DVB Logo
Home
Lead Story
ရွှေဝါရောင်တော်လှန်ရေးနှင့် မျိုးချစ်ထိုင်သပိတ် ဘာကွာသလဲ - အယ်ဒီတာစကားဝိုင်း (ရုပ်သံ)
DVB
·
August 8, 2017
ရွှေဝါရောင်တော်လှန်ရေးနှင့် မျိုးချစ်ထိုင်သပိတ် ဘာကွာသလဲ - အယ်ဒီတာစကားဝိုင်း (ရုပ်သံ)
Donate to DVB



ဒီနေ့ဆွေးနွေးမယ့် အကြောင်းအရာကတော့ သြဂုတ် ၂ ရက်နေ့မှာ သံဃာတချို့နဲ့ ဝန်းရံပြည်သူတချို့က ရန်ကုန်မြို့ ကြေးသွန်းဘုရားနဲ့ မန္တလေးမြို့ ဘုရားကြီးမှာ သပိတ်စခန်း ဖွင့်ခဲ့ပါတယ်။ အန်အယ်လ်ဒီအစိုးရ နုတ်ထွက်ရေး အပါအဝင် တခြား တောင်းဆိုမှုတချို့ ရှိပါတယ်။ ၂၀၁၇ ဟာ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးရဲ့ ၁၀ နှစ်ပြည့် အချိန်အခါနဲ့လည်း လာရောက်တိုက်ဆိုင်နေပါတယ်။ ဒီအကြောင်းအရာတွေနဲ့ ပတ်သက်လို့ ဆွေးနွေးမှာဖြစ်ပြီး ဒီတပတ် ဆွေးနွေးမယ့်သူတွေကတော့ ရွှေဝါရောင်ဦးဆောင်ဆရာတော် ဦးဇင်း ဦးစန္ဒာသီရိနဲ့ NHK သတင်းဌာန၊ သတင်းထောက် ကိုသီဟသွေးတို့ကို ဖိတ်ခေါ်ထားပါတယ်။

ဦးတိုးဇော်လတ် (ဒီဗွီဘီ)

“ဘုန်းဘုန်းကိုပဲ စပြီးမေးပါရစေဘုရား။ အခုလုပ်နေတဲ့ သပိတ်စခန်း နှစ်ခု ဖွင့်ထားတယ်။ သံဃာတချို့ ပါတယ်။ ဝန်းရံပြည်သူတချို့ ပါတယ်ပေါ့။ သူတို့ရဲ့ အဓိက တောင်းဆိုချက်ကတော့ အန်အယ်လ်ဒီ ဦးဆောင်တဲ့ အစိုးရ နုတ်ထွက်ပေးပါပေါ့။ အဲဒါကို သာသနာရေးဝန်ကြီးဌာနကလည်း ဒါဟာ တခြား တည်ငြိမ်မှုကို ပျက်ပြားလိုသူတချို့ကနေ သွေးထိုးလို့လုပ်တယ်လို့ ပြောတယ်ပေါ့။ ဘုန်းဘုန်းတို့လည်း လွန်ခဲ့တဲ့ ၁၀ နှစ်က နိုင်ငံရေးမှာ ဦးဆောင်ကဏ္ဍအနေနဲ့ ပါခဲ့တယ်။ ပြည်သူတွေကို မျှော်လင့်ချက် ရောင်ခြည်တွေ ပေးခဲ့တယ်။ အဲဒါနဲ့ အခု ဖြစ်နေတာတွေနဲ့ ဘယ်လိုများ ကွာခြားလဲ။ တောင်းဆိုမှုတွေက ဘယ်လောက် သက်ရောက်မှုရှိလဲဆိုတာ ဘုန်းဘုန်း စပြီး မိန့်ကြားပေးပါဘုရား။”

ဦးစန္ဒာသီရိ (ရွှေဝါရောင် ဦးဆောင်ဆရာတော်)

“လွန်ခဲ့တဲ့ ၁၀ နှစ် ၂၀၀၇ ခုနှစ်လောက်က ရွှေဝါရောင်တော်လှန်ရေး ပေါ်ပေါက်ခဲ့မှု အခြေအနေနဲ့ ဒီနေ့ ကြေးသွန်းဘုရားမှာ ထိုင်သပိတ်ပြနေတဲ့ အခြေအနေကတော့ နိုင်ငံရေး အခြေအနေအရချင်းရော၊ တောင်းဆိုမှု အခြေအနေအရချင်းရော ဆောင်ရွက်နေတဲ့ လူပုဂ္ဂိုလ်တွေရဲ့ တဦးချင်းစီမှာရှိတဲ့ ခံယူချက်၊ စိတ်ဓာတ်၊ ယုံကြည်မှုတွေပါ အကုန်လုံး ကွာခြားနေတာကို တွေ့ရတယ်။ ရွှေဝါရောင်တုန်းကတော့ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ရှေးရှုပြီးတော့မှ ရွှေဝါရောင်သံဃာတော်တွေက ပြည်သူလူထု ဒုက္ခဆင်းရဲက လွတ်မြောက်ဖို့အတွက် စေတနာ၊ မေတ္တာ ထားပြီးတော့မှ စစ်အစိုးရ၊ စစ်အာဏာရှင်ကို ပြည်သူလူထု အကျိုးစီးပွားအတွက် တောင်းဆိုချက်တွေ တောင်းဆိုခဲ့တယ်။ ဒီနေ့ ဒေါ်အောင်ဆန်းစုကြည် အစိုးရ လက်ထက်မှာ ဒေါ်အောင်ဆန်းစုကြည်အစိုးရကို အာဏာရှင်လို့ သုံးနှုန်းပြီးမှ အစိုးရ စီမံခန့်ခွဲမှုတွေ ညံ့ဖျင်းတယ်၊ ဘာတခုမှ ဦးဆောင်မှု စွမ်းဆောင်ရည် မပေးနိုင်တဲ့အပေါ်မှာ အစိုးရကို ဆင်းပေးဆိုပြီး တောင်းဆိုကြတာ။ ပြည်သူလူထု တရပ်လုံးက ၉၀ ရာခိုင်နှုန်းကျော် ထောက်ခံပြီးမှ ပြည်သူလူထု ရွေးချယ်မှုနဲ့ တက်လာတဲ့ အစိုးရဟာ ယနေ့အချိန်မှာ ပြည်သူလူထုကို ဒုက္ခပေးတာ ဘာတခုမှ မရှိသေးဘူး။ အရင်အစိုးရ စစ်အာဏာရှင်အစိုးရ လက်ထက်တွေတုန်းက ကျန်ရှိနေတဲ့ ဒုက္ခတွေကို ယနေ့အချိန်အထိ ပြည်သူတွေ ခံစားနေရတုန်း ဖြစ်တယ်။ အဲဒီတော့ ဒီနေ့ အန်အယ်လ်ဒီ အစိုးရကို ဆင်းပေးလို့ တောင်းဆိုမှုဟာ ဒါကတော့ တော်တော်လွဲမှားနေတဲ့ အချက်တချက် ဖြစ်တယ်။ အဓိက ဘာကိုပြောချင်တာလဲဆိုတော့ အန်အယ်လ်ဒီ အစိုးရဟာ ပြည်သူလူထုအကျိုးစီးပွားကို တတ်နိုင်သမျှ ဖော်ဆောင်နိုင်မယ်လို့ ပြည်သူလူထုက ယုံကြည်တဲ့အတွက် ရွေးချယ်ထားသော အစိုးရ ဖြစ်တယ်။ အဲဒီတော့ ပြည်သူလူထု ရွေးချယ်ထားတဲ့ အစိုးရကို ဆင်းပေးပါလို့ တောင်းဆိုခြင်းဟာ တန်ပြန်သက်ရောက်မှုကတော့ ဒီကနေ့ သူတို့တောင်းဆိုနေတဲ့ အချက်အလက်တွေ၊ စာသားတွေကို ပြန်ကြည့်မယ်ဆိုရင် စစ်အာဏာရှင်ကို တစုံတရာ အကျိုးပြုရာရောက်နေတယ်လို့ ဦးဇင်းတို့ ယူဆတယ်။ လူတစုအတွက် တောင်းဆိုနေတာ ဖြစ်တဲ့အတွက် ဒီထိုင်သပိတ်ကတော့ တိုင်းပြည်မှာ မရှိသင့်ဘူး။ ဒါမျိုးတွေလည်း မပေါ်ပေါက်သင့်ဘူး။ ဒီနေ့ အစိုးရက ပြည်သူလူထု ကောင်းကျိုးအတွက် ဘယ်လောက်အထိ ဆောင်ရွက်နေတယ် ဆိုတာကို ပြန်ကြည့်ဖို့လိုတယ်။ တနှစ်ကျော်ပဲ ရှိသေးတယ်။ အာဏာရှင် စစ်အစိုးရက နှစ်ပေါင်း ၅၀ ကျော် ဦးဇင်းတို့ တိုင်းပြည်မှာ အုပ်ချုပ်ခဲ့တယ်။ အဲဒီဆိုးကျိုးတွေက ယနေ့အချိန်အထိ မကုန်ခန်းသေးဘူး။ အဓိက ပေါ်လွင်အောင် ပြောမယ်ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်သူလူထုကို ယနေ့အချိန်အထိ ဒုက္ခပေးနေတုန်း၊ ဖိနှိပ်နေတုန်း ဖြစ်နေတဲ့အတွက် တိုင်းပြည်မှာ မငြိမ်မသက်မှုတွေ ဖြစ်နေရခြင်းတွေဟာ ဒီနေ့ စစ်တပ်မှာ တစုံတရာ အာဏာရှိနေတဲ့အပေါ်မှာ တိုင်းပြည် ငြိမ်သက်မှုတွေက နည်းပါးနေတာ ဖြစ်တယ်။ အဲဒီတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်လိုက်မယ်ဆိုရင် ဦးဇင်းတို့တိုင်းပြည်ဟာ အပြောင်းအလဲကာလမှာ ဒီမိုကရေစီ အကူးအပြောင်းမှာ ငြိမ်းချမ်းစွာ အေးဆေးစွာ သာတောင့်သာယာနဲ့ သွားနိုင်လိမ့်မယ်လို့ ဦးဇင်းက ယုံကြည်ပါတယ်။”

ဦးတိုးဇော်လတ် (ဒီဗွီဘီ)

“ဦးဇင်းကတော့ ဒါဟာ အနှစ်သာရလည်း မတူဘူး။ ရည်ရွယ်ချက်လည်း မတူဘူး။ အစိုးရချင်းလည်း မတူခဲ့ဘူး။ တချိန်တုန်းက အာဏာရှင်အစိုးရ၊ အခုတော့ ပြည်သူ ရွေးချယ်ထားတဲ့ အစိုးရ ဖြစ်တဲ့အတွက် အခုတောင်းဆိုမှုတွေဟာ လွဲမှားတယ်လို့ ဘုန်းဘုန်းက သုံးသပ်ပါတယ်။ ကိုသီဟသွေးလည်း ကျနော် မေးပါရစေခင်ဗျ။ သတင်းသမား တယောက်အနေနဲ့ ရွှေဝါရောင်လည်း လုပ်ခဲ့တယ်။ အခုလည်း မြန်မာပြည်မှာ အန်အယ်လ်ဒီအစိုးရ ဦးဆောင်တဲ့ အစိုးရမှာတော့ ဘုန်းကြီးတွေ အပါအဝင် လူတချို့ကနေပြီးတော့ အစိုးရဆင်းပေးဆိုပြီး ဆန္ဒပြမှုပေါ့။ အဲဒီအပေါ်မှာ သတင်းသမား တယောက်အနေနဲ့ အဓိက ဘာတွေ ကွာခြားချက်ရှိလဲ၊ ဘာတွေကိုများ သတိပြုမိလဲ။ ဖြည့်စွက်ဆွေးနွေးပေးပါဦး။”

ကိုသီဟသွေး (NHK သတင်းထောက်)

“ခေတ်သစ် စနစ်သစ်ထဲကို ရောက်တာ၊ အရပ်သားအစိုးရ တက်လာတာ တနှစ်ကျော်ကျော်လောက်ပဲ ရှိသေးတယ်လို့ ပြောရမယ်။ အဲဒီမတိုင်ခင် ကာလတွေပေါ့၊ အထူးသဖြင့် ကျနော်တို့ တပ်မတော်အစိုးရလို့ခေါ်တဲ့ နဝတ အစိုးရ အုပ်ချုပ်ခဲ့တဲ့ ကာလတွေ။ အဲဒီရှေ့ပိုင်းကို ပြန်ကြည့်မယ်ဆိုရင် မဆလအုပ်ချုပ်ခဲ့တဲ့ ကာလတွေ။ အဲဒီကာလတွေမှာ ဒီလိုမျိုး သပိတ်စခန်း ဖွင့်တာတွေ၊ ဆန္ဒပြတာတွေကို မပြောနဲ့။ တဦးတယောက်က ထွက်ပြီးတော့ နံရံမှာ စာကပ်တာ၊ ဒါမှမဟုတ် ကြွေးကြော်သံလေးတခု အော်လိုက်တာတောင်မှ ကျနော်တို့တိုင်းပြည်မှာ တုန်လှုပ်မှုရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘယ်သူမှ ဒီလို ပြန်လှန်ပြီးတော့ ကိုယ် မကျေနပ်တာကို မကျေနပ်ကြောင်း၊ နိုင်ငံရေးအရပဲ ဖြစ်ဖြစ်၊ ဘာသာရေးအရပဲ ဖြစ်ဖြစ်၊ စီးပွားရေးအရပဲ ဖြစ်ဖြစ် မပြောရဲတဲ့ကာလကို နှစ်ပေါင်းများစွာ ကျနော်တို့က ဖြတ်ခဲ့ရတယ်။ အဲဒီလိုကာလမျိုးမှာ ကျနော်တို့ ဒီလိုအစိုးရကို တန်ပြန်ပြီးတော့ တော်လှန်တဲ့သဘော သက်ရောက်တဲ့ လှုပ်ရှားမှုမှန်သမျှ တယောက်ပဲ လုပ်လုပ်၊ စာလေးတစောင်ပဲ အိမ်သာနံရံမှာ ကပ်ကပ်၊ ကျောင်းနံရံမှာ ကပ်ကပ် အရမ်း တုန်လှုပ်ခဲ့ရတဲ့ ကာလပေါ့။ အဲဒီလိုအခြေအနေမျိုးမှာ ၁၉၈၈ အရေးတော်ပုံကြီး ဖြစ်ခဲ့တယ်။ နောက်တခါ ၂၀၀၇ ဖြစ်ခဲ့တယ်။ အဲဒီဟာတွေ ဖြစ်ခဲ့တာက အားလုံးဟာ အင်မတန်မှ ဖိနှိပ်ခံရတဲ့ အခြေအနေမှာ တွန်းလှန်ဖောက်ထွက်ပြီးတော့ တဦးတယောက် တစုတဖွဲ့ကနေပြီးတော့ တနိုင်ငံလုံး ပါလာခဲ့တဲ့ ဖြစ်စဉ်တွေပေါ့။ ဖြစ်စဉ်တွေက အလကားဖြစ်ခဲ့တာ မဟုတ်ဘူး။ အခြေခံအကြောင်းရင်း ရှိတယ်။ လတ်တလော အကြောင်းရင်းတွေ ရှိတယ်။ အဲဒါတွေနဲ့ တိုက်ဆိုင်တဲ့အခါမှာ အင်မတန်မှ တတိုင်းတပြည်လုံး တုန်လောက်တဲ့ လှုပ်ရှားမှုတွေ၊ သပိတ်တွေ၊ သပိတ်စခန်းတွေ ဖြစ်ခဲ့တာပေါ့။ ဒါပေမယ့် အစိုးရသစ်တက်လာတဲ့ ဒီတနှစ်ခွဲအချိန်မှာ ပိုပြီးတော့ အာမခံချက် ဆန္ဒထုတ်ဖော်ခွင့်၊ နိုင်ငံရေးကို ဖြေရှင်းဖို့ နည်းလမ်းတွေ အများကြီး ပေါ်လာတယ်။ အများကြီး သေချာတဲ့ နည်းလမ်းတွေ ပေါ်လာတယ်။ အန္တရာယ်ကင်းတဲ့ နည်းလမ်းတွေ ပေါ်လာတယ်။ ဒီလိုနည်းလမ်းတွေ ပေါ်လာချိန်မှာ ဒီလို နည်းလမ်းတွေကို အသုံးမပြုဘဲနဲ့ အစိုးရကို ဒီလိုမျိုး အကျပ်အတည်းပေးရုံသက်သက်ပေါ့၊ အဖြေတခု လိုချင်တာ မဟုတ်ဘူး။ ဘာသာရေးနဲ့ ပတ်သက်လို့၊ နိုင်ငံရေးနဲ့ ပတ်သက်လို့၊ စီးပွားရေးနဲ့ ပတ်သက်လို့ အဖြေလိုချင်တာ မဟုတ်ဘူး။ အဖြေလိုချင်ရင် အဖြေရှာဖို့ နည်းလမ်းတွေ ရှိတယ်။ ဆန္ဒပြမယ်ဆိုရင်လည်း ဆန္ဒပြဖို့ အခွင့်အလမ်းတွေရှိတယ်။ ဒါတွေကို စနစ်တကျ တဆင့်ချင်းစီ သုံးတာ မဟုတ်ဘဲနဲ့ သပိတ်စခန်းဖွင့်ပြီးတော့ အဖြိုခွဲခံရအောင် လုပ်မယ်၊ အစိုးရ Image ကို ကျအောင်လုပ်မယ်။ အစိုးရက လက်မခံနိုင်တဲ့နည်းကို ရွေးပြီး လုပ်တာကတော့ နိုင်ငံရေးရည်ရွယ်ချက်ပါတယ်။ တိုင်းပြည်မတည်ငြိမ်အောင် လုပ်တယ်လို့ စွပ်စွဲချင်လည်း စွပ်စွဲစရာ ဖြစ်နေတယ်။ အဲဒီလို ကွာတယ်။”

အပြည့်အစုံကို ရုပ်သံဖိုင်တွင် ကြည့်ရှုနိုင်ပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013