DVB Logo
Home
မြန်မာသတင်း
မြိုရွာသားများအသတ်ခံရမှုကို အကြမ်းဖက်မှုအဖြစ်သတ်မှတ်ကြောင်း ရခိုင်ပြည်နယ်အစိုးရကြေညာ
DVB
·
August 8, 2017
မြိုရွာသားများအသတ်ခံရမှုကို အကြမ်းဖက်မှုအဖြစ်သတ်မှတ်ကြောင်း ရခိုင်ပြည်နယ်အစိုးရကြေညာ
1 / 5
Donate to DVB

 

မောင်တောတောင်ပိုင်း ကိုင်းကြီး(မြို)ကျေးရွာက တောင်ယာလုပ်တဲ့ ရွာသားတွေကို သေနတ်၊ ဓားတွေနဲ့ရက်ရက်စက်စက်သတ်ဖြတ်ခဲ့မှုအပေါ်  အကြမ်းဖက်မှုအဖြစ် သတ်မှတ်လိုက်ကြောင်းနဲ့ ကိုင်းကြီးရွာမှာ သြဂုတ် ၅ ရက်ကစပြီး လုံခြုံရေးရဲကင်းဖွင့်လှစ်ထားတယ်လို့ ရခိုင်ပြည်နယ် အစိုးရက ကြေညာပါတယ်။

ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်နယ်မြေတွေမှာ လက်ရှိဖြစ်ပေါ်နေတဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရက သြဂုတ် ၈ ရက် ရက်စွဲနဲ့ ကြေညာချက်အမှတ် ၁/၂၀၁၇ ကို ထုတ်ပြန်လိုက်တာပါ။

ကြေညာချက်မှာ ရခိုင်ပြည်နယ် အစိုးရက လုံခြုံရေးတိုးမြှင့်ဆောင်ရွက်ထားတဲ့အခြေအနေ၊ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေရဲ့ လုပ်ငန်းတွေကို ပြည်နယ်အစိုးရက စိစစ်ကြီးကြပ်သွားမယ့် အစီအစဉ်နဲ့ နိုင်ငံသားစိစစ်ရေးလုပ်ငန်းတွေ ထိရောက်မြန်ဆန်စွာ ဆောင်ရွက်နိုင်ဖို့ ပြည်ထောင်စု အစိုးရကို တိုက်တွန်းတင်ပြဖို့ဆိုတဲ့ အချက် ၃ ချက်ကို ဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။

ရသေ့တောင်မြို့နယ် အောက်နန်းရာမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ဘင်္ဂလီတွေက ၀ိုင်းဝန်းခဲ့တဲ့အတွက် တိုင်းရင်းသားကျေးရွာ ၄ ရွာက ဒေသခံတွေစိုးရိမ်ပြီး နေရပ်စွန့်ခွာလာတဲ့အတွက် ချွတ်ပြင်၊ ပိတောက်မြိုင်၊ ပြင်ရှည်၊ ပေါက်ပင်ရင်းရွာတွေမှာ လုံခြုံရေးရဲကင်းအခိုင်အမာ ချထားပြီးဖြစ်သလို တပ်မတော်၊ နယ်ခြားစောင့်ရဲနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့အင်အားတွေကိုပါ တိုးမြှင့်ပေးထားတယ်လို့ ဆိုပါတယ်။

နိုင်ငံတကာ အဖွဲ့အစည်းတွေအားလုံးက ၀န်ကြီးဌာနတွေနဲ့ လက်မှတ်ရေးထိုးထားတဲ့ နားလည်မှု စာချွန်လွှာနဲ့ ၀န်ကြီးဌာနတွေရဲ့ လုပ်ငန်းဆောင်ရွက်ခွင့်ပြုချက်တွေကို ရခိုင်ပြည်နယ် ပေါင်းစပ် ညှိနှိုင်းရေးကော်မတီက စိစစ်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ကြီးကြပ်မှုနဲ့သာ လုပ်ငန်း ဆောင်ရွက်ခွင့်ပြုမယ်လို့ ကြေညာချက်က ဖော်ပြပါတယ်။

ရခိုင်ပြည်နယ်အတွင်းက နိုင်ငံသားစိစစ်ရေး လက်မှတ်ပြုလုပ်ခြင်းကိစ္စတွေကို ၁၉၈၂ နိုင်ငံသား ဥပဒေနဲ့အညီ ထိရောက်မြန်ဆန်စွာ ဆောင်ရွက်နိုင်ဖို့ ပြည်ထောင်စုအစိုးရကို တိုက်တွန်း တင်ပြပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။

၂၀၁၆ အောက်တိုဘာ ၉ ရက်နေ့ နယ်ခြားစောင့်စခန်းတွေ တိုက်ခိုက်ခံရပြီးတဲ့နောက်ပိုင်း မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်နယ်မြို့နယ်တွေထဲမှာ အကြမ်းဖက်သတ်ဖြတ်မှုတွေ ဆက်တိုက်နီးပါးဖြစ်နေသလို သြဂုတ် ၃ ရက်နေ့က မောင်တောမြို့နယ် ကိုင်းကြီးမြိုရွာက တောင်ယာလုပ်သူ ၈ ဦး တိုက်ခိုက်ခံခဲ့ရတဲ့ ဖြစ်စဉ်ဟာ မောင်တောမြို့နယ်ထဲမှာ သာမန် အရပ်သား သေဆုံးသူ အများဆုံးဖြစ်ခဲ့တာပါ။

တပ်မတော်နဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့က နယ်မြေရှင်းလင်းရေးနဲ့ လုံခြုံရေးဆောင်ရွက်နေတယ်လို့ သတင်းတွေထုတ်ပြန်ထားပေမယ့် အခုလိုတိုက်ခိုက်ခံရတဲ့ အတွက် လုံခြုံရေးအစီအမံတွေအပေါ်  ဒေသခံတွေကဝေဖန်မှုတွေကလည်း ရှိနေပါတယ်။

ကိုင်းကြီး မြိုရွာသားတွေကတော့ ဒီနေ့အထိ သူတို့မှာစိုးရိမ်ကြောက်လန့်နေဆဲဖြစ်သလို သောက်ရေခတ်ဖို့တောင် မသွားရဲလောက်အောင် ဖြစ်နေတယ်လို့ ပြောကြပြီး ကိုင်းကြီးရွာမှာ ကူညီပေးဖို့ရောက်နေတဲ့ ရခိုင်အမျိုးသားပါတီ၊ ဒုဥက္ကဌ၊ ဦးခိုင်ပြည်စိုးက "အောက်ခြေက ပြည်သူတွေက သူတို့စိုးရိမ်လို့ သတင်းတခု ပေးတယ်။ ဒီသတင်းအပေါ်မှာ လုံခြုံရေးပိုင်းတွေက အချိန်မီဆောင်ရွက်မှု မလုပ်တဲ့အတွက်ကြောင့် ဒီလို ပြသနာတွေ ဖြစ်ရတယ်လို့ပဲ ကျွန်တော်တို့မြင်တယ်" လို့ ပြောပါတယ်။

မောင်တောဒေသက အခြေအနေနဲ့ ပတ်သက်လို့ သြဂုတ် ၇ ရက်က စစ်တွေမှာ လူထု အစည်းအဝေးပြုလုပ်ခဲ့ပြီး လုံခြုံရေး ဆောင်ရွက်ပေးဖို့၊ ပြည်သူ့စစ်ဖွဲ့ပြီး လက်နက်တပ်ဆင်ပေးဖို့၊ INGO တွေထွက်ခွာပေးဖို့နဲ့ ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေနဲ့အညီ စီစစ်ပေးဖို့ တောင်းဆိုထားပါတယ်။

သတင်း ဓာတ်ပုံ ကိုအောင်။ (ဓာတ်ပုံ ကိုင်းကြီး မြိုရွာကို သြဂုတ်လ ၆ ရက်နေ့က မြင်ရပုံ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013