DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင်း ဌာနေတိုင်းရင်းသားများ အခွင့်အရေး ချိုးဖောက်ခံနေရဟုဆို
DVB
·
August 9, 2017
မြန်မာနိုင်ငံတွင်း ဌာနေတိုင်းရင်းသားများ အခွင့်အရေး ချိုးဖောက်ခံနေရဟုဆို
Donate to DVB

မြန်မာနိုင်ငံတွင်း နှစ်ပေါင်းများစွာ ပြည်တွင်းစစ်ကြောင့် ငြိမ်းချမ်းမှုမရှိတဲ့ အနေအထားမှာ ဌာနေ တိုင်းရင်းသားအခွင့်အရေးတွေ ချိုးဖောက်ခံနေရဆဲပဲလို့ မြန်မာနိုင်ငံ ဌာနေတိုင်းရင်းသားများကွန်ရက် အမှုဆောင်အဖွဲ့ဝင် နော်အိအိမင်းက ပြောပါတယ်။

သြဂုတ် ၉ ရက်မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ဌာနေတိုင်းရင်းသားများနေ့မှာ ပြောဆိုလိုက်တာဖြစ်ပြီး ဌာနေတိုင်းရင်းသား အခွင့်အရေးနဲ့ ပတ်သက်ပြီး လက်တွေ့ကျကျ ခံစားရဖို့ အရေးကြီးနေတယ်လို့ ပြောပါတယ်။

“ကျမတို့နိုင်ငံမှာ တကယ့်ကို ယဉ်ကျေးမှုစုံလင်တယ်။ လူမျိုးတွေလည်း စုံလင်တယ်ပေါ့နော်။ ဒါပေမယ့် နှစ်ပေါင်းများစွာ ပြည်တွင်းစစ်တွေ ရှိလာတယ်၊ ငြိမ်းချမ်းမှုမရှိတဲ့ အနေအထားမှာ ဌာနေတိုင်းရင်းသား အခွင့်အရေးဆိုတာကတော့ တော်တော်လေးကို မရရှိဘဲနဲ့ အခွင့်အရေးကိုတောင် ချိုးဖောက်ခံနေရတဲ့ အနေအထားမျိုးမှာရှိတယ်။ ပြီးတော့ ဌာနေတိုင်းရင်းသားတွေက ခေတ်အဆက်ဆက်မှာ သူတိုရဲ့ အရေးကြီးဆုံးသော အခွင့်အရေးက မြေယာအခွင့်အရေးပဲပေါ့နော်။ ဘာကြောင့်လဲဆိုတော့ သူတိုရဲ့ အသက်ရှင်နေထိုင်မှုနဲ့  သူတို့ရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံ တော်တော်များများသည် မြေယာအပေါ်မှာ မှီခိုနေတယ်။ ဒါပေမယ့် မြေယာဆိုတာကလည်း ကျမတို့နိုင်ငံမှာ အခက်ခဲဆုံးသော ပြဿနာတရပ် ဖြစ်နေတယ်ဆိုတဲ့အခါမှာ ဒီအတွက် အခွင့်အရေးတွေ မရရှိသေးဘူးဆိုတဲ့ အနေအထားမှာရှိတယ်။”

အပြည်ပြည်ဆိုင်ရာ ဌာနေတိုင်းရင်းသားများနေ့ အထိမ်းအမှတ်ပွဲကို ရန်ကုန်မြို့၊ မြို့မကျောင်းလမ်းရှိ အမျိုးသားကဇာတ်ရုံမှာ ဒီကနေ့  နေ့လယ် ၂ နာရီကနေ ၆ နာရီအထိ ကျင်းပဖို့ရှိနေပါတယ်။

ဒီအခမ်းအနားမှာ ကုလသမဂ္ဂရဲ့ ဌာနေတိုင်းရင်းသား အခွင့်အရေးဆိုင်ရာ ကြေညာစာတမ်းရဲ့ ၁၀ နှစ်ပြည့်နေ့ကို ပြန်လည်ဂုဏ်ပြုပြီး ဒီကြေညာစာတမ်းပါ ဌာနေတိုင်းရင်းသားတွေရဲ့အခွင့်အရေးတွေကို မြှင့်တင်ဆောင်ရွက်ဖို့ ရည်ရွယ်ကျင်းပမယ်လို့ ဆိုပါတယ်။

အပြည်ပြည်ဆိုင်ရာ ဌာနေတိုင်းရင်းသားများနေ့ကို မြန်မာနိုင်ငံတွင်းမှာ ၂၀၁၄ ခုနှစ်ကစပြီး မြန်မာနိုင်ငံ ဌာနေတိုင်းရင်းသားများကွန်ရက်က ဦးဆောင်ကျင်းပလာခဲ့ပြီး ဒီနှစ် ၄ ကြိမ်မြောက် ကျင်းပတာပါ။

လက်ရှိ မြန်မာပြည် ပြုပြင်ပြောင်းလဲရေးမှာ ဌာနေတိုင်းရင်းသားတွေအတွက်လည်း ဦးစားပေးပြီး အခွင့်အရေး မြှင့်တင်နိုင်တဲ့ လုပ်ငန်းတွေ ဆောင်ရွက်ပေးဖို့ မျှော်လင့်ကြောင်းလည်း နော်အိအိမင်းက ပြောပါတယ်။

“ကျမတို့ ဌာနေတိုင်းရင်းသားတွေက ခေတ်အဆက်ဆက်မှာ အခွင့်အရေးတွေ အများကြီး ဆုံးရှုံးခဲ့ရပြီပေါ့နော်။ ကျမတို့နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးမှာ ဌာနေတိုင်းရင်းသားတွေအတွက် ဦးစားပေးပြီးတော့မှ အခွင့်အရေးကို မြှင့်တင်နိုင်တဲ့ လုပ်ငန်းတွေကို အရှိန်အဟုန်နဲ့ ဆောင်ရွက်ပေးဖို့ မျှော်လင့်တယ်။ ဒီလိုလုပ်ဆောင်နိုင်ခြင်းဟာလည်း ဌာနေတိုင်းရင်းသားတွေနဲ့ ဆုံးဖြတ်လုပ်ပိုင်ခွင့်ရှိတဲ့ သူတွေရဲ့ကြားထဲမှာ ယုံကြည်မှုကို တည်ဆောက်ပြီးတော့ ဖက်ဒရယ်နိုင်ငံကို သွားတဲ့အခါမှာ အများကြီး အထောက်အကူပြုဖို့ ကျမတို့ မျှော်လင့်တယ်ပေါ့။ စစ်မှန်တဲ့ တိုင်းပြည်ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ဖို့လည်း ကျမတို့ အများကြီးမျှော်လင့်ပါတယ်။”

မြန်မာနိုင်ငံတွင်းမှာ ဌာနေတိုင်းရင်းသားဦးရေနဲ့ မျိုးနွယ်စုပေါင်း မည်မျှရှိလဲဆိုတာကို ထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိပေမယ့် အာရှတိုက်မှာ ဌာနေတိုင်းရင်းသားဦးရေ သန်း ၂၆၀ နဲ့ မျိုးနွယ်စုပေါင်း ၂၀၀၀ ကျော်ရှိကြောင်း ပွိင့်ရိုးရာဝန်းကျင်မြှင့်တင်ရေးအဖွဲ့ရဲ့ ထုတ်ပြန်စာမှာ တွေ့ရပါတယ်။

ကမ္ဘာပေါ်မှာ မှီတင်းနေထိုင်နေသော ဌာနေတိုင်းရင်းသားများဦးရေမှာ သန်းပေါင်း ၃၇၀ ခန့်ရှိပြီး နိုင်ငံပေါင်း ၉၀ မှာ ဖြန့်ကြက် နေထိုင်ကြပါတယ်။ ဌာနေတိုင်းရင်းသားတွေဟာ ဘာသာစကား ၇၀၀၀ ခန့်နဲ့  ယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာပေါင်း ၅၀၀၀ ခန့်ကို ထိန်းသိမ်းကျင့်သုံးနေတယ်လို့လည်း ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013