DVB Logo
Home
Lead Story
ဒလိုင်းလားမား နိုင်ငံရေးခိုလှုံစဉ်က မြန်မာပြည်ကို ဦးစားပေး စဉ်းစားခဲ့သလား
DVB
·
August 11, 2017
ဒလိုင်းလားမား နိုင်ငံရေးခိုလှုံစဉ်က မြန်မာပြည်ကို ဦးစားပေး စဉ်းစားခဲ့သလား
Donate to DVB

ဒလိုင်းလားမား နိုင်ငံရေးခိုလှုံစဉ်က မြန်မာပြည်ကို ဦးစားပေး စဉ်းစားခဲ့သလား။

ဤစကားမှာ ၁၉၈၄ ခုနှစ်က သူ၏ ပြည်ပြေးဘဝ ၂၅ နှစ်မြောက် အခမ်းအနား ကျင်းပစဉ် အေးရှားတိုင်းမ်စ် သတင်းထောက် ဘာတေးလင့်နာနှင့် အင်တာဗျူးတွင် တိဘက်ဂိုဏ်းချုပ်ဘုန်းတော်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။

အကယ်၍ ထိုသို့သာ ဖြစ်ခဲ့မည်ဆိုပါက မြန်မာနိုင်ငံတွင် ယနေ့ဖြစ်ပွားနေသော ဘာသာရေးပဋိပက္ခများတွင် မွတ်ဆလင်လူနည်းစုတို့အတွက် တန်းတူအခွင့်အရေးရရှိရန် ပြင်းပြင်းထန်ထန် ပြောကြားနေသည့် ကမ္ဘာ့ဗုဒ္ဓဘာသာခေါင်းဆောင် ဘုန်းတော်ကြီးတပါး ဖြစ်သော ဒလိုင်းလားမားအတွက် အခြေအနေ တမျိုးတဖုံ ဖြစ်စေလိမ့်မည်။

ဒလိုင်းလားမားကို ကျနော်တို့ ပထမဦးဆုံး တွေ့ကြသည့်အချိန်မှာ တိဘက်အား သိမ်းပိုက်ထားသည့် တရုတ်အစိုးရကို ဆန့်ကျင်ပုန်ကန်မှု ရှုံးနိမ့်သွားပြီး အိန္ဒိယသို့ ထွက်ပြေးလာသည့် ၂၅ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနား ကျင်းပနေစဉ် ဖြစ်သည်။ အိန္ဒိယရှိ တိဘက်ပြည်ပြေးများနှင့် တိဘက်မှ ပြည်သူများ စုရုံးကြပြီး အခမ်းအနားကို ကျင်းပနေကြသည့်အချိန် ဖြစ်သည်။

ကျနော့်ဇနီးသည် ဓာတ်ပုံဆရာနဲ့ ကျနော်တို့သည် ဒလိုင်းလားမားနှင့် တွေ့ဆုံခွင့်ရရန် တိဘက်ပြည်ပြေးအစိုးရ၏ လူထုဆက်ဆံရေး အရာရှိထံ ခွင့်တောင်းခဲ့သည်။ သူတို့က မြင့်မြတ်သောအရှင်ဟု လေးလေးစားစား ခေါ်ဝေါ်သော ဒလိုင်းလားမားက အလွန် အလုပ်များပြားသောကြောင့် တွေ့ဆုံချိန်ကို မိနစ် ၃၀ သာ ခွင့်ပြုခဲ့လေသည်။

သို့သော်လည်း ဒလိုင်းလားမားက ကျနော့်ဇနီးသည်မှာ မြန်မာ (ထိုစဉ်က ဘားမား) ပြည်သူတယောက်ဖြစ်မှန်း သိရှိသွားသည့်အခါ ချက်ချင်းဆိုသလိုပင် တိဘက်တိုဘားမင်း အုပ်စုတစုထဲဝင် ဖြစ်သော၊ တိဘက်စကားနှင့် ဗမာစကားတို့ကို နှိုင်းယှဉ်ပြောကြားရင်း စကားလက်ဆုံ ကျလေတော့သည်။

ကျနော်တို့ ထိုင်စကားပြောနေကြသည့် အခန်းတွင်းသို့ စိတ်မရှည်ဟန်၊ စိတ်ကသိကအောင့်ဖြစ်ဟန် အသံပြုလျက် သတိပေးနေသော သူ့တပည့်များကို မသိကျိုးကျွံပြုကာ ဒလိုင်းလားမားက တနာရီခွဲကျော်ကြာအောင် ကျနော်တို့ကို ဧည့်ခံစကား ပြောခဲ့လေသည်။ ဒလိုင်းလားမားအနေဖြင့် အမှန်စင်စစ် အိန္ဒိယနိုင်ငံထက် မြန်မာနိုင်ငံသို့ သွားရောက်ခိုလှုံရန် ကြံရွယ်ခဲ့ကြောင်း အံ့အားသင့်ဖွယ်ကိစ္စကို ပြန်လည်ပြောပြသည်မှာ အဆိုပါစကားဝိုင်းတွင် ဖြစ်သည်။

သူ့အနေဖြင့် အိန္ဒိယနှင့် တရုတ်တို့အကြား ဆက်ဆံရေးတွင် ပြဿနာ ဖန်တီးမိခြင်းမျိုးကို ရှောင်ရှားလိုသည့်အတွက် ကချင်ပြည်နယ်မြောက်ပိုင်း ပူတာအို မြောက်ဘက်ရှိ တိုင်းရင်းသား တိဘက်ရွာများအနက်မှ တရွာရွာတွင် အခြေချ နေထိုင်လိုခဲ့ကြောင်း ပြောပြခဲ့လေသည်။ သူ့လူများအကြား အတူနေလိုပြီး မြန်မာနိုင်ငံသည် ဒေသတွင်း အင်အားကြီးများ၏ ကစားကွက်များအကြား ဘက်မလိုက် ကြားနေသော ရပ်တည်ချက်နှင့် ဗုဒ္ဓဘာသာ တိုင်းပြည်တခု ဖြစ်ခြင်းကြောင့် သူ လာရောက်နေထိုင်မည့်အပေါ် အပြုသဘော တုံ့ပြန်လိမ့်မည်ဟု ထင်ခဲ့မိသည်ဟုလည်း ပြောပြပါသည်။

ဒလိုင်းလားမား၏ အဆိုအရ သူ ထွက်ပြေးလာသည့်အချိန်တွင် မြန်မာခေါင်းဆောင်များထံ သဘောထား တီးခေါက်သူများကို စေလွှတ်ခဲ့ရာ “သူ့ကို ကြိုဆိုလိုပါကြောင်း၊ သို့သော်လည်း မြန်မာနှင့် တရုတ်ပြည်အကြားတွင် အရေးကြီးသော နှစ်နိုင်ငံ နယ်နိမိတ်ကိစ္စ ဆွေးနွေးနေချိန် ဖြစ်နေသဖြင့် လျော်ကန်သင့်မြတ်သောအချိန် မဟုတ်ပါကြောင်း” ပြန်ကြားခဲ့သည်ဟု ဆိုလေသည်။

ထိုအချိန်မှာ ၁၉၅၉ ခုနှစ် မတ်လ ဖြစ်သည်။ ၁၉၆၀ ပြည့်နှစ် အောက်တိုဘာလတွင် မြန်မာဝန်ကြီးချုပ် ဦးနုက တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်နိမိတ်စာချုပ်ကို ပီကင်းတွင် အခမ်းအနားဖြင့် အတည်ပြု လက်မှတ်ရေးထိုးခဲ့ကာ စုစုပေါင်း ၂၁၈၅ ကီလိုမီတာ ရှည်သော နှစ်နိုင်ငံနယ်နိမိတ်ကို တိုင်းတာ ရေးဆွဲနိုင်ခဲ့ကြသည်။

သို့သော်လည်း ၁၉၈၄ ခုနှစ်က မက်လျော့ဂင့်ဂ်ျ (McLeod Ganj) တွင် ကျနော်တို့ စကားပြောကြားသည့် အချိန်တွင်မူ ဒလိုင်းလားမားအနေဖြင့် သူ ရွေးချယ်ခဲ့သည့် ခိုလှုံရန် နေရာအတွက် စိတ်ကျေနပ်မှု ရှိနေမည်မှာ သံသယရှိစရာလိုမည် မထင်ပေ။ မြန်မာနိုင်ငံတွင် ၁၉၆၂ ခုနှစ်က စစ်တပ်မှ အာဏာသိမ်းပြီးနောက် မည်သည့် နိုင်ငံရေးလွတ်လပ်ခွင့်ကိုမှ သည်းမခံခဲ့ချေ။ အိန္ဒိယတွင်မူ တိဘက်များအနေဖြင့် သူတို့၏ ကိုယ်ပိုင်အုပ်ချုပ်ရေးနှင့် သူတို့ကိုယ်ပိုင် စာသင်ကျောင်းများကိုပင် ထူထောင်ခွင့်ရကြပြီး ဘာသာရေးစာပေများနှင့် နိုင်ငံရေးစာပေများကို လွတ်လပ်စွာ ပုံနှိပ်ထုတ်ဝေခွင့် ရကြလေသည်။

အကယ်၍သာ ၁၉၅၉ ခုနှစ်က ဒလိုင်းလားမားအနေဖြင့် ပူတာအိုမြောက်ပိုင်းတွင် အခြေချ နေထိုင်ခဲ့မည်ဆိုပါက ပီကင်းအစိုးရက မြန်မာအပေါ် ဒေါသအမျက်ချောင်းချောင်း ထွက်မည်မှာ သံသယရှိစရာမလိုဘဲ ၁၉၆၀ နှင့် ၁၉၇၀ ပြည့်နှစ်များဆီက ဗမာပြည် ကွန်မြူနစ်ပါတီ၏ ပုန်ကန်တိုက်ခိုက်မှုကို ထောက်ခံအားပေးခဲ့သည်ထက် ပိုမိုဆိုးရွားစွာ ဒုက္ခပေးကောင်း ပေးပေလိမ့်မည်။

ကျနော်တို့သည် ဒလိုင်းလားမားနှင့် ၁၉၉၃ ခုနှစ် ဖေဖော်ဝါရီလတွင် ထပ်မံတွေ့ဆုံခဲ့ကြပြန်သည်။ ထိုစဉ်က ကျနော်က ထိုင်းနိုင်ငံ၊ နိုင်ငံခြားသတင်းထောက်များ ကလပ် (FCCT) တွင် ဥက္ကဋ္ဌတာဝန် ထမ်းဆောင်နေပြီး သူက ဘန်ကောက်သို့ ခေတ္တ လာလည်စဉ် ဖြစ်သည်။

ထိုစဉ်က ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ၈ ဦးမှာ ထိုင်းနိုင်ငံသို့ လာရောက်၍ ရန်ကုန်တွင် တပ်မတော်၏ အကျယ်ချုပ်ချထားခြင်း ခံနေရသော ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် လှုံ့ဆော်မှုပြုလုပ်ရန် လာရောက်ကြချိန် ဖြစ်သည်။

အကြမ်းမဖက်သည့်နည်းဖြင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုကို လုပ်ဆောင်နေသည့် ဒီမိုကရေစီရေး လှုပ်ရှားသူ ဒေါ်အောင်ဆန်းစုကြည်မှာ ၁၉၉၁ ခုနှစ် နေအိမ်အကျယ်ချုပ် ချထားခံရစဉ်အတွင်း ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကို လက်ခံရရှိခဲ့ခြင်း ဖြစ်သဖြင့် ကမ္ဘာတဝန်းမှ ထင်ရှားသော ငြိမ်းချမ်းရေးချန်ပီယံများက ထိုသို့ စုဝေးခဲ့ခြင်းမှာ ထူးခြားသည်။

မျှော်လင့်ထားသည့်အတိုင်းပင် ထိုစဉ်က မြန်မာစစ်အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် သူတို့အပေါ် ဖိအားပေးမှုကို မလိုက်လျောခဲ့ကြချေ။

ထိုစဉ်က ကြောက်စရာကောင်းသည့် ထောက်လှမ်းရေးအဖွဲ့ အကြီးအကဲ ဒု-ဗိုလ်ချုပ်ကြီးခင်ညွန့် ခေါင်းဆောင်သည့် စစ်အစိုးရ မီဒီယာများက ထိုအခွင့်အရေးကို အသုံးချကာ ဒလိုင်းလားမားကို “ခွဲထွက်ရေးသမား” ဟု ကင်ပွန်းတပ်ခဲ့ကြသည်။ အကြောင်းမှာ သူက တိဘက်လွတ်လပ်ရေးကို လိုလားခဲ့သူ ဖြစ်သောကြောင့် ဖြစ်သည်။ နိုင်ငံတကာ နိုင်ငံရေးတွင် ခင်ညွန့်နှင့် သူ့လူများသည် တရုတ်ပြည်ကို အပြည့်အဝ ထောက်ခံသူများ ဖြစ်ကြသည်။

ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ၈ ဦးတွင် ဒလိုင်းလားမား ပါဝင်နေသည့်အတွက် ထိုင်းနိုင်ငံတွင် သံရေး၊ တမန်ရေး ဝဲဂယက် ထန်ခဲ့သည်။ တရုတ်နိုင်ငံက ထိုင်းအစိုးရကို နှစ်ကြိမ်တိုင်တိုင် ကန့်ကွက်ခဲ့သလို FCCT နိုင်ငံခြားသတင်းထောက်များ ကလပ်သည်လည်း မီးပူဟပ်ခံရသည်။ ဒလိုင်းလားမား ရောက်မလာမီ ကျနော်တို့ရုံး၏ စကားပြောစင်မြင့် နောက်ဘက်ရှိ နံရံပေါ်တွင် လွန်ခဲ့သော တနှစ်ကျော်ကတည်းက ချိတ်ဆွဲထားခဲ့သော သူ၏ ဓာတ်ပုံဟောင်းကို ဖြုတ်ချပေးရန် တရုတ်သံရုံးက ကျနော်တို့ကို တောင်းဆိုခဲ့သည်။

ကျနော်က နံရံပေါ်တွင် FCCT အဖွဲ့ဝင်များက ဓာတ်ပုံများ ချိတ်ဆွဲဆင်ယင်ထားခြင်းမှာ သတင်းမီဒီယာ ပြန်ကြားရေးသဘောအရ ပြသထားခြင်းဖြစ်ပြီး အရေးတော်ပုံတခုကို ထောက်ခံသည့် ပုံရိပ်တခုအနေဖြင့် မဟုတ်ပါကြောင်း တရုတ်သံအရာရှိများကို ရှင်းပြခဲ့ရသည်။

အကယ်၍ တရုတ်ခေါင်းဆောင် တိန့်ရှောက်ဖျင်က FCCT သို့ လာရောက်ပြီး မိန့်ခွန်းပြောကြားလိုပါကလည်း ကျနော်တို့က သူ့ဓာတ်ပုံကို ကျနော်တို့နံရံပေါ်တွင် ဝမ်းမြောက်ဝမ်းသာ ချိတ်ဆွဲမည် ဖြစ်ကြောင်းကိုလည်း ပြောခဲ့ရသည်။ တရုတ် သံရုံးအရာရှိများက သိပ်ကျေနပ်ပုံ မရကြသော်လည်း ဆန့်ကျင်ကန့်ကွက်မှုတော့ ဆက်မလုပ်တော့ချေ။

အခမ်းအနားတွင် ပရိသတ်များဖြင့် ပြည့်နှက်နေသော ကလပ်အတွင်း ကျနော်က ဒလိုင်းလားမားသို့ ဒေါ်အောင်ဆန်းစုကြည်၏ ဘောင်ခတ်ထားသော ဓာတ်ပုံပေးအပ်ခြင်းသည် ဆက်စပ်မှုမရှိသည့် အစီအစဉ် ဖြစ်ပါသည်။ မည်သို့ဆိုစေ ၁၉၈၄ ခုနှစ် တွေ့ဆုံ စကားပြောခဲ့ရစဉ်က မြန်မာပြည်တွင် ခိုလှုံခွင့်ရချင်ခဲ့သည်ဟု သူ ပြောကြားခဲ့သည်ကို ပြန်လည်သတိရမိလိမ့်မည် ဆိုသည်ကိုတော့ ကျနော် စိတ်မသက်မသာ ဖြစ်မိသည်။

FCCT အခမ်းအနား ဖြစ်ပေါ်လာစေသည့် အကြောင်းအချက်နှင့် ၁၉၅၉ ခုနှစ်နောက်ပိုင်း ဒေသတွင်း ဖြစ်ပေါ် ပြောင်းလဲလာမှုများအရ ဒလိုင်းလားမားအနေဖြင့် ပူတာအိုထက် မက်လျော့ဂင့်ဂ်ျကို ရွေးချယ်ခဲ့ခြင်းအတွက် ပိုမို ကျေနပ်နှစ်သိမ့်နေမည်မှာကား သေချာပါသည်။

သို့သော်လည်း အကယ်၍ ယနေ့အချိန်တွင် မြန်မာနိုင်ငံ၌ သူ ရှိနေခဲ့ပါက မွတ်ဆလင် လူနည်းစုများအပေါ် ဗုဒ္ဓဘာသာအစွန်းရောက် အုပ်စုများ၏ ခြိမ်းခြောက်မှုများက သူ၏ လူ့အဖွဲ့အစည်းတွင်း သဟဇာတဖြစ်ရေး သဘောထားများကို မည်သို့ တုံ့ပြန်ကြလိမ့်မည်ကိုကား မည်သူမျှ မသိနိုင်ပါချေ။

မောင်တင်ထွန်း

(အေးရှားတိုင်းမ် အွန်လိုင်းသတင်းစာပါ ဘာတေးလင့်တနာ၏ Did the Dalai Lama prefer exile in Myanmar to India? ကို ဘာသာပြန်ဆိုပါသည်။)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013