DVB Logo
Home
Lead Story
ယင်လပ်ရဲ့ကံကြမ္မာ ဘယ်လိုဖန်လာလေဦးမလဲ
DVB
·
August 7, 2017
ယင်လပ်ရဲ့ကံကြမ္မာ ဘယ်လိုဖန်လာလေဦးမလဲ
Donate to DVB

 

ထိုင်းနိုင်ငံ ပြည်သူတွေက ရွေးချယ်တင်မြှောက်ခံခဲ့ရတဲ့ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ်ဖြစ်တဲ့ မိစ်ယင်လပ်ရှင်နာဝါထရာ တယောက်ကတော့ စစ်အာဏာသိမ်း အစိုးရက သူ့အပေါ် တရားစွဲဆိုထားတဲ့ ဆန်စပါးကြိုတင်ဈေးမြှင့် ဝယ်ယူ ထောက်ပံ့မှု စီမံချက်ကို မရိုးမသား ကိုင်တွယ်ဆောင်ရွက်ခဲ့တယ်ဆိုတဲ့ အမှုအတွက် နောက်ဆုံးတင်ပြချက်ကို ပြီးခဲ့တဲ့ သြဂုတ် ၂ ရက်နေ့ အင်္ဂါနေ့က တရားရုံးကို တင်သွင်းခဲ့ပါတယ်။ ဒီအမှုအတွက် ဝန်ကြီးချုပ်ဟောင်း ယင်လပ်အပေါ် အဆုံးအဖြတ်ပေး စီရင်ချက်ကို တရားရုံးက လာမယ့် သြဂုတ်လ ၂၅ ရက်နေ့မှာ ချမှတ်တော့မှာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ်ဟောင်း ယင်လပ်ကတော့ သူ့ရဲ့ကံကြမ္မာကို ရင်ဆိုင်ဖို့ အဆင်သင့် ရှိနေတယ်လို့ ဆိုပါတယ်။

သူက သူ့ရဲ့ နောက်ဆုံးတင်ပြချက်မှာ သူဟာ ‘နိုင်ငံရေး ကစားပွဲတခုရဲ့ သားကောင် ဖြစ်ခဲ့ရတယ်လို့ ပြောဆိုပြီး သူ့ရဲ့ လုပ်ဆောင်ချက်တွေကို ခုခံကာကွယ်သွားခဲ့ပါတယ်။ အဲဒီ စီမံချက်အရ အစိုးရက ဈေးကွက်ပေါက်ဈေးထက် ဈေးပိုပေးပြီး ဆင်းရဲတဲ့ လယ်သမားတွေဆီက ဝယ်ယူပြီး နောက်ပိုင်းမှာမှ ပိုပြီးမြင့်မားတဲ့ ဈေးနဲ့ ပြန်လည်ရောင်းချဖို့ ဖြစ်ပါတယ်။ ဒါပေမယ့် အားနည်းချို့ယွင်းတဲ့ အကြောင်းတရားတွေကြောင့် မအောင်မမြင်ဖြစ်ခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ ကျော်လောက် ဆုံးရှုံးခဲ့ရသလို ဆန်တန်ချိန်ပေါင်း ၁၈ သန်းလောက် မရောင်းရဘဲ အစုလိုက်အပြုံလိုက် ကျန်နေခဲ့တာ ဖြစ်ပါတယ်။

တကယ်တော့ ဝန်ကြီးချုပ်ဟောင်း ယင်လပ်ဟာ ၂ဝ၁၄ ခုနှစ် စစ်အာဏာသိမ်းပြီး မကြာခင်မှာပဲ နောက်ကြောင်းပြန် သက်ရောက်မှုဖြစ်တဲ့ စွပ်စွဲတရားစွဲဆိုမှုနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပြီး သူ့ကို ၅ နှစ်တာ နိုင်ငံရေးမလုပ်ဖို့ ပိတ်ပင်တားဆီးခံခဲ့ရပါတယ်။ ဒါတင်မကသေးဘဲ အာဏာသိမ်းစစ်အစိုးရက ဆန်စီမံချက်ကိစ္စအတွက် ယင်လပ်အပေါ် အပြစ်ပုံချပြီး ဒဏ်ငွေ အမေရိကန် သန်း ၁၀၀၀ ပေးလျော်ဖို့ ချမှတ်ခဲ့ပါတယ်။ သူ့ကို အာဏာသိမ်းစစ်အစိုးရက ဆန်စပါးဝယ်ယူရေး စီမံချက်မှာ အမေရိကန်ဒေါ်လာ သန်းအတော်များများကို သူ့ရဲ့ ဝန်ကြီးချုပ်သက်တမ်းအတွင်း အကိုင်အတွယ် မှားယွင်းခဲ့တယ်လို့ စွပ်စွဲခဲ့တာ ဖြစ်ပါတယ်။

တကယ်လို့သာ အဲဒီ ဆန်စပါးဝယ်ယူရေး စီမံချက်နဲ့ပတ်သက်ပြီး အကိုင်အတွယ် မှားယွင်းမှု၊ တာဝန်အရ လုပ်ဆောင်ရမယ့် တာဝန်တွေကို လျစ်လျူရှုခဲ့မှုနဲ့ တရားစွဲဆိုခံရမှုမှာ အပြစ်ရှိတယ်လို့ တရားရုံးက သတ်မှတ် ပြစ်ဒဏ်ချမှတ်ခံရမယ် ဆိုရင်တော့ ဝန်ကြီးချုပ်ဟောင်းဟာ ထောင်ဒဏ် ၁၀ နှစ် ပြစ်ဒဏ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံရေးကို နှံ့စပ်နားလည်သူတွေကတော့ ဒါဟာ ယင်လပ်ရဲ့ အစ်ကိုဖြစ်တဲ့ စစ်တပ်က အာဏာသိမ်းဖယ်ရှားပြီး တရားစွဲဆိုခံရအပြီး နိုင်ငံခြားတိုင်းပြည်တခုမှာ သွားရောက်နေထိုင်ခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း ထပ်ဆင်ရှင်နာဝပ်ထရာ လက်ထက်ကတည်းက စတင်ခဲ့တဲ့ ဆယ်စုနှစ်နဲ့ချီတဲ့ နိုင်ငံရေးပဋိပက္ခနဲ့ နိုင်ငံရေး ဝရုန်းသုန်းကားဖြစ်မှုတွေ အထွတ်အထိပ် ရောက်လာခဲ့တဲ့အချိန်မှာ ဖြစ်လာခဲ့တာဖြစ်ပြီး ဝန်ကြီးချုပ်ဟောင်း ယင်လပ်ရဲ့ သက်တမ်းကို အဆုံးသတ်သွားစေခဲ့တာ ဖြစ်တယ်လို့ ယူဆကြပါတယ်။

နောက်တချက် ဝန်ကြီးချုပ်ဟောင်း ယင်လပ်ကို အလဲထိုးဖို့ ထိုင်းအာဏာသိမ်း အစိုးရက ထပ်လုပ်ခဲ့တဲ့ လုပ်ရပ်တခုကတော့ သူ့အပေါ် ချမှတ်ထားတဲ့ ဒဏ်ငွေ အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ ကို ရယူနိုင်ဖို့အတွက် အာဏာသိမ်း စစ်အစိုးရက သူ့ရဲ့ ဘဏ်ငွေစာရင်း ၇ ခုကို ပိတ်ပင်လိုက်တာပါပဲ။ ဒါပေမယ့် ဒီလိုလုပ်ရပ်မျိုးဟာ အရင်က မရှိခဲ့ဘူးတဲ့ လုပ်ရပ်အဖြစ် အများပြည်သူက ရှုမြင်ခဲ့ကြပါတယ်။ ရွေးချယ်တင်မြှောက်ခံရတဲ့ နိုင်ငံခေါင်းဆောင်တယောက်ကို အစိုးရ မူဝါဒတရပ်အတွက် ဘဏ္ဍာရေးအရ အရေးယူ ပိတ်ပင်တားဆီးခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ ဝန်ကြီးချုပ်ဟောင်း ယင်လပ်အဖို့ သူ့ကို ရာထူးက ဖယ်ရှားခံခဲ့ရတဲ့ အချိန်ကစပြီး ခုခံတိုက်ခိုက်ခဲ့ရတဲ့ တရားဥပဒေအရ နောက်ဆုံး ပြဿနာတရပ် ဖြစ်လာခဲ့တယ်လို့ ပြောရမှာပဲ ဖြစ်ပါတယ်။

အဲဒီလို ပိတ်ပင်ခံခဲ့ရတာနဲ့ပတ်သက်ပြီး ရှေ့နေ နော့ပဒွန်လောင်သွန်က “ဘန်ကောက်ဘဏ်က ဝန်ကြီးချုပ်ဟောင်းရဲ့ ဘဏ်ငွေစာရင်း ၇ ခုကို ပိတ်ပင်လိုက်ပြီဖြစ်ပြီး ဘယ်လို ငွေလွှဲပြောင်းမှုကိုမှ လုပ်လို့ မရနိုင်တော့ဘူးလို့ ကျနော်တို့ကို အတည်ပြု ပြောကြားခဲ့ပါတယ်” လို့ အေအက်ဖ်ပီ သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

ဝန်ကြီးချုပ်ဟောင်း ယင်လပ်ကို သူ တရားရုံးကို  နောက်ဆုံးတင်ပြချက်ကို တင်သွင်းဖို့ လာရောက်တဲ့အချိန်မှာ သူ့ကိုထောက်ခံသူ ရာနဲ့ချီ ကြိုဆိုနှုတ်ဆက်ခဲ့ကြပြီး စစ်အာဏာသိမ်းအစိုးရကို သူတို့ စပြီးအာဏာသိမ်းကတည်းက နိုင်ငံရေးအရ ဖယ်ရှား ရှင်းလင်းဖို့ ကြိုးစားခဲ့တာဖြစ်တယ်လို့ သူတို့တွေရဲ့ တွစ်တာ စာမျက်နှာတွေကနေ ဝန်ကြီးချုပ်ဟောင်း ယင်လပ်ရဲ့ အပြစ်ကင်းစင်မှုကို ထောက်ခံပြောဆိုခဲ့ကြပါတယ်။

ဝန်ကြီးချုပ်ဟောင်း ယင်လပ်ကလည်း သူ့ရဲ့တွစ်တာ စာမျက်နှာမှာ “ကျမက ကျမမှာ အပြစ်မရှိဘူးဆိုတာကို သက်သေပြဖို့ အဆင်သင့်ပါပဲ။ ကျမရဲ့ သြဂုတ်လ ၁ ရက်နေ့ နောက်ဆုံးတင်ပြချက်မှာလည်း ဘာတခုမှ အမှားအယွင်း မရှိခဲ့ပါဘူး” လို့ ရေးသားခဲ့ပါတယ်။

လေ့လာသုံးသပ်သူတွေကတော့ စစ်အာဏာသိမ်းအုပ်စုနဲ့ သူတို့ကို ထောက်ခံတဲ့ မဟာမိတ်တွေက ဝန်ကြီးချုပ်ဟောင်း ယင်လပ်နဲ့ သူ့ရဲ့ ဘီလျံနာ အစ်ကိုကြီး ထပ်ဆင်ရှင်ဝါနာထရာတို့ ဦးဆောင်လည်ပတ်နေတဲ့ နိုင်ငံရေးယန္တရားကို ချေမှုန်း ဖျက်ဆီးပစ်ဖို့ လိုလားနေကြတယ်လို့ သုံးသပ်ကြပါတယ်။ ဒါပေမယ့် ထပ်ဆင်နဲ့ ညီအစ်ကို မောင်နှမတွေဟာ အရှေ့မြောက်ဒေသက ဆင်းရဲသား ပြည်သူလူထုနဲ့ မြို့နေ ဆင်းရဲသားတွေရဲ့ ချစ်ခင်လေးစားမှုကို နှစ်ပေါင်း အတော်ကြာကတည်းက ရယူနိုင်ခဲ့ကြတဲ့အတွက် ရွေးကောက်ပွဲတွေမှာ အနိုင်ရရှိခဲ့တာကတော့ ငြင်းမရတဲ့အချက်ပဲ ဖြစ်ပါတယ်။

ဝန်ကြီးချုပ်ဟောင်း ယင်လပ်ကို ဆန့်ကျင်နေတာကတော့ ထိုင်းအစိုးရတွေကို အာဏာသိမ်းမှုတွေ၊ တရားရုံး စီရင်ဆုံးဖြတ်မှုတွေနဲ့ အလဲထိုးခဲ့ကြတဲ့ ဘန်ကောက်က အစဉ်အလာ ချမ်းသာကြွယ်ဝခဲ့ကြတဲ့ အခွင့်ထူးခံတွေပဲ ဖြစ်ပါတယ်။ ဒါကလည်း သမိုင်းကြောင်းအရ ရှင်ဝါနာထရာ မိသားစုက ဥစ္စာအရရော အာဏာအရပါ နိုင်ငံအပေါ်မှာ အသာစီးယူ လွှမ်းမိုးခြယ်လှယ်ခဲ့လို့ သူ့ကို မယှဉ်နိုင်ခဲ့တဲ့ အားပြိုင်သူတွေက ပြန်ပြီး လက်တုံ့ပြန်ဖို့ တေးမှတ်ထားခဲ့ပုံရတယ်လို့ ကောက်ချက်ချရင် မမှားလောက်ဘူး ထင်ပါတယ်။ မိသားစုချင်း အစဉ်အဆက်ရှိခဲ့တဲ့ ယှဉ်ပြိုင်လိုစိတ်နဲ့ အမုန်းတရားတွေလည်း ထိုင်းနိုင်ငံရေး ဖြစ်စဉ်ထဲမှာ ပါဝင်နေကောင်း ပါဝင်နေနိုင်တယ်လို့လည်း စဉ်းစားစရာ ရှိပါတယ်။

ခု ဝန်ကြီးချုပ်ဟောင်း ယင်လပ်ရဲ့ အကောင်းဆုံးစွမ်းဆောင်မှုလို့ ပြောရမယ့် ဆန်စပါး ဝယ်ယူထောက်ပံ့ရေး စီမံချက်မှာ အစိုးရက ဈေးကွက်ပေါက်ဈေးထက် ၂ ဆနီးပါး ဈေးမြှင့်ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။ အဲဒါဟာ ဝန်ကြီးချုပ်ဟောင်း ယင်လပ်ကို အခြေခံ ပြည်သူလူထုတွေအကြား နှစ်သက်လက်ခံမှု ပိုပြီး အခိုင်အမာ ရစေခဲ့တယ်လို့လည်း သုံးသပ်ကြတာ တွေ့ရပါတယ်။

ဝေဖန်သူတွေကတော့ အဲဒီ စပါးဝယ်ယူရေး စီမံချက်ဟာ ရှင်ဝါနာထရာအုပ်စုက လာဘ်ပေးလာဘ်ယူမှုတွေ ပြည့်နှက်နေတဲ့ အများကြိုက်ဝါဒီတွေရဲ့ နောက်ဆုံးစီမံချက် ဖြစ်တယ်လို့ ပြင်းပြင်းထန်ထန် ပြောဆို ရေးသားခဲ့ကြပါတယ်။ ဝေဖန်သူတွေ ပြောမယ်ဆိုလည်း ပြောစရာရှိတာက ရှင်ဝါနာထရာ မိသားစုရဲ့ လွှမ်းမိုးသြဇာသက်ရောက်မှုတွေကြောင့် ၂ဝဝ၁ ခုနှစ်ကစလို့ ရွေးကောက်ပွဲတိုင်းမှာ အနိုင်ရရှိခဲ့တာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။

ဒါပေမယ့် ဝန်ကြီးချုပ်ဟောင်း ယင်လပ်ကတော့ သူ့မှာ အပြစ်မရှိကြောင်း ငြင်းဆိုထားခဲ့ပြီး သူ့ကို ထောက်ခံတဲ့ ပြည်သူတွေကလည်း လက်ရှိ အာဏာသိမ်းအစိုးရနဲ့ အပေါင်းအပါတွေကို နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့ နှိပ်ကွပ်မှုတွေနဲ့ တရားရုံးတွေရဲ့ ဘက်လိုက် ဆုံးဖြတ်စီရင်မှုတွေကို ကျူးလွန်ခဲ့တယ်လို့ တုံ့ပြန်စွပ်စွဲ ငြင်းဆန်ခဲ့ပါတယ်။ ဝန်ကြီးချုပ်ဟောင်း ယင်လပ်အပေါ် ချမှတ်ထားတဲ့ ဒဏ်ငွေ အမေရိကန်ဒေါ်လာ သန်း ၁ဝဝဝ နဲ့ပတ်သက်လို့ သူ့ရဲ့ ဥပဒေရေးရာအဖွဲ့က ယင်လပ် တင်ပြကြေညာထားတဲ့ သူ့ရဲ့ ဥစ္စာပစ္စည်းပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ၁၈ သန်းဟာ သူ့အပေါ် ချမှတ်ထားတဲ့ ဒဏ်ငွေနဲ့စာရင် သိပ်နည်းပါးလွန်းတဲ့အတွက် အမိန့်ကို ပြင်ဆင်ချမှတ်ပေးဖို့ မေတ္တာရပ်ခံ တင်ပြ တောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် ဘဏ္ဍာရေးဝန်ကြီးဌာနကတော့ အဲဒီ ငွေစာရင်း ပိတ်ပင်လိုက်တာဟာ အဦးအစသာဖြစ်ပြီး ဝန်ကြီးချုပ်ဟောင်း ယင်လပ်ရဲ့ ဘဏ်ငွေစာရင်း အနည်းဆုံး ၁၂ ခုထိ ပိတ်သိမ်းဖို့ အစီအစဉ်ရှိတဲ့အကြောင်း ထုတ်ဖော် ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ဝန်ကြီးချုပ်ဟောင်း ယင်လပ်ကို သြဂုတ်လ ၂၅ ရက်နေ့မှာ တရားရုံးက ဘယ်လို အဆုံးအဖြတ်ပေးလာမလဲ၊ နိုင်ငံရေးအရရော ငွေကြေးအရပါ အကျပ်ရိုက်နေတဲ့ သူ့အဖို့ ဒီအကျပ်အတည်းကနေ လွတ်မြောက်နိုင်ပါ့မလား။ သူကတော့ သူ့အပေါ်ဖန်လာတဲ့ ကံကြမ္မာကို ရင်ဆိုင်ဖို့ အဆင်သင့်ပဲလို့ သူ့ကို ထောက်ခံသူတွေကို ပြောကြားခဲ့ပါတယ်။ ထိုင်းနိုင်ငံက ပြည်သူအများစုကတော့ စစ်အာဏာသိမ်းအစိုးရထက် သူတို့ တရားဝင် ရွေးချယ်တင်မြှောက်ထားတဲ့ ဝန်ကြီးချုပ်အပေါ် ချစ်ခင်လေးစား ထောက်ခံကြတဲ့အတွက် ထိုင်းပြည်သူလူထုရဲ့ တုံ့ပြန်မှုကိုလည်း ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။

စိုးနေလင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013