DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်ကို လုံခြုံရေးတိုးမြှင့်ချထားပြီး နယ်မြေရှင်းလင်းရေးလုပ်ဆောင်မည်
DVB
·
August 10, 2017
ရခိုင်ပြည်နယ်ကို လုံခြုံရေးတိုးမြှင့်ချထားပြီး နယ်မြေရှင်းလင်းရေးလုပ်ဆောင်မည်
Donate to DVB

ရခိုင်ပြည်နယ်ကို လုံခြုံရေးတိုးမြှင့်ချထားကာ နယ်မြေရှင်းလင်းရေးလုပ်ဆောင်ဖို့ရှိပြီး လိုအပ်ရင် ပုဒ်မ ၁၄၄ ထုတ်ပြန်သွားမယ်လို့  အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောပါတယ်။

သြဂုတ် ၉ ရက်က နေပြည်တော် သမ္မတ အိမ်တော်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ပြီး ရခိုင်ပြည်နယ် လုံခြုံရေးဆောင်ရွက်ထားမှုနဲ့ ပတ်သက်ပြီး အစည်းဝေးကျင်းပခဲ့ပါတယ်။

အဲဒီအစည်းအဝေးမှာ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့က ပြည်ထောင်စုဝန်ကြီးတွေနဲ့ အမျိုးသား လုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်တို့ရဲ့ ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

ဆွေးနွေးချက်တွေမှာ ရခိုင်ပြည်နယ် တည်ငြိမ်ရေးအတွက် လုံခြုံရေးအင်အားတိုးမြှင့် ချထားပြီး နယ်မြေရှင်းလင်းရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့နဲ့ လိုအပ်လာပါက ရခိုင်ပြည်နယ်အတွင်းမှာ ပုဒ်မ ၁၄၄ ထုတ်ပြန်ကြေညာဖို့အချက်တွေပါရှိခဲ့ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း လက်ခံအတည်ပြုပေးခဲ့တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ဒီဗွီဘီနဲ့ ပေါ်ပြူလာနယူး သတင်းဌာနတို့ရဲ့ မေးမြန်းမှုအပေါ်ဖြေကြားခဲ့ပါတယ်။

“မနေ့က ရခိုင်ပြည်နယ်လုံခြုံရေးအတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ဆွေးနွေးခဲ့တယ်။ ဆွေးနွေးပြီးတော့ ဒေသခံတွေ စိုးရိမ်နေတာတွေ စိုးရိမ်ကြောက်လန့်မှုမရှိအောင် ပြည်နယ်ကလည်း ကြေညာချက်ထုတ်ထားတယ်။ အဲဒီဒေသမှာ လုံခြုံရေးကိုတိုးမြှင့်ပြီးတော့မှ ချထားမယ်။ ပြီးတော့မှ တိုင်းရင်းသားတွေ ဒေသခံတွေအတွက်ကို စိတ်ချရလောက်တဲ့အထိ နယ်မြေရှင်းလင်းမှုတွေ ဆောင်ရွက်သွားမယ်။ လိုအပ်ရင်လည်း ပုဒ်မ ၁၄၄ ကို ထုတ်ပြန်ပြီးတော့ ဆောင်ရွက်သွားမယ်။ အဓိက ကတော့ ဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးတည်ငြိမ်ရေး အတွက် လုပ်သွားမယ်။ တဖက်ကလည်းပဲ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ဥပဒေနဲ့အညီ ဆောင်ရွက်သွားဖို့ ရှိပါတယ်။”

ရခိုင်ပြည်နယ်လုံခြုံရေးဟာ စိုးရိမ်ဖွယ်အခြေအနေမှာရှိနေတယ်လို့ ယူဆတဲ့အတွက် ရခိုင်အမျိုးသားပါတီက လွှတ်တော်ကိုယ်စားလှယ် ၇ ဦးကလည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နဲ့ သြဂုတ် ၉ ရက်နေ့က သွားရောက်တွေ့ဆုံခဲ့ပါတယ်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အနေနဲ့လည်း ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးအင်အားကို အခုထက်ပိုမိုတိုးမြှင့်ချထားပေးမယ်လို့ ကတိပြုခဲ့ကြောင်း ရခိုင်အမျိုးသားပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။

“ရခိုင်ပြည်နယ်လုံခြုံရေးက အတော်စိုးရိမ်ရတဲ့ အခြေအနေမှာရှိတယ်လို့ ကျနော်တို့ မှတ်ယူတယ်။ အဲဒီအတွက် ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ဆုံပြီး ကျနော်တို့ရဲ့ အခက်အခဲတွေ တင်ပြနိုင်ဖို့အတွက် ကျနော်တို့ဘက်ကစပြီး တွေ့ဖို့ တောင်းဆိုပြီး သွားတွေ့တယ်။ တွေ့တဲ့အခါမှာ ဗိုလ်ချုပ်မှူးကြီးကလည်း ဒါကိုလက်ခံတယ်၊ အဲဒီအတွက် ရခိုင်ပြည်နယ်ကို လုံခြုံရေးအင်အား တိုးမြှင့်ချထားသွားမယ်လို့ ကတိပေးတယ်။ ဗိုလ်ချုပ်မှူးကြီးကို အရင်တွေ့ရတာက လက်နက်ကိုင်အားလုံးရဲ့အချုပ်၊ လုံခြုံရေးဆိုင်ရာ အလုပ်တွေက သူနဲ့ ပိုသက်ဆိုင်တဲ့အတွက် တွေ့ဆုံရတာပါ။ ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် လိုအပ်လာမယ်ဆိုရင် အန်အယ်လ်ဒီ အစိုးရနဲ့ တွေ့ဆုံဖို့ ကြိုးစားမှာပါ။”

ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်တိုက်ခိုက်ခံရမှုတွေကြောင့် ရခိုင်ပြည်သူတွေအနေနဲ့ စိုးရိမ်ထိတ်လန့်မှုတွေ ရှိနေတဲ့အတွက် ပြီးခဲ့တဲ့ ရက်ပိုင်းက ရခိုင်ပြည်သူလူထုတွေ့ဆုံပွဲကျင်းပပြီး ရခိုင်တိုင်းရင်းသားတွေကို လက်နက်တပ်ဆင်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

အဲဒီဆုံးဖြတ်ချက်အပေါ်မှာတော့ အစိုးရအနေနဲ့ လိုက်လျောပေးနိုင်မှာမဟုတ်ဘူးလို့လည်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။

“အစွန်းနှစ်ဖက်ရှိပါတယ်။ ကောင်းတာလည်းရှိသလို ဆိုးတာလည်းရှိပါတယ်။ အဲမှာရှိတဲ့ လူ့အဖွဲ့အစည်းနှစ်ခုက တယောက်နဲ့ တယောက် ခံစားချက်တွေရှိတော့ ပိုပြီးတော့ ဆိုးရွားမယ့် အနေအထားဖြစ်သွား နိုင်တယ်။ လောလောဆယ် အစိုးရအနေနဲ့ကတော့ လက်နက်တပ်ဆင်ဖို့ မစဉ်းစားသေးဘူး။”

လက်ရှိအချိန်မှာတော့ ရခိုင်ပြည်သူတွေအနေနဲ့ နယ်မြေရှင်းလင်းရေးလုပ်ငန်းတွေ ထိထိရောက်ရောက်လုပ်ဆောင်ဖို့နဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ဆောင်ပေးဖို့ မျော်လင့်နေကြပေမယ့် လက်ရှိအစိုးရအနေနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ဆောင်ပေးတာမျိုး မရှိသေးဘူးလို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013