏာရှင်စနစ်၏ အစိတ်အပိုင်းများ၏ အသိုင်းအ၀ိုင်းတွင် အာဏာရှင်စနစ်၏ ယဉ်ကျေးမှုဓလေ့စရိုက်များ ထွန်းကားလာခြင်းမှာ နိယာမသဘောဟု ဆိုရလိမ့်မည်။  မြန်မာ့ဓလေ့အရ  ကိုယ့်ကိုယ်ကိုယ် ရည်ညွှန်းသည့်အခါ “ကျွန်တော်”  “ကျွန်မ” ဟုလည်းကောင်း၊ သူ တစ်ပါးကို ရည်ညွှန်းသည့်အခါ “ခင်ဗျား” “ရှင်” ဟုလည်းကောင်း သုံးနှုန်းပါမှ ယဉ်ကျေးသည်ဟူသော သတ်မှတ်ချက်သည် မြန်မာ့အသိုင်းအ၀ိုင်းအတွင်း အာဏာရှင်ယဉ်ကျေးမှု လွှမ်းမိုးခဲ့ပုံအတွက် သက်သေတစ်ခုပင် ဖြစ်သည်။

မြန်မာ့ယဉ်ကျေးမှုဓလေ့များကို အသေအချာစိစစ်မည်ဆိုလျှင် အာဏာရှင်စနစ်က ပုံသွင်းပေးခဲ့သော အာဏာရှင်စိတ်နေသဘောထားများ၊ အာဏာရှင်အကျင့်စရိုက်များကို နိုင်ငံရေးနယ်ပယ်၌သာမက စီးပွားရေးနယ်ပယ်၊ ဘာသာရေးနယ်ပယ်၊ ပညာရေးနယ်ပယ်၊ လူမှုရေးနယ်ပယ် စသဖြင့် နယ်ပယ်အနှံ့ တွေ့ရလိမ့်မည်။ ယင်းသို့ နယ်စုံပျံ့နှံ့နေသော ဓလေ့စရိုက်နှင့် စိတ်နေသဘောထားများကြောင့်ပင် အာဏာရှင်စနစ်သည် မြန်မာ့အသိုင်း အ၀ိုင်းတွင် ရှင်သန်အားကောင်းခဲ့ခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။ တစ်နည်းအားဖြင့် အာဏာရှင် နိုင်ငံရေးစနစ်က အာဏာရှင်ဓလေ့စရိုက်များကို ဖန်တီးခဲ့ပြီး ယင်းအာဏာရှင်ဓလေ့စရိုက်များက အာဏာရှင်နိုင်ငံရေးစနစ်ကို ပိုမိုအားကောင်းအောင် တစ်ဖန်ပြန်လည်ပံ့ပိုးပေးခဲ့သည်။ နိုင်ငံရေးစနစ်နှင့် ယဉ်ကျေးမှုဓလေ့စရိုက်သည် ယင်း သို့ အပြန်အလှန် ပံ့ပိုးအကျိုးပြုနေခဲ့ခြင်းအားဖြင့် သက်ဦးဆံပိုင်အာဏာရှင်စနစ်သည် မြန်မာနိုင်ငံတွင် သက်ဆိုးရှည်နေခဲ့ခြင်း ဖြစ်သည်ဟု သုံးသပ်နိုင်သည်။  လွတ်လပ်ရေးရသည့်အချိန်က ပထမအကြိမ်ဖြေဆိုရသော ဒီမိုကရေစီစာမေးပွဲကို ကျရှုံးခဲ့ပြီး စစ်အာဏာရှင် စနစ်အောက်သို့ ကျရောက်ခဲ့ရခြင်းမှာ မိမိတို့တွင် စွဲကပ်နေသော အာဏာရှင်ဓလေ့စရိုက်များကို ဖယ်ရှားရန်ပျက်ကွက်ခဲ့မှုကြောင့်ဟု ဆိုနိုင်သည်။

“အစိုးရ၏ သက်ဝင်လှုပ်ရှားမှု ပုံစံသည် ယင်းခေတ်ကာလတွင် လွှမ်းမိုးနေသော နိုင်ငံရေးဆိုင်ရာ လူမှုအသိုင်းအ၀ိုင်း ဓလေ့စရိုက်များကို ယေဘုယျအားဖြင့် ထင်ဟပ်ဖော်ပြနေခြင်းသာ ဖြစ်သည်” ဟူသောစကားကို လက်ခံနိုင်သည်ဆိုလျှင် ယနေ့ကာလတွင် အရေးတကြီးလိုချင်နေသော ဒီမိုကရေစီ အကူးအပြောင်းအတွက် လူတိုင်းကိုယ်စီက မိမိတို့၏ အတွင်းအဇ္ဈတ္တစိတ်သန္တာန်တွင် ကိန်းအောင်းနေသော အာဏာရှင်ဓလေ့စရိုက်များကို စိစစ်စွန့်ပယ်ရန် လိုအပ်ပါလိမ့်မည်။

မြန်မာတို့အနေနှင့် အာဏာရှင်ဓလေ့စရိုက်များကို ပြတ်ပြတ်သားသား စွန့်ပယ်နိုင်ပါမည်လား။ ဒီမိုကရေစီ စိတ်ဓာတ်နှင့် အလေ့အကျင့်များကို စိတ်ပါလက်ပါ မွေးမြူကျင့်သုံးနိုင်ပါမည်လား။ နေအိမ်၊ စာသင်ခန်း၊ အလုပ်ခွင်၊ ဘုန်းကြီးကျောင်း၊ အစရှိသည့် ကျင်လည်ရာ အ၀န်းအ၀ိုင်းတိုင်းတွင် အခိုင်အမာ တည်ရှိနေသော အာဏာရှင်ယဉ်ကျေးမှုဓလေ့များကို ဖယ်ရှားပြီး ဒီမိုကရေစီယဉ်ကျေးမှုဓလေ့များနှင့် အစားထိုး နိုင်ပါမည်လား။ ယင်းမေးခွန်းများမှာ ဒုတိယအကြိမ် ဒီမိုကရေစီစာမေးပွဲတွင် မြန်မာတို့အနေနှင့် ဧကန်ဖြေဆိုရမည့်မေးခွန်းများ ဖြစ်ပေသည်။

မောင်သာမည

( စာညွှန်း - ဒေါက်တာမောင်မောင်ကြီး၏ Thoughts on Burmese Political Traditions 1962)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013