DVB Logo
Home
မြန်မာသတင်း
ဒီဗွီဘီသတင်းထောက်များကိုရုံးထုတ်၊ တရားလို တပ်မတော်အရာရှိ ရုံးချိန်းလာရန်ပျက်ကွက်
DVB
·
August 11, 2017
ဒီဗွီဘီသတင်းထောက်များကိုရုံးထုတ်၊ တရားလို တပ်မတော်အရာရှိ ရုံးချိန်းလာရန်ပျက်ကွက်
1 / 28
Donate to DVB

ဖမ်းဆီးခံထားရတဲ့ ဒီဗွီဘီနဲ့ ဧရာဝတီသတင်းထောက်တွေ အပါအဝင် ၆ ဦးရဲ့အမှုကို သြဂုတ် ၁၁ ရက် မနက်က သီပေါမြို့ တရားရုံးမှာ တတိယအကြိမ်ရုံးထုတ်ခဲ့ပြီး တရားလို တပ်မတော်အရာရှိ ၂ ဦး လာရောက်ထွက်ဆိုခဲ့ခြင်း မရှိပါဘူး။

တရားရုံးကိုလာရောက်ဖို့ မူလချိန်းဆိုထားတဲ့ တရားလို ဗိုလ်မှူးမြတ်မွန်အောင်နဲ့ ဗိုလ်သော်ဇင်တို့ ရှေ့တန်းထွက်နေရတဲ့အတွက် လာရောက်နိုင်ခြင်းမရှိဘဲ တရားလိုဘက်က အရပ်သားသက်သေ ဦးဝင်းသန်း တယောက်တည်း လာရောက်ထွက်ဆိုခဲ့တယ်လို့  တရားလွှတ်တော် ရှေ့နေ ဦးမောင်မောင်ဝင်းက ပြောပါတယ်။

“အရပ်သားရှာဖွေပစ္စည်းသက်သေ ဦးဝင်းသန်း တယောက်ပဲ စစ်ဖြစ်တယ်။ ရှာဖွေပုံစံမှာ ပစ္စည်းတွေကို ဗိုလ်သက်နိုင်ဦးက စခန်းမှူး မြို့နယ်ရဲတပ်ဖွဲ့မှူးကို လွှဲအပ်တဲ့အခါမှာ အသိသက်သေပေါ့။ အရာရှိ ၂ ယောက်စလုံးက မလာဘူး။ သူတို့ကတော့  ရှေ့တန်းထွက်နေရလို့လို့ အကြောင်းပြတာပေါ့နော်။ အစက ခေါ်ထားတာတော့  ဗိုလ်မှူးမြတ်မွန်အောင်ကို ခေါ်ထားတယ်လို့ပြောတယ်။ ဗိုလ်သော်ဇင်အစား ဦးဝင်းသန်းကို ခေါ်ထားတယ်လို့ ပြောတယ်။ ဗိုလ်မှူးကလည်း ရှေ့တန်းသွားနေတယ်ဆိုတော့ မလာဘူးပေါ့နော်။ အဲဒီတော့ နောက်ရုံးချိန်းကိုတော့ တိတိကျကျလေးပေါ့၊ တပ်က ပူးပေါင်းဆောင်ရွက်ပေးပါပေါ့နော်။ ဒီအမှုကို မှန်မှန်နဲ့မြန်မြန် စစ်ဖို့လိုပါတယ်။ ဒါကြောင့်မို့လို့ သေချာ ဆင့်စာချပေးပါလို့ ပြောထားတယ်။ နောက်တချိန်းတော့ သူတို့မလာလို့ မရပါဘူး။ နှစ်ယောက်စစ်ရမယ့်ဟာ တယောက်ပဲစစ်တော့ အမှုကပိုပြီး ကြန့်ကြာသွားတာပေါ့။ အချုပ်ထဲမှာ ကြာကြာနေနေရတာပေါ့။”

ဒီအမှုနဲ့ပတ်သက်ပြီး တပ်မတော်ဘက်က တရားလိုပြသက်သေ ၉ ဦး ရှိတဲ့အထဲက ပြီးခဲ့တဲ့ သီတင်းပတ်မှာ တပ်ရေးဗိုလ်ကြီး ဗိုလ်သက်နိုင်ဦးကို စစ်ဆေးခဲ့ပြီး ခုသီတင်းပတ်မှာ အရပ်သား သက်သေ ၁ ဦးသာ စစ်ဆေးနိုင်သေးတာ ဖြစ်ပါတယ်။

ဒီကနေ့ တရားခွင်မှာ တရားစွဲခံထားရသူတွေကို လက်ထိတ်ဖြုတ်ပေးဖို့နဲ့ တရားခွင်အပြီးမှာ မိသားစုနဲ့ တွေ့ဆုံ ထမင်းစားခွင့်ပြုဖို့ ရှေ့နေတွေက တောင်းဆိုရာမှာလည်း ခွင့်ပြုချက် မရခဲ့ဘဲ ငြင်းဆိုခံခဲ့ရပါတယ်။

ရှေ့နေ ဦးမောင်မောင်ဝင်းက “ကျနော်တို့က တရားရုံးလက်စွဲအရ တရားရုံးရှေ့မှာ လက်ထိတ်ခတ်ထားတာကိုတော့ ဖြုတ်ပေးဖို့ လျှောက်တာပေါ့။ အဲဒါ တရားသူကြီးက လုံခြုံရေးကို ခေါ်မေးတာပေါ့။ ထွက်ပြေးတာတို့၊ အန္တရာယ်ပြုတာတို့ တာဝန်မယူနိုင်ဘူးဆိုပြီးတော့ လုံခြုံရေးတာဝန်ကျတဲ့ ရဲမှူးက ပြောတဲ့အခါကျတော့ တရားရုံးက လက်ထိတ်ဖြုတ်တာကိုတော့ သူလည်း တာဝန်မယူနိုင်ဘူးပေါ့ဗျာ။ နောက် မိသားစုတွေနဲ့ တွေ့ဖို့ မနက်စာကျွေးခွင့်ရဖို့လည်း တရားသူကြီးက သူနဲ့မဆိုင်ဘူးပေါ့နော်။ ဒီဟာက သက်ဆိုင်ရာ လုံခြုံရေး ရဲနဲ့ပဲဆိုင်တယ်လို့ ပြောတဲ့အခါ ကျနော်တို့ကတော့ တော်တော်လေး ပြင်းပြင်းထန်ထန်ပြောတာပေါ့။ ဒါ လူမှုရေးအရ မိသားစုနဲ့တွေ့ခွင့်ပေးဖို့ အဲဒါကို စီစဉ်ပေးပါပြောတာကို စီစဉ်မပေးနိုင်ဘူးဆိုပြီးတော့ အချုပ်ကားပေါ် တက်ခိုင်းတာပဲ။ အားလုံးက လာကြည့်နေတဲ့ လူတွေရော၊ မိသားစုတွေရော ဒီအပေါ်မှာ တော်တော် မကျေမနပ် ပြင်းထန်ပြီးတော့ ပေါက်ကွဲကုန်တာပေါ့။”

ဖမ်းဆီးခံသတင်းထောက်တွေကို မန္တလေးခရိုင် ဗ.က.သအဖွဲ့ဝင်တွေ၊ နိုင်ငံရေး အကျဉ်းသားဟောင်းတွေနဲ့ သတင်းသမားတွေက သီပေါတရားရုံးရှေ့ကို လာရောက်ခဲ့ကြပြီး မီဒီယာဖိနှိပ်မှုတွေ ချက်ချင်းရပ်ဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဖမ်းဆီးတရားစွဲခံနေရတဲ့ ဒီဗွီဘီသတင်းထောက် ကိုပြည့်ဘုန်းအောင်က “သတင်းလောက တခုလုံးကို ပြောချင်တာ။ သတင်းသမားတွေ သတင်းသွားယူရင် မင်းတို့ ဒီကောင်တွေကိုကြည့် မြင်တယ်မဟုတ်လား၊ သတင်းထောက်အလုပ် သတင်းသွားလုပ်တယ်။ ထောင်ထဲဝင်ရမယ်၊ ဒီပုဒ်မတွေနဲ့ မင်းတို့ တရားစွဲဆိုခံရမယ်ဆိုပြီးတော့ ပြတာ၊ ဒါ သတင်းခြိမ်းခြောက်မှုတခု၊ သတင်းရယူခြင်း လွတ်လပ်ခွင့်တခုကို ခြိမ်းခြောက်တာပဲ ဖြစ်တယ်” လို့ တရားခွင်အပြီးမှာ ပြောပါတယ်။

အလားတူ ဒီဗွီဘီ အကြီးတန်းသတင်းထောက် ဦးအေးနိုင်က “ကျနော်တို့ကို တပ်ကနေပြီးတော့ဖမ်းတဲ့ ဗိုလ်မှူးမြတ်မွန်အောင် ရှေ့တန်းကိစ္စဆိုပြီး သူ ရုံးချိန်းပျက်ကွက်တယ်။ အဲတော့ဘာဖြစ်လဲ၊ သူကတော့ ပျက်ကွက်တယ်လို့ပြောတယ်။ ကျနော်တို့က အချုပ်ထဲမှာ တပတ် ပိုနေလိုက်ရတယ်။ ဆိုတော့ ဒီလိုမျိုး တပ်ကလူ ၅ ယောက် ရှိတယ်၊ ၅ ယောက် ပျက်ကွက်လို့ရှိရင် ကျနော်တို့ ငါးပတ် ပိုနေရမယ်။ ပြောရမယ်ဆိုရင် တီအန်အယ်လ်အေဆိုတာ တရားမဝင်အဖွဲ့အစည်းလို့ ပြောတယ်။ တရားမဝင်အဖွဲ့အစည်းဆိုတဲ့ ၁၉၀၈ ခုနှစ် ဥပဒေအရကို တီအန်အယ်လ်အေဟာ တရားမဝင်အဖွဲ့အစည်းဆိုတာ မပြဋ္ဌာန်းထားဘူး။ ပြောရမယ်ဆိုရင် စွဲကတည်းကိုက ဒီပုဒ်မကြီးက မှားနေတယ်။ မှားနေတာကြီးကို သိသိကြီးနဲ့ အာမခံမပေးဘူးဆိုတာက သက်သက်မဲ့ ကျနော်တို့ ချောက်ထဲချပြီးတော့ နောင်လာနောက်သား မျိုးဆက်သစ်တွေကို မင်းတို့ကောင်တွေ မီဒီယာမလုပ်နဲ့၊ သူပုန်တွေနဲ့ မဆက်သွယ်နဲ့၊ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ မဆက်သွယ်နဲ့ တွေ့တယ်မဟုတ်လား၊ ဓားထိမယ်၊ ဒီမှာ သေနတ်ကြည့်ဆိုတဲ့ ပုံစံမျိုး ခြိမ်းခြောက်တာ” လို့ပြောပါတယ်။

ဧရာဝတီသတင်းထောက် ဦးသိန်းဇော် (ခ) လဝီဝမ်က “ကျနော်တို့က ဒီနိုင်ငံရဲ့ သူခိုးမှမဟုတ်တာ။ ငါတို့က သတင်းထောက်လေနော်။ ပြည်သူအတွက် လုပ်ပေးနေတဲ့ဟာ၊ ပြည်သူအတွက် စတုတ္ထမဏ္ဍိုင်ကို၊ ကျနော်တို့ စိတ်ဓာတ်ကျတာတို့ အားငယ်တာတို့ မရှိဘူး။ အမြဲစိတ်ခိုင်တယ်။ ယုံကြည်တယ်၊ ကိုယ့်ရဲ့ ယုံကြည်ချက်ကို ပြည်သူတွေအတွက် လုပ်ပေးတယ်။ အားလုံးကို ကျေးဇူးတင်တယ်” လို့ ပြောပါတယ်။

တီအန်အယ်လ်အေရဲ့ မူးယစ်ဆေးဝါးဖျက်ဆီးပွဲကို သတင်းယူပြီးပြန်လာတဲ့ ဒီဗွီဘီသတင်းထောက် ဦးအေးနိုင်နဲ့ ကိုပြည့်ဘုန်းအောင်၊ ဧရာဝတီသတင်းထောက် ဦးသိန်းဇော်၊ တီးဝိုင်းမှာ ဒရမ်တီးတဲ့ မိုင်းထွန်းအေး၊ ကားမောင်းသမား မိုင်းဆန်းညွန့်နဲ့ စိုင်းအောင်ခမ်းတို့ ၆ ဦးကို ဇွန် ၂၆ ရက်မှာ တပ်မတော်စစ်ကြောင်းက ဖမ်းဆီးခဲ့တာပါ။

မတရားအသင်းအက်ဥပဒေပုဒ်မ ၁၇(၁) နဲ့ ဖမ်းဆီးတရားစွဲခံထားရတဲ့ သတင်းထောက်တွေ လွတ်မြောက်ဖို့အတွက် ဒီကနေ့ အာမခံထပ်မံလျှောက်ထားခဲ့ပြီး နောက်တပတ် သောကြာနေ့ သြဂုတ် ၁၈ ရက်နေ့ရုံးချိန်းမှာ အာခမံပေးမယ်၊ မပေးဘူး အမိန့်ချမှတ်ဖို့ ရှိပါတယ်။

ဓာတ်ပုံ - ကိုဈာန်၊ အောင်အောင်နိုင်၊ JPaing

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013