DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံ ဖူးကက်တွင် မြန်မာမိန်းကလေးတဦး အသတ်ခံရ
DVB
·
August 11, 2017
ထိုင်းနိုင်ငံ ဖူးကက်တွင် မြန်မာမိန်းကလေးတဦး အသတ်ခံရ
Donate to DVB

ထိုင်းတောင်ပိုင်း ဖူးကက်ခရိုင် ဖူးကက်မြို့မှာ ဒီကနေ့မနက်က မြန်မာမိန်းကလေးတဦး လည်ပင်းကို ခါးပတ်နဲ့တုပ်နှောင်ပြီး အသတ်ခံရတယ်လို့  ခေါဝ်ဆွတ်သတင်းမှာ ဖော်ပြပါတယ်။

ဖူးကက်မြို့ ရာဝိုင်ရပ်ကွက် နယ်မြေ ၆ ရှိ စားသောက်ဆိုင်တဆိုင်အနောက်မှာ လူသေ မှုဖြစ်ပွားကြောင်း ဒီကနေ့မနက် ၁ နာရီ ၄၀ မိနစ်က တိုင်တန်းချက်ရရှိတဲ့အတွက် ဆေးမှုခင်း ဆရာဝန်၊ လူမှုကူညီရေးအဖွဲ့တွေနဲ့အတူ အခင်းဖြစ်ပွားရာကို သွားရောက်စစ်ဆေးကြည့်ရှုရာမှာ စားသောက်ဆိုင်အနောက်ဘက် အလုပ်သမားအိမ်ခန်းတခုထဲက ခုတင်ပေါ်မှာ ဘောင်းဘီတို အနက်၊ စွပ်ကျယ်စင်းကြားအင်္ကျီဝတ်ဆင်ထားတဲ့ မိန်းကလေးတဦးရဲ့ အလောင်းကို တွေ့ရ တယ်လို့ ဖူးကက်မြို့မရဲစခန်း တာဝန်ကျ ဒုရဲမှူး ထားဒါးဆိုဒါရတ်က သတင်းထောက်တွေကို ပြောပါတယ်။

ဆက်လက်စစ်ဆေးချက်အရ မိန်းကလေးရဲ့လည်ပင်းမှာ အမျိုးသမီးပတ်ခါးပတ်တချောင်း ရစ်ပတ်ထားပြီး လည်ပင်းညှစ်ခံထားရတဲ့ ဒဏ်ရာနဲ့ လွန်ခဲ့တဲ့ ၆ နာရီလောက်က သေဆုံးခဲ့တယ်လို့ ယူဆရကြောင်း၊ သူ့အခန်းထဲမှာတော့ မသေခင် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တဲ့ ပုံစံတော့ မတွေ့ရဘူးလို့  ဒုရဲမှူးက ဆက်ပြောပါတယ်။

အဆိုပါစားသောက်ဆိုင်က အခန်းဖော် မိန်းကလေးတဦးပြောပြချက်အရ - သေဆုံးသူမှာ အသက် ၂၀ နှစ်ရွယ်ရှိ  ထိဒါးမိုဆိုသူ  မြန်မာရွှေ့ပြောင်းအလုပ်သမတဦးဖြစ်ကြောင်း၊ သူတို့ဟာ အဲဒီစားသောက်ဆိုင်မှာ စားပွဲထိုးအလုပ်ကို အတူတကွလုပ်ကိုင်နေပြီး ခုရက်ပိုင်းအတွင်း အလုပ်သမားတွေ ရနောင်းမှာ ဗီဇာနဲ့အလုပ်သမားကတ်တွေ သွားလုပ်ဖို့   ဆိုင်ရှင်က ဆိုင် ၃ ရက်ပိတ်ထားကြောင်း၊  သူမလည်း ခရီးထွက်ပြီး  ၉ ရက်နေ့ည သန်းခေါင်ကျော်က အခန်းကို ပြန်ရောက်တဲ့အခါမှာ သေဆုံးနေတဲ့ သူငယ်ချင်းကိုတွေ့ရလို့  အလုပ်ရှင်နဲ့ သက်ဆိုင်ရာကို အကြောင်းကြားခဲ့တာလို့ ဆိုပါတယ်။

တာဝန်ရှိရဲတွေက အနီးနားပတ်ဝန်းကျင်ကိုမေးမြန်းကြည့်ရာမှာ သေဆုံးသူ မိန်းကလေး ထိဒါးမိုကို  ၉ ရက်နေ့ မနက်က သူ့အခန်းရှေ့မှာ လမ်းလျှောက်နေတာ တွေ့ရပြီး အဲဒီနောက်ပိုင်း မတွေ့ရတော့ဘူးလို့ ဆိုပါတယ်။

မိန်းကလေး သေဆုံးမှုနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့က - လူသတ်သမားမှာ သူမနဲ့ ရင်းနှီးတဲ့ သူထဲကဖြစ်နိုင်ကြောင်း၊ ဒါကြောင့် အခန်းထဲထိဝင်လာလို့ရပြီး ပြဿနာဖြေရှင်းလို့မရတာကြောင့် ရက်စက်စွာ သတ်ပစ်ခဲ့ဟန်တူကြောင်း၊ သမီးရည်းစား သ၀န်တိုတဲ့ပြဿနာ၊ ၊ ကိုယ်ရေးကိုယ်တာ ပြဿနာတွေနဲ့ ပတ်သက်နိုင်ပြီး  လူသတ်သမားကို အမြန်ဆုံးဖမ်းဆီးအရေး ယူနိုင်ဖို့ အနီးနားပတ်လည်က စီစီကင်မရာတွေ ပြန်လည်စစ်ဆေးနေသလို သေဆုံးသူ မိန်းကလေးနဲ့ ရင်းနှီးသူတွေလည်း ခေါ်ယူစစ်ဆေးနေတယ်လို့ ဖူးကက်ရဲစခန်း ဒုရဲမှူးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013