
နိုင်ငံတဝန်းမှာ ဩဂုတ် ၁ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ နှစ်ပတ်အတွင်း အာဏာသိမ်းစစ်တပ်ရဲ့ လက်ချက်ကြောင့် ကလေးငယ် ၅ ယောက် အပါအဝင် အရပ်သား ၅၉ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ပါတယ်။
ဒီအရေအတွက်အရ ဩဂုတ်လထဲမှာ စစ်တပ်ကြောင့် တရက်ကို ပြည်သူ ၄ ယောက်နဲ့အထက် ပျမ်းမျှ သေဆုံးနေတဲ့သဘောဖြစ်ပါတယ်။
သေဆုံးသူတွေထဲက ၃၈ ယောက်ကို AAPP က နာမည်နဲ့တကွ အတည်ပြုထားနိုင်ပြီး ကျန်တဲ့ ၂၁ ယောက်ကိုတော့ စိစစ်နေဆဲလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ရခိုင်ပြည်နယ်က သေဆုံးသူ ၁၉ ယောက်နဲ့ အများဆုံးဖြစ်ပြီး သေဆုံးသူတွေထဲက ၃၄ ယောက်ကတော့ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သေဆုံးခဲ့ရတာပါ။
ဩဂုတ် ၁၁ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်မှာ တပ်စွဲထားတဲ့ စစ်အာဏာရှင်တပ် က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ မင်းယားကျေးရွာက သက်ကြီးရွယ်အို အမျိုးသမီးတယောက် ကျည်စထိမှန် သေဆုံးခဲ့ပါတယ်။











