DVB Logo
Home
Lead Story
ဥပဒေအကာအကွယ်ကို မျှော်လင့်နေတဲ့ ကလေးငယ်တွေ
DVB
·
August 10, 2017
ဥပဒေအကာအကွယ်ကို မျှော်လင့်နေတဲ့ ကလေးငယ်တွေ
Donate to DVB

“လူမိုက်ဆိုလျှင်၊ ရှောင်သွေလွှဲလို့၊ မမှီဝဲနဲ့ ကင်းအောင်နေ”

ဒါ… ကျနော်တို့ ငယ်ငယ်ကတည်းက ယဉ်ပါးနေခဲ့တဲ့ သံပေါက် အလင်္ကာလေးပါ။

ကျောင်းမနေရခင်ကတည်းက တယောက်စကား တယောက်နားနဲ့ အလွတ်ရနေတဲ့ သံပေါက်လေးပါ။ ကိုယ့်ကို ဆုံးမလို့ဆုံးမမှန်း မသိခင်ကတည်းက ငြိတွယ်နေခဲ့တာ။ အခုများတော့ ဒီအသံတွေ မကြားရတာ ကြာခဲ့ပါပြီ။

မျက်စိနှစ်လုံး ဖွင့်လိုက်တာနဲ့ ထမင်းဟင်းကျန်တောင်းတဲ့ ကလေးတွေရဲ့အသံ၊ ဖေ့စ်ဘွတ်ခ်ပေါ်က သက်ငယ်မုဒိမ်းတွေ၊ စားပွဲထိုးနေတဲ့ ကျောင်းနေအရွယ်ကလေးတွေ၊ အသက်နဲ့မမျှတဲ့ဝန်ကို ထမ်းနေရတဲ့ကလေးတွေ၊ သက်ငယ်ပြစ်မှု ကျူးလွန်သူတွေ၊ အမှိုက်ပုံကို ထိုးဆွနေတဲ့ ကလေးတွေ။ အဲ့ဒီ..ရင်မောစရာမြင်ကွင်းတွေကပဲ တနေ့တာကို အစပြုပြီး တနေ့တာကို နိဂုံးချုပ်ပေးနေခဲ့တာ ကြာပါပြီ။

ဝန်နဲ့မမျှတဲ့ အလုပ်တွေကိုလုပ်ရင်း တာဝန်ခွဲဝေထမ်းယူနေရတဲ့ ကလေးငယ်တွေဟာ လျစ်လျူရှုခံနေရတာလား၊ အပစ်ပယ်ခံနေရတာလား၊ ခါးသီးတဲ့ ဘဝအတွေ့ကြုံတွေကပဲ ဘဝကို အငြင်းဖြစ်ပေါ်စေတတ်တာဟာ ကလေးစိတ်ပညာရဲ့ အခြေခံအကြောင်းတရားတခုပါ။

ပတ်ဝန်းကျင်အပေါ်ကနေ သင်ယူရတဲ့ ကလေးငယ်တွေအတွက် ဒီလိုဝန်းကျင်မျိုးဟာ အကောင်းကို ရယူနိုင်ပ့ါမလားဆိုတာ ဆင်ခြင်စရာပါ။ ဒါကြောင့်လည်း “ပိုင်းခြားစိတ်ဖြာဥပဒေရေဒရာ” (Law Lab) အစီအစဉ်မှာ “ဥပဒေအကာကွယ်လိုနေတဲ့ ကလေးငယ်တို့ရဲ့အရေး” ဆိုတဲ့ခေါင်းစဉ် ဆွေးနွေးတင်ပြသွားကြမှာပါ။

မဆွေးနွေးမီ ကလေးသူငယ်နဲ့ပတ်သက်လို့ အကြမ်းဖျဉ်း ပိုင်းခြားကြည့်ရင် (၁) အုပ်ထိန်းသူနဲ့ ကြီးပြင်းရတဲ့ကလေး၊ (၂) အုပ်ထိန်းသူမဲ့ကလေး၊ (၃) ပြစ်မှုကျူးလွန်တတ်တဲ့ကလေး၊ (၄) ပြစ်မှုကျူးလွန်ခံရတဲ့ကလေး၊ (၅) ကလေးလုပ်သား၊ (၆) ပြစ်ဒဏ်ကျခံနေရတဲ့ လူငယ်ပြုပြင်ရေးစခန်းက ကလေး၊ (၇) လူမှုဝန်ထမ်းမှ ထိန်းသိမ်းစောင့်ရှောက်ထားခြင်းခံရတဲ့ ကလေး၊ (၈) ပုဂ္ဂလိက ပြင်ပအဖွဲ့အစည်းများက စောင့်ရှောက်ထားတဲ့ ကလေး၊ (၉) ကလေးသူငယ် ပညာသင်ကြားရေး စတာတွေ အားလုံးဟာ ကလေးသူငယ်နဲ့ ပတ်သက်တဲ့ ကဏ္ဍတွေပါပဲ။

ဒီကဏ္ဍတွေကို အသေးစိတ်လိုက်ရင် များစွာသော ကလေးသူငယ်ဆိုင်ရာ လုပ်ဆောင်သင့်တဲ့အပိုင်းတွေ ပေါ်ထွက်လာမှာပါ။ ဒါတွေကို ဥပဒေကြောင်းအရ အကာကွယ် လုပ်ဆောင်ပေးရမှာတွေဖြစ်တယ်။

အရင်က ပေါ်ပေါက်ခဲ့တဲ့ ဥပဒေတွေကိုကြည့်ရင် ၁၉၃၀ မှာ The Young Offender Act 1930 ဆိုပြီး အင်္ဂလိပ်လက်ထက်မှာ ပြဋ္ဌာန်းခဲ့တယ်။ ၁၉၅၅ မှာ ကလေးသူငယ်များ အက်ဥပဒေကို ပြဋ္ဌာန်းခဲ့ပါတယ်။ ၁၉၅၄ မှာတော့ လူမှုဖူလုံရေးအက်ဥပဒေကို ပြဋ္ဌာန်းခဲ့တယ်။ ဒီဥပဒေထဲမှာ ကလေးသူငယ်နဲ့ပတ်သက်ပြီး ထိန်းသိမ်းစောင့်ရှောက်ခြင်း အပိုင်းတွေ ပါဝင်တယ်။ ဒါပေမယ့် ကလေးသူငယ်တွေနဲ့ပတ်သက်ပြီး လုံလောက်တဲ့ ပြဋ္ဌာန်းချက်တွေတော့ မဟုတ်ခဲ့ပါဘူး။

ကလေးသူငယ်အကြောင်းကိစ္စရပ်ကို ခွဲခြမ်းကြည့်ရင် (၁) အရွယ်မတိုင်မီ အန္တရာယ်ရှိတဲ့ လုပ်ငန်းခွင်ထဲ ဝင်ရောက်ခြင်း (ကလေးလုပ်သားကိစ္စ)၊ (၂) အဓမ္မ ညှဉ်းပန်းနှိပ်စက်ခံရခြင်း (ကလေးသူငယ်နှိပ်စက်မှု)၊ (၃) ကလေးသူငယ် ပြစ်မှုကျူးလွန်ခြင်းတို့ပဲ ဖြစ်တယ်။

ဒါတွေအတွက် နိုင်ငံတော်ရဲ့ အစီအမံကို လေ့လာကြည့်တော့ ၁၉၉၃ ခုနှစ်မှာ “ကလေးသူငယ်ဥပဒေ” ဆိုပြီး ဥပဒေပြဋ္ဌာန်းထားတာတော့ ရှိပါတယ်။ သူ့အရင်ကတော့ ၁၉၅၅ ခုနှစ်မှာ “ကလေးသူငယ်အက်ဥပဒေ” ကို ပြဋ္ဌာန်းခဲ့ဖူးတယ်။ ၁၉၆၁ ခုနှစ်မှာတော့ ကလေးသူငယ်အက်ဥပဒေကို ပြင်ဆင်ဖြည့်စွက်ခဲ့တယ်။ အခုချိန်မှာတော့ ကလေးသူငယ်ဆိုင်ရာ ကိစ္စရပ်တွေ အားလုံးနီးပါးဟာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန စီမံခန့်ခွဲမှုအောက်မှာ ရှိပါတယ်။

ကလေးသူငယ်ဥပဒေကြမ်း ရေးဆွဲနေတာလည်း ကြာပါပြီ။ အခုထိတော့ ဥပဒေအဖြစ် မပြဋ္ဌာန်းနိုင်သေးပါဘူး။ ဒီလိုနှောင့်နှေးကြန့်ကြာနေတာနဲ့ ပတ်သက်ပြီး အစီအစဉ်တင်ဆက်သူ ဦးခင်သန်းရဲ့ အမေးကိုတော့ ဒေါက်တာညိုညိုသင်းက “အစိုးရအပြောင်းအလဲမှာ လုပ်ငန်းပိုင်းတွေ နှောင့်နှေးကြန့်ကြာနေတာတော့ ရှိပါတယ်။ လက်ရှိဥပဒေကို ရေးစဉ်ကတော့ ဒေသတွင်း နိုင်ငံတွေထဲမှာတော့ အတော်ပြည့်စုံတယ်လို့ ပြောရမှာပါ။ စံနမူနာကောင်းပါ။ အမှန်တကယ်လိုတာက ကလေးသူငယ်တွေကို အကာကွယ်မပြုရင် အမြတ်ထုတ်သူတွေနဲ့ တွေ့သွားမှာပဲ။ ဒါကြောင့် ဘယ်လိုကာကွယ်မလဲ ဆိုတာအတွက် တိကျတဲ့ယန္တရား လိုအပ်ပါတယ်။ လက်ရှိဥပဒေမှာ အားသာချက်တွေ ရှိပါတယ်။ တိတိကျကျ အကောင်အထည်ဖော်ဖို့ပဲ လိုတာပါ” လို့ ဆွေးနွေးသွားပါတယ်။

တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးကတော့ တောင်းရမ်းစားသောက်နေတဲ့ ကလေးငယ်တွေကိစ္စကို အဓိကထား ဆွေးနွေးသွားတယ်။

ကလေးသူငယ်မှုခင်း ဘယ်လိုကိုင်တွယ် စီမံခန့်ခွဲမလဲဆိုတဲ့ ခေါင်းစဉ်နဲ့ မဟာဥပဒေကျမ်းပြုစုသူ ဦးစောကျော်စိုးမင်းကတော့ ကလေးသူငယ် စွန့်ပစ်မှုတွေနဲ့ ပတ်သက်ပြီး စနစ်တကျ လေ့လာဆန်းစစ်မှု သုတေသနပြုလုပ်ပြီး ဖော်ထုတ်ဖို့လိုပြီ၊ ဥပဒေပြုအဖွဲ့တွေ စဉ်းစားသင့်တယ်လို့ ဆိုပါတယ်။

အားလုံးကတော့ ကလေးသူငယ်ဆိုင်ရာဘတ်ဂျက် သီးခြားမရှိခြင်းအပေါ်မှာ ဆွေးနွေးကြပါတယ်။ မြို့နယ်တိုင်းမှာ လူမှုဝန်ထမ်း အဖွဲ့အစည်းကို စောင့်ကြည့်မယ့် ပြည်သူ့ဘက်တော်သား အဖွဲ့အစည်းတွေ လိုမယ်လို့ ဆွေးနွေးသွားကြပါတယ်။

နောက်ဆုံးမှာတော့ ဥပဒေအသစ်မပေါ်မီ လက်ရှိ တည်ဆဲဥပဒေရဲ့ အားသာချက်ကို ယူပြီး သက်ဆိုင်ရာ အရာရှိတွေက တိကျတဲ့လုပ်ငန်းစဉ်ချပြီး ကာကွယ်ပေး လုပ်ဆောင်ကြဖို့ကိုပဲ တိုက်တွန်းသွားခဲ့ကြပါတယ်။

မြန်မာနိုင်ငံက အိုင်အယ်လ်အို ကွန်ဗင်းရှင်းကို လက်မှတ်ထိုးတာဟာ ၂၀၁၃ ခုနှစ်မှာပါ။ အလုပ်သမားဝန်ကြီးရဲ့ မိန့်ခွန်းမှာတော့ မြန်မာနိုင်ငံမှာ ကလေးလုပ်သား (၁၂) သိန်းကျော်ရှိတဲ့အထဲက (၆) သိန်းကျော်ဟာ အန္တရာယ်ရှိတဲ့ လုပ်ငန်းခွင်မှာ လုပ်ကိုင်နေကြရကြောင်း ပြောသွားပါတယ်။

အိုင်အယ်လ်အို အစီရင်ခံစာမှာတော့ ၁၄ နှစ်အောက် ကလေးငယ်ဟာ ၂၅ ရာခိုင်နှုန်းကျော် ရှိတယ်လို့ ဆိုပါတယ်။ အဲ့ဒီထဲက ထက်ဝက်ကျော်ဟာ အန္တရာယ်ရှိ လုပ်ငန်းတွေကို လုပ်ကိုင်နေကြရတယ်လို့ ဆိုပါတယ်။ တကယ်တော့ ဒီလို ကလေးလုပ်သားတွေနဲ့ ပတ်သက်လို့ ဥပဒေမှာ ပြစ်မှုပြစ်ဒဏ်နဲ့ ပတ်သက်ပြီး ပြဋ္ဌာန်းထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ကလေးသူငယ်ရာဇဝတ်မှုကလည်း မြင့်တက်နေဆဲပါ။

လမ်းဘေးမှာ အခြေမဲ့ အနေမဲ့တွေကလည်း ပိုများလာနေတာကို တွေ့နေရပါတယ်။ သက်ငယ်မုဒိမ်းဆိုရင် (၂၅) နာရီမှာ တယောက်နှုန်းဖြစ်နေတယ်လို့ ဆိုပါတယ်။

ကလေးသူငယ်နဲ့ပတ်သက်လို့ ဒီလိုအခြေအနေမျိုး ဖြစ်နေတာဟာ ဥပဒေကပဲ အားနည်းချက်ရှိနေတာလား၊ ဥပဒေ အကောင်ထည်ဖော်မှုကပဲ လိုအပ်နေသလား၊ ဥပဒေက လက်လှမ်းမမီနိုင်တဲ့ အနေအထားမှာ ရှိနေပြီလား။

ဘာပဲဖြစ်ဖြစ် ကလေးသူငယ်တွေကတော့ သူတို့ကို အမှန်တကယ် အကာကွယ်ပေးနိုင်မယ့် ဥပဒေတရပ်ကို မဝံ့မရဲ မျှော်နေမှာကို မြင်ယောင်မိပါတော့တယ်။

ထွန်းဇော်ဌေး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013