DVB Logo
Home
မြန်မာသတင်း
မြောက်ကိုးရီးယားဒုံးကျည်ခြိမ်းခြောက်မှု ဂူအမ်ကျွန်းနေမြန်မာတဦး၏အမြင်
DVB
·
August 11, 2017
မြောက်ကိုးရီးယားဒုံးကျည်ခြိမ်းခြောက်မှု ဂူအမ်ကျွန်းနေမြန်မာတဦး၏အမြင်
Donate to DVB

မြောက်ကိုရီးယားနိုင်ငံက ဂူအမ်ကျွန်းကို  ဒုံးကျည်နဲ့ပစ်ခတ်ဖို့ စီစဉ်နေတယ် ဆိုတဲ့ သတင်းတွေကြောင့် ကျွန်းပေါ် နေထိုင်သူတွေနဲ့  ကမ္ဘာလှည့်ခရီးသွားတွေ စိုးရိမ်ပူ ပန်နေကြပါ တယ်။

အဲဒီကျွန်းမှာ မြန်မာပြည်ဖွား မြန်မာနိုင်ငံသားတချို့ နေထိုင်နေကြပြီး သူတို့အနေနဲ့ သတင်း စောင့်ကြည့်မှုတွေရှိပေမယ့် စိုးရိမ်မှုတွေ သိပ်မရှိဘူးလို့ ဂူအမ်ကျွန်းမှာ နေထိုင်တဲ့ ဒေါ်တင့်တင့် စမ်းက ဒီဗွီဘီကိုပြောပါတယ်။

“အားလုံးက သတင်းတွေဘာတွေနားထောင်ကြတာပေါ့နော်။ ဒါပေမယ့် ကြောက်လန့်ပြီးတော့ အရမ်းခြောက်ခြောက်ခြားခြားနဲ့ ကြောက်လန့်နေတဲ့ ပုံစံမျိုးမရှိပါဘူး။ ဘာမှလည်းပြင်ဆင်မှုတွေ အဲဒီအတွက်လုပ်တာတို့မရှိဘူး။ သွားလာနေထိုင်တာကတော့ ခါတိုင်း ပုံမှန်အတိုင်းပဲ။ သတင်းတော့နားထောင်ကြတယ်။  ဒါပေမယ့်အဲဒီအတွက် ကြောက်လို့၊လန့်လို့ တခြားနေရာသွားမယ်တို့  အဲဒါမျိုးတော့ ဘာမှမရှိဘူး။ ”

ဂူအမ်ကျွန်းဟာ မြောက်ကိုရီးယားရဲ့ ဒုံးကျည်ခြိမ်းခြောက်မှုအန္တရာယ်ကို အရင်ကလည်း အကြိမ်များစွာရင်ဆိုင်ခဲ့ရတဲ့ ကျွန်းတကျွန်းဖြစ်ပါတယ်။

ဒီတခေါက်ခြိမ်းခြောက်မှုဟာ အရင်တုန်းကနဲ့မတူဘဲ လက်နက်တွေ လက်ဆုပ်လက်ကိုင်ရှိနေတဲ့ အနေအထားတွေ့ရပေမယ့်  တကယ်လက်တွေ့ဖြစ်လာရင် အမေရိကန်ဘက်က လုံလောက်တဲ့ အကာကွယ်ပေး နိုင်မယ်လို့ယုံကြည်ကြောင်းလည်း ဒေါ်တင့်တင့်စမ်းက ပြောပါတယ်။

“အခုကတော့ တခုရှိတာပေါ့၊ အဲဒီတုန်းက ပစ်မယ်လို့ ခြိမ်းခြောက်ပေမယ့် သူ့မှာ တကယ်ပစ် နိုင်တဲ့လက်နက်က လက်ဆုပ်လက်ကိုင် မရှိဖို့ကများတယ်။ အဲဒီအချိန်တုန်းကလေ။ နောက်ပိုင်း ကျတော့ စမ်းသပ်မှုတွေက အများကြီးလုပ်လာတာကို။ တီဗွီမှာလည်း တွေ့တွေ့နေရတဲ့အခါကျတော့ အခုကတော့ အရင်ထက်စာရင်တော့ သူမှာ တခုခု အတိုင်းအတာတခုအထိတော့ပိုင်ဆိုင်မှု ရှိသွားတယ်ပေါ့့။ အဲလိုပဲထင်တာပဲပေါ့။ အားလုံးကတော့ မဖြစ်ဘူးလို့လည်းယုံကြည်တယ်။ ဖြစ်တယ်ဆိုရင်လည်း စစ်တပ်ကနေပြီးတော့ သူတို့ကို လုံလောက်တဲ့ အကာအကွယ်တွေ ပေးနိုင်တယ်လို့ ထင်ကြတယ်ပေါ့။”

လူဦးရေ ၁သိန်းခွဲကျော်လောက်နေထိုင်တဲ့  ဂူအမ်ကျွန်းဟာ ပစိဖိတ်အနောက်ပိုင်းမှာရှိတဲ့ အမေရိကန် အစောင့်အရှောက်ခံ ကျွန်းတစ်ကျွန်းဖြစ်ပြီး  ရေတပ်သင်္ဘောတွေ၊ လေတပ်စခန်းနဲ့ ကမ်းခြေစောင့် တပ်ဖွဲ့တွေပါဝင်တဲ့  အမေရိကန် စစ်စခန်းတွေ အခြေစိုက်တဲ့ နေရာတခု လည်းဖြစ်ပါတယ်။

အဲဒီကျွန်းမှာတော့ မြန်မာနိုင်ငံသား ၇  ဦးလောက်သာနေထိုင်ကြတယ်လို့ လည်း ဒေါ်တင့်တင့်စမ်းက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013