DVB Logo
Home
မြန်မာသတင်း
ထိုင်းရောက် မြန်မာ့ငါးဈေးကွက်ကြီး ပြန်လာရေးနှင့် ရွှေ့ပြောင်းလုပ်သားများ အခွင့်အလမ်း
DVB
·
August 12, 2017
ထိုင်းရောက်  မြန်မာ့ငါးဈေးကွက်ကြီး ပြန်လာရေးနှင့် ရွှေ့ပြောင်းလုပ်သားများ အခွင့်အလမ်း
Donate to DVB

ထိုင်းနိုင်ငံ ရောက်ရှိနေတဲ့ ငါးဈေးကွက်ကြီးကို မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာဖို့ ပြည်ထောင်စုအစိုးရအဆင့်ကသာ ဆောင်ရွက်နိုင်မယ်လို့ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ပြောပါတယ်။

မြန်မာ့ပင်လယ်ပြင်အတွင်းက ထွက်ရှိတဲ့ ငါးတွေမှာ မြန်မာနိုင်ငံတောင်ပိုင်း ပင်လယ်ကို ဖြတ်သန်းပြီး ထိုင်းနိုင်ငံ၊ ရနောင်းမြို့ကို အဓိကသွားရောက် ရောင်းချနေတာပါ။

ထိုင်းနိုင်ငံအနေနဲ့ မြိတ်ကျွန်းစုအတွင်းက ထွက်ရှိနေတဲ့ ငါးတွေကို မှီခိုပြီး ကြီးမားတဲ့ ငါးဈေးကွက်ကြီးတခုကို ပိုင်ဆိုင်ထားတာကြောင့် မြန်မာနိုင်ငံအနေနဲ့ ငါးဈေးကွက်မရှိဘဲ ရွှေ့ပြောင်းလုပ်သားတွေပါ သွားရောက်ပြီး အလုပ်လုပ်ကိုင်နေရတယ်လို့ သိရပါတယ်။

မြိတ်မြို့မှာရှိတဲ့ အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေးကို လွန်ခဲ့တဲ့ ၁၇ နှစ် လောက်ကတည်းက ဖွင့်လှစ်ထားပေမယ့် အစိုးရအဆက်ဆက်ရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းတာနဲ့ ထိုင်းအမည်ခံ လုပ်ငန်းရှင်များ အလိုလိုက်လျောပြီး ထိုင်းနိုင်ငံကိုသာ ငါးသွားရောက် ရောင်းချခွင့်ကို ပေးထားခဲ့တယ်လို့ သိရပါတယ်။

ထိုဖြစ်ရပ်တွေကြောင့် ငါးဈေးကွက်ကြီးကလည်း အခုလိုလက်ရှိ အစိုးရလက်ထက်အထိ ထိုင်းနိုင်ငံက ပိုင်ဆိုင်ထားဆဲဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေးကြီးမှာလည်း လုပ်ငန်းဆက်လက် လည်ပတ်နိုင်ခြင်းမရှိ ဖြစ်နေကြောင်း သိရပါတယ်။

ငါးလေလံဈေးကြီး လုပ်ငန်းလည်ပတ်နေဖို့ တိုင်းဒေသကြီးအစိုးရအဆင့်က ဆောင်ရွက်ပေးနိုင်မှာ မဟုတ်ဘဲ ပြည်ထောင်စုအဆင့်ကသာလျှင် ဆောင်ရွက်ပေးနိုင်မည် ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာလဲ့လဲ့မော်က ပြီးခဲ့တဲ့လက ထားဝယ်မြို့မှာ ပြုလုပ်တဲ့ အစိုးရသက်တမ်း တနှစ်အတွင်း လုပ်ဆောင်ချက်များကို မီဒီယာတွေကို ရှင်းလင်းပြောကြားရာမှာ ထည့်သွင်းပြောကြားထားခဲ့ပါတယ်။

“ပြီးခဲ့တဲ့ သြဂုတ်လ ၁ ရက် နေ့ကစပြီး ငါးဖမ်းရာသီ စတင်ပြီဆိုတော့ ငါးဖမ်းလှေတွေက ပင်လယ်ပြင်အတွင်းကို ထွက်ခွာနေပါပြီ။ ဖမ်းဆီးရမိတဲ့ ငါးတွေကို ထိုင်းနိုင်ငံကိုပဲ အဓိက တင်ပို့နေပါတယ်။ အဲဒီမှာ တရားဝင်တင်ပို့တဲ့ငါးတွေ ရှိသလို တရားမဝင် တင်ပို့တဲ့ ငါးတွေလည်း အများကြီးရှိနေပါတယ်။ အဓိကအချက်ကတော့ ကျနော်တို့ဆီက ထွက်ရှိတဲ့ငါးတွေကို ကျနော်တို့ ဒေသမှာ ရောင်းချခွင့်ရှိဖို့ နိုင်ငံခြားကို တင်ပို့တာထက်စာရင် ငါးလေလံဈေးမျိုး ရှိနေရင် ပိုပြီးသင့်တော်ပါလိမ့်မယ်။ ဒီအချက်တချက်ကို ကျနော် သတိထားမိပါတယ်။ ကျနော်တို့ နိုင်ငံသားတွေဟာ ထိုင်းနိုင်ငံမှာ သွားရောက် အလုပ်လုပ်ကိုင်နေရပါတယ်။ နိုင်ငံသားတွေကို ပြည်တွင်းပြန်ခေါ်ပြီး အလုပ်အကိုင် အခွင့်အလမ်း ရရှိဖို့ဆိုတာက ငါးဈေးကွက်တွေ ရှိနေဖို့၊ ပြည်ပကိုပို့မယ့် အဆင့်မြင့်ထုတ်ကုန်တွေ လုပ်ထားနိုင်ဖို့ လိုမယ်ဆိုတာ သိရှိထားပါတယ်။ ငါးလေလံဈေးသာ အောင်မြင်ဖြစ်ထွန်းနေမယ်ဆိုရင် ပြည်ပကို ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေကို ပြန်ခေါ်ပြီး အလုပ်အကိုင် အခွင့်အလမ်းတွေ ပေးနိုင်မှာပါ” လို့ OFI (ငါတို့အနာဂတ်ရှေ့ဆောင်)၏ တနင်္သာရီတိုင်းဒေသကြီး အမှုဆောင်အရာရှိ ဦးတင်ကိုကိုဦးက ပြောပါတယ်။

အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေး လည်ပတ်နေဖို့အတွက် မြန်မာနိုင်ငံကို ပြည်ပမှ ရင်းနှီးမြှုပ်နှံငွေ အမေရိကန်ဒေါ်လာ သန်း ၂၀ လွှဲဖို့အတွက် ကြန့်ကြာမှု ဖြစ်နေကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူအနေနဲ့ အဆိုပါ ငွေလွှဲရန် လက်မှတ်ထိုးပေးထားခြင်း၊ မရှိသေးကြောင်း အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေးကြီးရဲ့ MD ဒေါ်ဌေးဌေးဝင်းက ပြောပါတယ်။

မြန်မာနိုင်ငံမှ ငါးတွေဟာ ထိုင်းနိုင်ငံထဲကို နည်းမျိုးစုံနဲ့ ရောက်ရှိနေပြီး ပင်လယ်ပြင်ထဲ ဖြတ်သန်း သွားလာနေတဲ့ လှေတွေကိုလည်း တာဝန်ရှိသူတွေက ထိန်းချုပ်နိုင်တဲ့ အနေထားမရှိဘူးလို့ သိရပါတယ်။

“ထိုင်းနိုင်ငံအနေနဲ့ကလည်း မြန်မာနိုင်ငံကို Catch Certificate နဲ့ပတ်သက်ပြီး တောင်းဆိုထားတဲ့ အချက် ၁၀ ချက် ရှိပါတယ်။ အဲဒီထဲမှာ အရေးကြီးဆုံးဖြစ်တဲ့ ငါးဖမ်းရေယာဉ်တွေကို စောင့်ကြည့်တဲ့ (VMS) စနစ်ရှိဖို့ လိုပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံမှာရှိတဲ့ ငါးဖမ်းလှေတွေဟာ ဒီစနစ် တပ်ဆင်ထားတာ မရှိဘဲ ငါးဖမ်းနေကြတဲ့အတွက် ဘယ်လိုမှ ထိုင်းနိုင်ငံအနေနဲ့ တရားဝင်ငါးတွေကို ဝယ်ယူနေတယ်လို့ ပြောလို့မရတော့ပါဘူး။ ထိုင်းနိုင်ငံအနေနဲ့ကလည်း ဒီစနစ်မပါဘဲ ငါးလာရောင်းတဲ့ လှေတွေကို ငါးဈေးကောင်း မပေးပါဘူး။ ဈေးနှိမ်ပြီး ဝယ်ပါတယ်။ အဲဒီတော့ ကျနော်တို့နိုင်ငံက တရားဝင် ငါးဖမ်းကွက်တွေက ငါးဖမ်းဆီးခွင့် Catch Certificate (CC) ရဲ့အရေးကြီးဆုံးဖြစ်တဲ့ VMS စနစ်မပါဘဲ ဘာကြောင့် CC ကို ထုတ်ပေးနေလဲဆိုတာ ကျနော်တို့ မေးစရာ မေးခွန်းတခု ဖြစ်နေပါတယ်။ ကျနော်တို့အနေနဲ့ ဒီအချက်ဟာ ကြီးမားတဲ့ လိမ်လည်မှုကြီးတခု ကြားထဲမှာ လွဲမှားမှု အကြီးကြီးတခု ဖြစ်နေပြီဆိုတာ သိထားရပါတယ်။ ဘယ်သူတွေက လုပ်နေသလဲဆိုတာ သိချင်ပါတယ်။ ကျနော်တို့နိုင်ငံအတွက် ဒါဟာ(ငါးလေလံဈေး) လိုအပ်တဲ့ စီမံကိန်းတခု ဖြစ်နေတဲ့အတွက် အမြန်ဆုံးအနေနဲ့ တာဝန်ရှိသူတွေ ဆောင်ရွက်ပေးသင့်ပါပြီ” လို့ ဦးတင်ကိုကိုဦးက ပြောပါတယ်။

အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေးမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၆၀ ရာခိုင်နှုန်း၊ ငါးလုပ်ငန်းဦးစီးဌာနမှ ၃၀ ရာခိုင်နှုန်းနဲ့ တိုင်းရင်းသားလုပ်ငန်းရှင်တဦးမှ ၁၀ ရာခိုင်နှုန်း ပါဝင်တဲ့ စီမံကိန်းကြီးတခုဖြစ်ကာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ဒေါ်သန်း ၇၀ ရင်းနှီးမြှုပ်နှံခွင့် ရရှိထားကြောင်း သိရပါတယ်။ လက်ရှိအနေထားအထိ ဒေါ်လာ ၁၀ သန်း ရင်းနှီးမြှုပ်နှံထားရသေးပြီး ဒေါ်လာသန်း ၂၀ လွှဲရန် ပြည်ထောင်စုအဆင့်မှာ ကြန့်ကြာမှု ဖြစ်နေသည်မှာ တနှစ်ကျော်သွားပြီဖြစ်တယ်လို့ ဒေါ်ဌေးဌေးဝင်းက ပြောပါတယ်။

နိုင်ငံခြားငွေလွှဲရရှိပြီး ငါးလေလံဈေး လည်ပတ်ပါက ထိုင်းနိုင်ငံမှ နေရပ်ပြန်လာနေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို အလုပ်အကိုင် အခွင့်အလမ်း ထောင်ချီ ပေးနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

မြိတ်ခရိုင်မှာ လက်ရှိငါးဖမ်းရာသီအတွက် ပင်လယ်ပြင်အတွင်းငါးဖမ်းဆီးလုပ်ကိုင်တဲ့ ကမ်းဝေးငါးဖမ်းလှေကြီး ၇၇၄ စီးရှိကြောင်း သိရပါတယ်။ အခုနှစ် တရားဝင်အခွန်ဆောင်ပြီးဖြစ်တဲ့ လိုင်စင်သက်တမ်းတိုးကာ ငါးဖမ်းလုပ်ငန်းဆောင်ရွက်ခွင့်ရှိတဲ့ ကမ်းဝေးငါးဖမ်းရေယာဉ် ၅၇၃ စီး ရှိနေပြီဖြစ်ကြောင်း မြိတ်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ သိရပါတယ်။

သတင်း - မြတ်ထွဋ် (မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013