
မြစ်ထဲကို ခုန်ချပြီး သေကြောင်းကြံစည်တဲ့ လင်မယားနှစ်ယောက်မှာ ဇနီးဖြစ်သူကို ဆယ်ယူရရှိထားပြီး အမှုဖွင့်အရေးယူနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
သြဂုတ်လ ၁၁ ရက်နေ့ ညနေ ၃ နာရီလောက်က ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှာ ဖွင့်ထားတဲ့ 199 Call Center ကို အမျိုးသမီးတယောက်နဲ့ အမျိုးသား တယောက်တို့ အင်းစိန်မြို့နယ်၊ ရွှေပြည်သာတံတားပေါ်က ခုန်ချသွားတယ်လို့ သတင်းပေး လာတဲ့အတွက် အင်းစိန်မြို့မရဲစခန်းကို အတည်ပြုဖို့ သတင်းထပ်ပို့ခဲ့တယ် လို့ ဖော်ပြထားပါတယ်။
ဒါကြောင့် အင်းစိန်မြို့မ ရဲစခန်းက မီးတန်းယာဉ်တာဝန်ကျရဲတွေက သက်သေတွေနဲ့ သွားရောက် စစ်ဆေးရာမှာ တံတားပေါ်မှာ မိန်းမစီးစက်ဘီးတစီးနဲ့ ဖိနပ် ၂ ရံကို တွေရပြီး ခုန်ချခဲ့တဲ့ အမျိုးသမီးကိုတော့ အနားမှာရှိတဲ့ တံတားဆောက်လုပ်ရေး လုပ်ငန်းခွင်က ဆယ်ယူထားလို့ စစ်ဆေးမေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအမျိုးသမီးဟာ ရွှေပြည်သာမြို့နယ်က မယုသဉ္ဇာမေ (၂၁) နှစ်ဖြစ်ပြီး လင်မယားချင်းစကားများရာကနေ ခင်ပွန်းဖြစ်တဲ့ သူရမျိုး (၂၁) နှစ်နဲ့ အတူခုန်ချခဲ့တာလို့ ထုတ်ပြန်ဖော်ပြထားပါတယ်။
ခင်ပွန်းဖြစ်သူ သူရမျိုးကိုတော့ ရှာမတွေ့သေးဘဲ သေကြောင်းကြံစည်ခဲ့တဲ့ နှစ်ယောက်လုံးကို အင်းစိန်မြို့မရဲစခန်း (ပ) ၂၀၇၆/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၉ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။











