DVB Logo
Home
မြန်မာသတင်း
မွန်တော်လှန်ရေးနေ့အခမ်းအနားတွင် စစ်ရေးမပြရန်တားမြစ်
DVB
·
August 7, 2017
မွန်တော်လှန်ရေးနေ့အခမ်းအနားတွင် စစ်ရေးမပြရန်တားမြစ်
1 / 3
Donate to DVB

 

မွန်တော်လှန်ရေးနေ့ နှစ် ၇၀ပြည့် အခမ်းနားတွေမှာ စစ်ရေးပြတာမပြုလုပ်ဖို့  တားမြစ်မှုတွေရှိတဲ့ကြားကပဲ မွန်ပြည်သစ်ပါတီဌာနချုပ် ရေးချောင်းဖျားအပြင် ခရိုင် ၅ ခုလောက်မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။

ဒီအခမ်းအနားကျင်းပရာမှာ စစ်ရေးပြအခမ်းအနားတွေမထည့်ဖို့ အစိုးရတပ်မတော်က ပိတ်ပင်တားဆီးခဲ့တာလို့ မွန်ပြည်သစ်ပါတီ ရေးဆက်ဆံရေးရုံးအုပ် နိုင်ပန်းကပြောပါတယ်။

“ဗဟိုက လွဲရင် စစ်ရေးပြခွင့်မရှိဘူးလို့ တပ်မတော်ဘက်က တားမြစ်ထားတာရှိတယ်။ ဗဟိုမှာပဲ လုပ်ခွင့်ရှိတယ်။ ဘယ်နေရာမှာမှ လုပ်ခွင့်မရှိဘူး ပြောတယ်။ မွန်အမျိုးသားနေ့တုန်း(စစ်ရေးပြခွင့်) တားမြစ်တာက တရားဝင်စာနဲ့ ထုတ်ပြီးတော့ တားတာပါ။ အခုကျတော့ နှုတ်နဲ့ပဲတားတယ်။ အခု နှစ်(၇၀) မြောက် မွန်တော်လှန်ရေးနေ့မှာလည်း နှုတ်နဲ့တားတယ်ဆိုတော့ NCA လက်မှတ်မထိုးသရွေ့တော့ တမျိုးမျိုးတော့ ဖိအားပေးနေမှာပါပဲ” လို့ ပြောပါတယ်။

ထားဝယ်ခရိုင်ကိုတော့ တားမြစ်ထားခြင်းမရှိဘဲ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ လုပ်ရိုးလုပ်စဉ်အတိုင်းသာ ကျင်းပသွားနိုင်ဖို့ မျှော်မှန်းထားကြောင်း မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင် ဆက်ဆံရေးရုံးက သိရပါတယ်။

မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်ဆက်ဆံရေးရုံးအတွင်းရေးမှူး နိုင်ထောရော့က “ကျနော်တို့ ထားဝယ်ခရိုင်၊ တနင်္သာရီတိုင်းဒေသကြီးကိုတော့ ပိတ်ပင်တာမရှိဘူး။ တိုင်းဒေသကြီးက လွဲရင် မွန်ပြည်သစ်တခွင်လုံးကို ပိတ်ပင်ထားတယ်လို့ကြားတယ်။ ကျနော်တို့က လုပ်ရိုးလုပ်စဉ် အတိုင်း လုပ်ခဲ့တဲ့အစဉ်အလာတွေက များနေပါပြီ။ ကျနော်တို့ လုပ်နည်းလုပ်ဟန်အတိုင်းပဲ ဆက်လုပ် သွားမှာပါ။ စစ်ရေးပြဆိုတာ ကြီးကြီးကျယ်ကျယ် ဘင်ခရာတွေ ဘာတွေနဲ့ လုပ်တာလည်း မဟုတ်ပါဘူး။ အနည်းအကျဉ်းလောက်ပဲ လုပ်တာကို သူတို့ပိတ်ပင်တာ မွန်အမျိုးသားနေ့ရော၊ မွန်တော်လှန်ရေးနေ့ရော သဘာဝမကျဘူး။ ငြိမ်းချမ်းရေး လုပ်နေတဲ့အချိန်မှာ ဒီလို အဖုအထစ်လေးတွေ မဖြစ်စေချင်ဘူး”လို့  ပြောပါတယ်။

နှစ် ၇၀ ပြည့် မွန်တော်လှန်ရေးနေ့ အခမ်းအနားကို သထုံခရိုင်၊ မော်လမြိုင်ခရိုင်၊ ထားဝယ်ခရိုင်၊ ဗဟိုဌာနချုပ်နဲပ ဗဟိုဝန်းကျင်ဒေသ ဘုရားသုံးဆူမြို့နယ် ဗလဲဒွန်ဖိုက်ကျေးမှာမှာ ဒီကနေ့ ကျင်းပခဲ့ကြပါတယ်။

စစ်ရေးပြခွင့်ကို ပိတ်ပင်ခံထားရပေမယ့်  နှစ်စဉ်ကျင်းပမြဲအတိုင်း ဆက်လက်ကျင်းပခဲ့တယ်လို့ မွန်ပြည်သစ်ပါတီဝင် နိုင်အောင်မငေးက ပြောပါတယ်။

“ကျနော်တို့ သေနတ်ပစ်ဖောက်ပြီးတော့ စစ်ရေးပြလုပ်မယ်။ စစ်ရေးပြလည်းလုပ်ရင် လာရောက်ပြီးဟန့်တားမယ်လို့ ကန့်ကွက်တယ်ပေါ့နော်။ ဒါပေမယ့် ကျနော်တို့က လုပ်ဖို့ ဆုံးဖြတ်ချက်ချထားပြီးပြီ။   ကျနော်တို့တပ်ခွင်ထဲမှာ ကျနော်တို့ အမှတ် ၅ တပ်ရင်း မိမိတို့ တပ်ရင်းနေရာမှာ မိမိတို့လုပ်တယ်။ မြို့နဲ့တော်တော်လေးဝေးတယ်ဆိုတော့ ကျနော်တို့ ဆုံးဖြတ်ချက်အတိုင်း ဆက်လုပ်တယ်။ လုပ်ခွင့်ရလို့မဟုတ်ဘဲ ကျနော်တို့ ဆုံးဖြတ်ချက်အတိုင်း ကျနော်တို့လုပ်တာဖြစ်ပါတယ်။ ”

နှစ် ၇၀ မြောက် မွန်တော်လှန်ရေးအနေ့အခမ်းအနားကို ဒီနေ့မနက် မွန်ပြည်နယ်၊ ပေါင်မြို့နယ် မိုးနိုင်းရပ်ကွက်(စွယ်တော်သုဿန်)အာဇာနည်ကုန်းမှာလည်း ကျင်းပခဲ့ပါတယ်။

အဲဒီအခမ်းအနားမှာ သဘာပတိ နိုင်ချမ်းမြေ့က "ဒီအခမ်းအနားက မွန်တွေ လက်ဆင့်ကမ်း သယ်လာခဲ့တဲ့ နှစ် ၇၀ လောက်ရှိပြီဖြစ်တဲ့ မွန်တော်လှန်ရေးနေ့ကို အမှတ်တရရှိဖို့၊ မွန်တွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်၊ စာပေနဲ့ယဉ်ကျေးမှုအပါဝင်၊ တန်းတူညီမျှရေးအတွက် တိုက်ပွဲဝင်ခဲ့တာတွေ ကို သတိရဖို့လုပ်တာ။ ဒီနေရာမှာ မွန်တော်လှန်ရေးနေ့အခမ်းအနား လုပ်ရတာကလည်း တော်လှန်ရေးကာလမှာ ပါဝင်ခဲ့တဲ့ ခေါင်းဆောင် ၂ ဦးရဲ့ အုတ်ဂူရှိနေတဲ့ အတွက် လုပ်တာ။ သူတို့တွေက မွန်တွေရဲ့အခွင့်အရေးတွေ အပြည့်အဝရဖို့ တိုက်ပွဲဝင်ခဲ့ကြတယ်။ သူတို့ကို လေစားဂုဏ်ပြုတဲ့အနေနဲ့လုပ်တာလည်း ပါတယ်''လို့ ပြောပါတယ်။

မွန်တော်လှန်ရေးနေ့အခမ်းအနားမှာ မွန်အမျိုးသားအလံတော်ကို ဦးညွှတ်အလေးပြုတာ၊ ကျဆုံးကွယ်လွန်သွားတဲ့ မွန်အာဇာနည်ခေါင်းဆောင်တွေ အလေးပြုတာ၊ မွန်တော်လှန်ရေးနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းတွေကို ဖတ်ကြားတာ၊ လွမ်းသူပန်းခွေချတာတွေကို ပြုလုပ်ခဲ့ကြ တာပါ။

မွန်ပြည်သစ်ပါတီဗဟိုရဲ့ ၇၀ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ ထုတ်ပြန်ချက်မှာတော့ မွန်ပြည်သစ်ပါတီအနေနဲ့ အစိုးရနဲ့ ဒုတိယအကြိမ်မြောက် အပစ်ခတ်ရပ်စဲရေး သဘောတူချက်ရ ယူထားပြီးဖြစ်ပေမယ့် အခုနှစ် ဖေဖော်ဝါရီလက စစ်တပ်က မွန်ပြည်သစ်ပါတီရဲ့ ဇီးနှစ်ပင်စခန်းနဲ့ ဘုရားတောင်အခြေစိုက် စခန်းကို သိမ်းပိုက်ခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ရေးမြို့ဆက်ဆံရေးရုံးကို ၀င်ရောက်ရှာဖွေပြီး ဆက်သွယ်ရေးစက်တွေကို ဖြုတ်သိမ်းယူဆောင်သွားခဲ့ပြီး ဒီကိစ္စကို နိုင်ငံတော်သမ္မတထံ တင်ပြတောင်းဆိုခဲ့ပေမယ့် တစုံတရား တုံ့ပြန်အကြောင်းကြားခြင်းမရှိတဲ့အတွက် လက်ရှိအစိုးရအပေါ် ယုံကြည်မှု လျှော့ပါလာကြောင်းလည်း ထုတ်ပြန်ထားပါတယ်။

အန်အယ်လ်ဒီအစိုးရအနေနဲ့ အာဏမရမီ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စ အလေးပေးကြွေးကြော်ခဲ့ပေမယ့် အစိုးရဖြစ်လာပြီးတဲ့ တနှစ်ကျော်တိုင်အောင် ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်ရေးကိစ္စ ရေငုံနှုတ်ပိတ်နေတယ်လို့လည်း ဝေဖန်ထားပါတယ်။

မွန်လွပ်လပ်ရေးအဖွဲ့ချုပ်မှ ဗိုလ်သိန်းဦးဆောင်တဲ့  လူငယ်တော်လှန်ရေး ရဲဘော် ၃၀ ဦးတို့ က ဇာသပြင်ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့  ၁၉၄၈ ခုနှစ် ဇူလိုင် ၂၀ရက်ကို အစွဲပြု၍ မွန်တော်လှန်ရေးနေ့အဖြစ် သတ်မှတ်ကာ အခမ်းအနားတွေ နှစ်စဉ်ကျင်းပလာခဲ့ကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ(၁၂) ရက်က ကျင်းပခဲ့တဲ့  (၇၀) ကြိမ်မြောက် မွန်အမျိုးသားနေ့မှာ လည်း မွန်ပြည်သစ်ပါတီကို အခမ်းအနားမှာ စစ်ရေးမပြဖို့ မြန်မာ့တပ်မတော်က တရားဝင် စာထုတ်ကာ တားမြစ်ခဲ့ပါတယ်။

 

သတင်း - ယူမင်းစိုး၊ အာကာမင်း

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013