DVB Logo
Home
မြန်မာသတင်း
အဖျောက်မြို့၌ ဧရာဝတီမြစ်ကမ်းပါးပြို၊ အိမ်ထောင်စု ၇၀ အရေးပေါ်ပြောင်းရွှေ့
DVB
·
August 7, 2017
Donate to DVB

တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၊ အုန်းပင်ကွင်းကျေးရွာအုပ်စု အေးရွာကျေးရွာမှာ ဇူလိုင် ၂၅ ရက်နေ့က စတင်ကာ ဧရာဝတီမြစ်ရေတိုက်စားပြီး မြစ်ကမ်းပါးဆက်တိုက် ပြိုကျနေတဲ့အတွက် အိမ်ထောင်စု ၁၇ စု လူဦးရေ ၄၀ ကျော် အရေးပေါ်ပြောင်းရွှေ့ခဲ့ရပြီး ဆက်လက်ပြောင်းရွှေ့ရမယ့် အိမ်တွေလည်း ရှိနေတယ်လို့ အေးရွာကျေးရွာအုပ်ချူပ်ရေးမှူးက ပြောပါတယ်။

အေးရွာကျေးရွာ အုပ်ချူပ်ရေးမှူးက “ဇူလိုင်လ တတိယပတ်ကစပြီး မြစ်ရေ တက်တယ်။ ရေက ရွာထဲအထိ ဝင်ပြီး ပြန်ကျသွား တယ်။ အဲဒီမှာ ကမ်းက စပြိုတော့တာပဲ။ တခါပြိုရင် အလျားပေ ၂၀ အနံ ၇ ပေလောက်ကို ပြိုတာ။ ကျနော်တို့ အုပ်ချူပ်ရေးပိုင်းကတော့ မြို့နယ်ကို စာတင်ထားပါတယ်။ ဘာမှတော့ ပြန်မကျသေးပါဘူး။ လက်ရှိပြောင်းရွှေ့ရတဲ့ အိမ်ထောင်စု ၁၇ စုရှိပြီး ဒီရက်ထဲမှာ ပြောင်းရမယ့်အိမ် ၁၀ လုံးခန့် ရှိပါတယ်။ ကမ်းက ဆက်တိုက်ပြိုနေတော့ နေ့ ည စောင့်ကြည့်နေပါတယ်” လို့ ပြောပါတယ်။

အေးရွာကျေးရွာ နေအိမ် ပြောင်းရွှေ့ရသူ ကိုသက်နိုင်ထွန်းက “ကျနော့်အိမ်ဆို နှစ်ခါရှိပြီ။ ရွှေ့ရတာ အရင်တခါ ပြိုတော့ အိမ်ရှေ့ရောက်တယ်။ ဒါနဲ့ နောက်ဆုတ်ပြီး ဆောက်တယ်။ အခု ထပ်ပြိုတော့ ရွှေ့စရာနေရာ မရှိလို့ ရွာထဲက အမျိုးတွေ ခြံထဲမှာ သွားနေရတယ်။ ကမ်းက နေ့ဘက်ပြိုတာ နည်းတယ်။ ညဘက်ကျ တအားပြိုတာ။ ကမ်းက အလုံးလိုက် ပြိုကျတာ။ ရေကြောင်းက ကျနော်တို့ရွာကို တည့်တည့်ထိုးနေတာလေ။ အခုဆို ရွာလယ်လမ်းမကျော်ပြီး ပေ ၂၀ လောက်ကို ပါသွားပြီ။ အခုချိန်ထိတော့ ဘယ်ဌာနဆိုင်ရာကမှ လာပြီး ကူညီတာ မရှိသေးပါဘူး။ ဟိုနေ့ကတော့ လွှတ်တော်ကိုယ်စားလှယ် လာကြည့်သွားတယ်။ ဘာမှတော့ ပြောမသွားဘူး”လို့  ပြောပါတယ်။

“ကျနော်တို့ အဖျောက်လူငယ်ကွန်ရက်အဖွဲ့ကတော့ ကမ်းပြိုလို့ ပြောင်းရတဲ့ အိမ်ထောင်စုတွေကို ငွေ ၁၅၀၀၀ ကျပ်လှူထားပြီး ပြောင်းရတဲ့ မိသားစုတွေကို ကူညီပြီး ပြောင်းရွှေ့တာတွေ လုပ်ပေးနေပါတယ်။ အရင်က ပန်းတုန်းပိတ်ကျေးရွာနဲ့ အေးရွာကျေးရွာ ကမ်းပြိုတာ အတူတူပါ။ မနှစ်ကတော့ ပန်းတုန်းပိတ်ကျေးရွာကို မြစ်ကြောင်းထိန်းသိမ်းရေးက လာပြီး မြစ်ကမ်းထိန်းသိမ်းရေး လုပ်တော့ ရေကြာင်းက အေးရွာဘက်ကို ပြောင်းသွားပြီး ကမ်းက ဆက်တိုက်ပြိုကျနေတာ။ ရွာတဝက်ကျော် ပါသွားပြီ။ နိုင်ငံတော်အနေနဲ့ အေးရွာကျေးရွာကို မြစ်ကမ်းထိန်းသိမ်းရေးလုပ်ငန်း အမြန်လုပ်ပေးသင့်ပါတယ်။ အေးရွာကျေးရွာအနောက်မှာ ရေကာတာတခု ရှိပါတယ်။ ကမ်းဆက်ပြိုပြီး ရေကာတာသာ ကျိုးသွားရင် ဧရာဝတီတိုင်းဘက် အထိပါ ရေဝင်ပြီး စိုက်ပျိုးဧက တော်တော်များများ ထိခိုက်နိုင်ပါတယ်။ ကျနော်တို့ ကွန်ရက်အဖွဲ့အနေနဲ့က လူမူဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးတို့ လွှတ်တော်ကိုယ်စားလှယ်တို့ သက်ဆိုင်ရာ ဌာနဆိုင်ရာတွေကို စာတင်ပြီး တောင်းဆိုထားတယ်” လို့ အဖျောက်လူငယ်ကွန်ရက်အဖွဲ့မှ ဒေါက်တာကျော်ဆွေက ပြောပါတယ်။

အဖျောက်မြို့ ပန်းတုန်းပိတ်ကျေးရွာနဲ့ အေးရွာကျေးရွာတို့မှာ ၂၀၁၅ ခုနှစ်ကစပြီး မြစ်ကမ်းပါးတွေ ဆက်တိုက်ပြိုကျခဲ့ရာ ပန်းတုန်းပိတ်ကျေးရွာမှာ အိမ်ထောင်စု ၇၀ ကျော်နဲ့ အေးရွာကျေးရွာမှာ အိမ်ထောင်စု ၅၀ ကျော်နဲ့ ဘုန်းကြီးကျောင်းတကျောင်း အခု ၂၀၁၇ ခုနှစ်မှာ အိမ်ထောင်စု ၁၇ စု ပြောင်းရွှေ့ထားရပါတယ်။

နောက်ထပ် ပြောင်းရွှေ့ရမယ့် အိမ်ထောင်စုတွေ ရှိနေပြီး ကျေးရွာသူ ကျေးရွာသားတွေအနေနဲ့ မြစ်ကမ်းပါးတွေ ဆက်တိုက်ပြိုကျနေသောကြောင့် စိုးရိမ်ပူပန်မှုတွေ ကြုံတွေ့နေရပါတယ်။

သတင်း - မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013