DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းအတွင်း ရာသီတုပ်ကွေးလူနာ အမျိုးသား ၁ ဦးသေဆုံး
DVB
·
August 11, 2017
စစ်ကိုင်းတိုင်းအတွင်း ရာသီတုပ်ကွေးလူနာ အမျိုးသား ၁ ဦးသေဆုံး
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ မြေဇွန်းရွာက အမျိုးသား ၁ဦးဟာ  A(H1N1) ရာသီတုပ်ကွေးရောဂါနဲ့  မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးမှာ သြဂုတ် ၈ ရက်ညက သေဆုံးသွားပါတယ်။

အသက် ၆၇ နှစ်အရွယ် ဦးသန်းဟာ  ဇူလိုင် ၂၇ ရက်ကတည်းက စဖျားခဲ့ပြီး မုံရွာမြို့ရှိ အပြင်ဆေးခန်း၊ ရွှေတော်ဝင်ဆေးရုံနဲ့ မန္တလေး တော်ဝင်ဆေးရုံတွေမှာ ကုသမှုခံယူခဲ့ကာ ရောဂါမသက်သာလို့ မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးမှာ တက်ရောက် ဆေးကုသမှုခံယူရင်း သေဆုံးခဲ့တာပါ။

သေဆုံးသူရဲ့ နှာခေါင်းတို့ဖတ်ကို ဓာတ်ခွဲစမ်းသပ်စစ်ဆေးရာမှာ ရာသီတုပ်ကွေးရောဂါဖြစ်တယ်လို့ သြဂုတ်  ၉ ရက်က  အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။

သေဆုံးသူရဲ့ အတူနေ မိသားစုဝင် ၆ ဦး၊ ပြုစုသူ ၃ ဦးကိုလည်း ဆားလင်းကြီးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာနတို့က ကွင်းဆင်းစစ်ဆေးရာမှာ လက်ရှိအချိန်ထိ ကျန်းမာရေးကောင်းမွန်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ရွှေဘိုမြို့ကနေ မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးကို သွားရောက်ဆေးကုသမှုခံယူနေတဲ့ ရွှေဘိုမြို့တွင်နေထိုင်သူ ၃၆ နှစ်အရွယ်အမျိုးသမီးတစ်ဦး မှာလည်း ရာသီတုပ်ကွေးရောဂါ A(H1N1) positive တွေ့ရှိထားတယ်လို့ဆိုပါတယ်။

ရွှေဘိုမြို့နယ်နှင့် ဒီပဲယင်းမြို့နယ်မှ လူနာ ၂ဦးမှာလည်း ရာသီတုပ်ကွေးရောဂါ သံသယလူနာအဖြစ် မန္တလေးဆေးရုံကြီးကို လွှဲပြောင်းကာ ဆေးကုသစစ်ဆေးမှုတွေပြုလုပ်နေ တယ်လို့သိရပါတယ်။

တိုင်းကုသရေးဦးစီမှူး မုံရွာဆေးရုံအုပ်ကြီးဒေါက်တာ အေးငြိမ်းက“လူနာတွေအားလုံးက တိုင်းအတွင်း အစိုးရဆေးရုံတွေမှာ ဆေးကုသမှုမရှိဘူး။ ဘာဖြစ်လို့လည်းတော့မသိဘူး ဖြစ်လာရင် မန္တလေးကိုပဲ တန်းသွားကြတာ။ ကျနော်တို့က မန္တလေးက ပြန်အကြောင်းကြားမှ သိရတဲ့အခြေအနေဖြစ်နေတယ်။ လုပ်ရတာ နည်းနည်းတော့ အခက်အခဲရှိတာပေါ့။ ဆားလင်းကြီးက သေဆုံးသွားတဲ့ လူနာနဲ့ပတ်သက်ပြီးတော့လည်း ဒီနေ့ဆို တိုင်းအစိုးရအဖွဲ့က စည်ပင်ဝန်ကြီးသွားပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေပြုလုပ်နေပါတယ်။ မနက်ဖြန်ဆို ဝန်ကြီးချုပ်နဲ့အဖွဲ့ ရွှေဘိုကိုသွားပါမယ်။ အခုလိုဖြစ်လာတဲ့အပေါ်မှာတော့ အရမ်းစိုးရိမ်ရတဲ့အခြေအနေ မဟုတ်ပေမယ့် အရင်ထက်ပိုပြီးတော့ သတိထားဖို့ အဆင့်ဆင့်ကို တပ်လှန့်ထားတယ်။ အရင်ကထက် ပိုပြီး ဂရုစိုက်ဖို့ပေါ့။ ပြည်သူတွေကိုလည်း အကြောက်မလွန်ကြဖို့ ပြောချင်သလို ကျန်းမာရေးဌာနက ညွှန်ကြားချက်တွေကိုလည်း လိုက်နာကြဖို့ တိုက်တွန်းလိုပါတယ်” လို့ ဒီဗွီဘီကိုပြောပါတယ်။

တိုင်းဒေသကြီးအတွင်း ရာသီတုပ်ကွေးရောဂါကြောင့် သေဆုံးသူတွေရှိလာတဲ့အတွက် လိုအပ်တဲ့ဆေးဝါးစုဆောင်းတာ၊ ကာကွယ်ရေးပစ္စည်းတွေထောက်ပံ့တာ၊ ကျန်းမာရေး ဝန်ထမ်းတွေ အတွက် ကာကွယ်ဆေးထိုးပေးဖို့ စီစဉ်နေတယ်လို့ဆိုပါတယ်။

သြဂုတ်၁၀ရက်ထိ တစ်နိုင်ငံလုံးမှာ ပြင်းထန်အသက်ရှုလမ်းကြောင်း ရောဂါကြောင့် ဆေးရုံတက်ကုသသူပေါင်း ၅၁၀ ဦးမှာ A(H1N1)ပိုးတွေ့ရှိသူ ၁၉၄ ဦးရှိပြီး သေဆုံးသူ ၂၀ ဦးရှိတယ်လို့  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013