ကျောက်တံခါးတွင် တရားမဝင်နွားများ တင်ဆောင်လာသည့် ကားတစီး ဖမ်းမိ
DVB
·
August 11, 2017

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့၌ သြဂုတ် ၁၀ ရက်နေ့ ညနေ ၃ နာရီလောက်က နွားတွေကို တင်ဆောင်လာတဲ့ ၆ ဘီးယာဉ်တစီး ဖမ်းဆီးရမိခဲ့တယ်လို့ ကျောက်တံခါးမြို့မ ရဲတပ်ဖွဲ့စခန်းက ပြောပါတယ်။
ကညွတ်ကွင်းမြို့ကနေ ဒိုက်ဦးဘက်ကို ယာဉ်မောင်း အေးကျော် မောင်းနှင်လာတဲ့ ၆ ဘီးယာဉ်ကို သတင်းအရ ရန်ကုန်-မန္တလေး ကားလမ်းဟောင်း မိုင်တိုင်အမှတ် ၁၁၀/၀ နဲ့ ၁ အကြားမှာ စစ်ဆေး ဖမ်းစီးရမိခဲ့တာလို့ ဆိုပါတယ်။
“သတင်းအရ စောင့်ပြီး ဖမ်းတာပါ။ နွား ၅ ကောင်ပါ ဖမ်းမိတဲ့ သူတွေကတော့ ဒိုက်ဦးကို ပို့ရမယ်လို့ ပြောပါတယ်။ ဘယ်ကိုဆက်ပြီး ပို့မယ်ဆိုတာကတော့ မသိပါဘူး။ အခု အမှုကတော့ နွားတွေကို ဘာစာရွက်စာတမ်းမှမပါဘဲ သယ်လာလို့ ဖမ်းထားတာပါ” လို့ ကျောက်တံခါး မြို့မရဲတပ်ဖွဲ့စခန်းက တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
အထောက်အထားမပါဘဲ တင်ဆောင်လာတဲ့ နွား ၅ ကောင်ကို ကညွှတ်ကွင်းမြို့မှ ဒိုက်ဦးမြို့နယ်ကို ပို့ဆောင်ပေးရမှာလို့ ဆိုပါတယ်။
ကျောက်တံခါး မြို့မရဲစခန်းက အေးကျော်နဲ့ ယာဉ်နောက်လိုက်တို့ကို အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ-၅ နဲ့ ဖမ်းဆီးအရေးယူထားတယ်လို့ ဆိုပါတယ်။
သတင်း - ကျော်အောင် (ကညွတ်ကွင်း)