DVB Logo
Home
မြန်မာသတင်း
ကုသချိန်ကျော်လွန်၍ ကလေးငယ် သေဆုံးဟု မိသားစုပြော၊ ဆေးရုံအုပ် ငြင်းဆို
DVB
·
August 11, 2017
ကုသချိန်ကျော်လွန်၍ ကလေးငယ် သေဆုံးဟု မိသားစုပြော၊ ဆေးရုံအုပ် ငြင်းဆို
Donate to DVB

ရန်ကင်းကလေးဆေးရုံကြီးမှာ သွေးအန်နေတဲ့ ကလေးငယ်တဦးကို ၂ ရီကျော်ကြာ ပစ်ထားတဲ့အတွက် ကုသချိန် ကျော်လွန်လို့ သေဆုံးသွားတယ်ဆိုပြီး လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။

သြဂုတ် ၅ ရက်နေ့က ရန်ကင်းကလေးဆေးရုံကြီးမှာ တာဝန်ကျဆရာတွေရဲ့ ပေါ့ဆမှုကြောင့် မသေဆုံးသင့်ဘဲ အသက်ဆုံးရှုံးခဲ့ရကြောင်း၊ သွေးအန်နေတဲ့ ကလေးငယ်ကို ကုတင်ပေါ် ၂ နာရီကျော် ပစ်ထားတာကြောင့် ကလေး သွေးအန်ခဲ့ကြောင်း၊ ဆရာမတွေကို သွားပြောတဲ့အခါ ဆရာမတွေက ထမင်းစားနေတယ်လို့ ပြန်ပြောလွှတ်လိုက်တယ်လို့ သေဆုံးသူရဲ့ အစ်ကိုဖြစ်သူ ကိုရဲ အမည်နဲ့ အကောင့်ပိုင်ရှင်က လူမှုကွန်ရက်မှာ ရေးတင်ခဲ့တာပါ။

ကလေးဆေးရုံကြီး အရေးပေါ်ဌာနက တာဝန်ကျနေတဲ့ ဆရာတွေရဲ့ ပေါ့ဆမှုကြောင့် အသက် ၁၃ နှစ်အရွယ်ရှိ မဆုစန္ဒာမြင့် ကွယ်လွန်ရတာလို့ မိသားစုဝင်တွေက စွပ်စွဲထားပါတယ်။ ဆရာတွေက အဆုတ်သွေးကြောပေါက်တာလို့ ပြောဆိုခဲ့ပြီး ကျန်းမာရေးဌာနကို ပို့တဲ့အခါ သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးတယ်ဆိုတာ သိရတယ်လို့ မိသားစုဝင်တွေက ဆိုပါတယ်။

ကလေးမိခင် ဒေါ်ရင်ရင်သန်းက “အဲဒီမှာ သွားပြောတော့ ဘာဖြစ်လို့ ကြာသွားလဲဆိုတော့ ကျမတို့ ထမင်းစားချိန် ရှိသေးတယ်တဲ့။ ဆရာမရယ်လို့ ထမင်းစားချိန်ဆိုပေမယ့် ဒီမှာ လူနာကလည်း အရေးကြီးနေတယ်လို့။ သွေးအန်တဲ့ကလေးကို ဦးစားမပေးဘဲနဲ့ ချွဲကျပ်နေတဲ့ ကလေးကိုကျတော့ ဘေးချင်းယှဉ်ပြီး ကုနေတယ်။ စောင့်နေတဲ့အချိန်မှာပဲ ကလေးက သွေးပွက်ခနဲ ပြန်အန်တယ်။ လူနာတွေကလည်း များများလာတယ်ဆိုတော့။ ဆရာမ ဒီမှာ ကလေးက သွေးပါနေပြီဆိုတော့ ရှင်တို့လူနာ တယောက်တည်း မဟုတ်ဘူးတဲ့။ အကုန်လုံးက အသက်ပါတဲ့ ကလေးတွေချည်းပဲတဲ့။ ဆိုတော့ အဲဒီမှာတင် အချိန်က ၁ နာရီခွဲကျော်ကျော် ၂ နာရီလောက် အဲဒီသွေးအန်တဲ့နေရာမှာပဲ ကြာသွားပြီ” လို့ ပြောပါတယ်။

ကလေးငယ်တွေရဲ့ အသက်တွေ ထပ်မံမဆုံးရှုံးဖို့ ရန်ကင်းကလေးဆေးရုံကြီးကို မပြဖို့လည်း အကောင့်ပိုင်ရှင်က ရေးသားထားပါတယ်။

အဲဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ရန်ကင်း ကလေးဆေးရုံအုပ်ကြီး ဒေါက်တာမြင့်မြင့်ခိုင်ကို ဒီဗွီဘီက မေးမြန်းရာမှာ အဲဒီဖြစ်စဉ်ဟာ မဟုတ်မှန်ကြောင်းနဲ့ လူနာတိုင်းကို လိုအပ်သလို ပြုစုစောင့်ရှောက်မှု ပေးနေပြီး အဲဒီကလေးငယ်ဟာ သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးသွားတာလို့ ပြန်လည်ပြောဆိုထားပါတယ်။

“အဲဒါ မဟုတ်ပါဘူး။ ကျမတို့ လိုအပ်ရင် လိုအပ်သလိုကတော့ ကြည့်ရှုစောင့်ရှောက်ပေးနေတာ။ ကျမတို့ ဘယ်လိုပြောမလဲ ခုနလို ထမင်းစားနေတာတို့ ဘာတို့ ဆိုတာ မဟုတ်ပါဘူးနော်။ ကျမတို့ဆီ လာနေတဲ့ လူနာတွေကို လိုအပ်တဲ့ ပြုစုကုသမှုတွေကို ပေးနေပါတယ်။ အဲဒါကြီးကတော့ မဟုတ်ပါဘူး။ ပြုစုကုသမှုကို ကျမတို့ဘက်က အကုန်ပြည့်စုံအောင် ပေးနေပါတယ်။ သူက သွေးလွန်တုပ်ကွေးလေနော်။ သွေးလွန်တုပ်ကွေးနဲ့ ဆုံးတာ။”

သေဆုံးသွားတဲ့ ကလေးငယ်ဟာ သြဂုတ်လ ၁ ရက်နေ့မှာ သွေလွန်တုပ်ကွေးရောဂါ စတင်ဖြစ်ပွားတာကြောင့် ပြင်ပဆေးခန်းကို သွားပြခဲ့တာလို့ ဆိုပါတယ်။ သြဂုတ်လ ၃ ရက်နေ့မှာ ရန်ကင်းကလေးဆေးရုံကြီးကို တက်ရောက်ကုသခဲ့ပြီး၊ ၅ ရက်နေ့ ညပိုင်းမှာ သေဆုံးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013