DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးကော်မရှင်နှင့် ဒီပီအန်တို့ အချက် ၄ ချက် သဘောတူ
DVB
·
August 11, 2017
ငြိမ်းချမ်းရေးကော်မရှင်နှင့် ဒီပီအန်တို့ အချက် ၄ ချက် သဘောတူ
1 / 6
Donate to DVB

ငြိမ်းချမ်းရေးကော်မရှင် (ပီစီ) နဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (ဒီပီအန်) တို့ရဲ့ ဆဋ္ဌမအကြိမ်ဆွေးနွေးမှုမှာ ဒီပီအန်ဘက်က တင်ပြထားတဲ့ အချက် ၈ ချက်ထဲက ၄ ချက် သဘောတူတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။

ငြိမ်းချမ်းရေးကော်မရှင် (ပီစီ) နဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ရယ်ကောင်စီ (ယူအန်အက်ဖ်စီ) က ဖွဲ့စည်းထားတဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (ဒီပီအန်) တို့ရဲ့ ဆဋ္ဌမအကြိမ်အစည်းဝေးကို ရန်ကုန်မြို့ ရွှေလီလမ်းမှာရှိတဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးစင်တာမှာ သြဂုတ် ၁၀ ရက်နဲ့ ၁၁ ရက်နေ့ ၂ ရက်တာ ကျင်းပပြီး ပြောဆိုလိုက်တာပါ။

“ကျနော်တို့ ဒီပီအန်ရဲ့ အဆိုပြုချက် ၉ ချက်ရှိတာပေါ့နော်။ ထားပါတော့ ၈ ချက်ရှိတယ်။ နံပါတ် ၉ ကတော့ အန်စီအေ ထိုးမယ်ဆိုတော့ အားလုံးပေါင်း အဓိက ဆွေးနွေးတာကတော့ ၈ ချက်ပဲ။ အဲမှာ နံပါတ် ၁ ကနေ ၄ အထိကိုတော့ ကျနော်တို့ နှစ်ဦးနှစ်ဖက် သဘောတူညီနိုင်တဲ့ အနေအထားမျိုးရပါတယ်။ ၅၊ ၆၊ ၇၊ ၈ ကိုတော့ ကျနော်တို့ နှစ်ဖက်ဆွေးနွေးတယ်။ သူ့သဘောထားဆွေးနွေးတယ်။ ကိုယ့်သဘောထားဆွေးနွေးတယ်။ အဲဒီအပေါ်မှာက ကျနော်တို့ မဆုံးဖြတ်ရသေးဘူး။ နှစ်ဖက်ခေါင်းဆောင်တွေ ပြန်တင်ပြမယ်။ နောက်တကြိမ်တွေ့တဲ့အချိန်မှာ အဲဒါကို ကျနော်တို့က အတည်ပြုမှာဖြစ်ပါတယ်။”

ဒီပီအန်ဘက်ကလည်း လာမယ့် သတ္တမကြိမ်မြောက်ဆွေးနွေးပွဲမှာ အချက်အားလုံး အပြီးသတ် ဆွေးနွေးနိုင်ဖို့ မျှော်လင့်ကြောင်းလည်း အဖွဲ့ဝင် ဦးထွန်းဇော်က မီဒီယာတွေနဲ့တွေ့ ဆုံစဉ် ပြောကြားခဲ့ပါတယ်။

“ဒီမူဘောင် သုံးသပ်မှုအပိုင်းရှိမယ်။ တပ်ပိုင်းဆိုင်ရာမှာ ဆိုလို့ရှိရင်တော့ ကျနော်တို့ JMC ယန္တရားကို ပိုမိုခိုင်မာအောင်လုပ်တဲ့အပိုင်းရှိတယ်။ အဲဒီမှာ နိုင်ငံတကာပါဝင်မှုနဲ့ပတ်သက်လို့ ကျနော်တို့က နှစ်ဖက်ညှိနှိုင်းမှုတွေမှာ ကျနော်တို့ထပ်ပြီးတော့မှ ဆွေးနွေးစရာတွေကျန်ပါသေး တယ်။ ဒီနေ့ရရှိလာတဲ့ အချက်တွေကို နှစ်ဖက်ခေါင်းဆောင်တွေကို ပြန်လည်တင်ပြပြီးမှ အဲဒီက လမ်းညွှန်မှုနဲ့ ဆုံးဖြတ်မှုနဲ့ အခြေခံပြီးတော့ ဆက်ပြီး လာမယ့် တရားဝင် ၇ ကြိမ်မြောက် ဆွေးနွေး မှုမှာ အပြီးသတ်နိုင်ဖို့တော့ ကျနော်တို့ မျှော်လင့်ထားပါတယ်။”

ဒါ့အပြင် နှစ်ဦးနှစ်ဘက် နားလည်မှုနဲ့ ယုံကြည်မှုတွေ ပိုမိုခိုင်မာလာခဲ့ပြီး ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အတူတကွ ပါဝင်လာနိုင်ရေးကို ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ ငြိမ်းချမ်းရေးကော်မရှင် (ပီစီ) နဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ (ဒီပီအန်) တို့ရဲ့ ဆဋ္ဌမအကြိမ်အစည်း အဝေးပြီးမှာ  သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒီဆွေးနွေးပွဲမှာ ငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့က ဒေါက်တာ တင်မျိုးဝင်း ခေါင်းဆောင်ပြီး  ဦးသိန်းဇော်၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် အပါအ၀င် ၁၂ ဦးတက်ရောက်ခဲ့ကာ ဒီပီအန်ဘက်ကတော့ ခူးဦးရယ် ဦးဆောင်တဲ့ အဖွဲ့ဝင် ၉ ဦး တက်ရောက်ဆွေးနွေးခဲ့ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013